အကြီးဆုံးစီးပွားရေးကုမ္ပဏီစုကြီးတွေရဲ့ Marketing ကို တာဝန်ယူကြရသူတွေဟာ Viral Marketing လို့ခေါ်တဲ့ တစ်ယောက်ကအစ တစ်ရာကို ကူးစက်ပြန့်ပွားသွားနိုင်တဲ့ Marketing နည်းကို အင်တာနက်ကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါတယ်။ သူတို့ကို Viral Marketing လို့ ခေါ်ပါတယ်။ Procter & Gamble ၊ GM ၊ Pepsi နဲ့ ကမ္ဘာ့အကြီးဆုံးထဲမှာပါတဲ့ ကုမ္ပဏီတွေဟာ အဲဒီနည်းကို စတင်သုံးလိုက်တဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရာယ် ဆုံးရှုံးမှု၊ နစ်နာမှု စတာတွေလည်း နည်းပါးသွားတယ်။
အယူအဆ . . .
Hotmail.com ဟာ Microsoft တီထွင်လိုက်တဲ့ အင်တာနက်ကတစ်ဆင့် စာတွေကို အခမဲ့ပေးပို့တဲ့ဝန်ဆောင်မှု ဖြစ်တယ်။ ဒီဝန်ဆောင်မှုကို သုံးတဲ့သူတွေဆီက ထွက်သွားတဲ့စာတွေရဲ့အောက်ခြေမှာ အဲဒီ Hotmail.com ကိုပါ တစ်ပါတည်း ကြော်ငြာအဖြစ် ထည့်ပေးလိုက်တယ်။ သူ့ရဲ့ကြော်ငြာစာသားက "Get your private, Free email at http://www.hotmail.com" ဖြစ်တယ်။ ဒီစာရတဲ့သူဟာ ဒီဝန်ဆောင်မှုကို စွဲသွားတယ်။ ဖောက်သည်၊ ဒါမှမဟုတ် သဘောကျသူ ဖြစ်သွားတယ်။ သူကတစ်ဆင့် အခြားသူတွေကို အဲဒီနည်းနဲ့ ဆင့်ကဲဆင့်ကဲ ဒီဝန်ဆောင်မှုအကြောင်း ကူးစက်ပျံ့နှံ့သွားတယ်။ ဒီနည်းကို အစွဲပြုပြီး Viral Marketing ဆိုတဲ့ ဝေါဟာရအသုံးအနှုန်း ပေါ်လာတာဖြစ်တယ်။ ဒီနည်းကနေ ဗိုင်းရပ်စ်ပိုး အစွဲခံရသလို လူတွေအများကြီး လျင်လျင်မြန်မြန် စွဲကပ်သွားကြတယ်။ ဒီလိုထည့်ပေးလိုက်တဲ့ လိပ်စာရသွား ကြတဲ့ မိတ်ဆွေကွန်ရက်ထဲက လူတွေဟာ Hotmail.com ရဲ့ အခမဲ့ email ဝန်ဆောင်မှုကို ရယူသွားနိုင်ကြတယ်။ ရေကန်ထဲကို ကျောက်စရစ်ခဲလေး ပစ်ချလိုက်တဲ့အခါ လှိုင်းဂယက်လေးတွေ ဆင့်ကဲဆင့်ကဲထသွားသလို ဒီဝန်ဆောင်မှုကို သုံးတဲ့လူတွေ အလျင်အမြန်တိုးပွားလာတာဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန် . . .
Viral Marketing မှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ အဲဒီအချက်တွေအတိုင်း ဆောင်ရွက်သင့်ပါတယ်။
- တန်ဖိုးရှိတဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ပေးကမ်းဆောင်ရွက်ပေးတယ်။ Viral Marketing အစီအစဉ်အများစုဟာ အဲဒီလိုအခမဲ့ ပေးကမ်းဆောင်ရွက်ပေးတဲ့အတွက် လောလောဆယ်ချက်ချင်းတော့ အကျိုးအမြတ်ရချင်မှရမှာ ဖြစ်တယ်။ အလကားပေးခြင်းကို လူတွေစိတ်ဝင်စားလာစေနိုင်တဲ့အတွက် များမကြာမီမှာတော့ အကျိုးအမြတ်ရလာမှာ ဖြစ်ပါတယ်။
- လွယ်လွယ်ကူကူ ကူးစက်ပျံ့နှံ့စေတယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူတစ်ဦးကနေတစ်ဦး ကူးစက်မှုလွယ်တဲ့အခါမှသာ အများကို ပျံ့နှံ့သွားကြတာ ဖြစ်တယ်။ ဒီလိုပါပဲ Marketing နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာလည်း ကူးစက်မှုလွယ်နိုင်တဲ့ နည်းလမ်းတွေကို သုံးရမှာဖြစ်တယ်။ ဥပမာအားဖြင့် Email ၊ Website ၊ ဒါမှမဟုတ် Software Downloads တွေကို သုံးသင့်တယ်။ Viral Marketing ဟာ Online မှာ အလုပ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ချက်ချင်းပေးပို့ရောက်ရှိသွားအောင် လုပ်ရတာလွယ်ကူပြီး စရိတ်လည်း မကုန်လို့ ဖြစ်တယ်။
- ရိုးရှင်းမှုရှိခြင်း။ ရိုးရိုးရှင်းရှင်းနဲ့ ဖတ်ချင်စိတ်ပေါက်လာအောင် တင်ပြပေးပို့တဲ့ Marketing Messages တွေဟာ အမြဲပဲ အလုပ်ဖြစ်ပါတယ်။ တစ်ဦးကနေ တစ်ဦး ထပ်ဆင့်ပေးပို့ရာမှာ လွယ်ကူရှင်းလင်းပြီး ရှုပ်ထွေးမှုတွေ မရှိသင့်ဘူး။
- လူတွေရဲ့လုပ်ချင်ကိုင်ချင်လာစိတ်၊ ဖြစ်ချင်စိတ်စတာတွေကို အကျိုးရှိအောင် အသုံးချထားတာ ဖြစ်တယ်။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချင်ကြတယ်။ ဖက်ရှင်ကျချင်၊ ခေတ်မီချင်ကြတယ်။ နာမည်ကြီးချင်ကြတယ်။ မိမိတို့အကြောင်း သူတစ်ပါးနားလည်စေချင်ကြတယ်။ ဒါကြောင့်လည်း Web Blog တွေ တင်ကြ၊ Email တွေပို့ကြ၊ Web Address တွေ တင်ကြတာဖြစ်တယ်။ ဒါ့ကြောင့် လူတွေရဲ့ အဲဒီလို အလိုဆန္ဒတွေကို အခြေခံပြီး Marketing နည်းတစ်ရပ် တီထွင်သင့်တယ်။
- လက်ရှိကွန်ရက်တွေကို အသုံးပြုခြင်း။ အခုရှိနေတဲ့ အသုံးများတဲ့ကွန်ရက်တွေနဲ့ အသုံးနည်းတဲ့ ကွန်ရက်တွေပါ ဆက်သွယ်အသုံးချဖို့ လိုတယ်။
- သူများတွေရဲ့ အကြံဉာဏ်အားတွေကို အကျိုးရှိအောင် သုံးခြင်း။ ဥပမာအားဖြင့် Websites တွေမှာ တင်ထားပြီး အခမဲ့ရယူနိုင်တဲ့ဆောင်းပါးတွေနဲ့ အချိတ်အဆက်လုပ်ထားပါ။
ညွန့်သောင်း