အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါပြီး မြန်မာရိုးရာအစားအစာတွေကို ကမ္ဘာကသိအောင် ဥရောပနိုင်ငံတွေကနေတစ်ဆင့် အစွမ်းကုန်ကြိုးစားထိုးဖောက်နေတဲ့ Myit Kway Ayar Trading Co Ltd ရဲ့ Managing Director ဖြစ်သူ ဦးရဲကျော်ဇင်နဲ့တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။
Bayin Food အကြောင်းမိတ်ဆက်
-------------------------------------
ကျွန်တော်တို့ Bayin Food ကနေ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝမြေပဲစစ်စစ်နဲ့ နှမ်းစစ်စစ်တို့ကို ကြိတ်ထားတဲ့ မြေပဲဆီ၊ နှမ်းဆီအပြင် မြန်မာရိုးရာ လက်ဖက်နဲ့ အကြော်စုံတို့ကို Bayin ဆိုတဲ့ နာမည်နဲ့ အိုင်ယာလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတို့ကို တင်ပို့ရောင်းချပေးနေပါတယ်။ လက်ရှိမှာတော့ ဥရောပမှာ အရင်ဦးဆုံး စဖြန့်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာပါ ဖြန့်ချိရောင်းချသွားမယ့် အစီအစဉ်ရှိပါတယ်။ Retail Price အနေနဲ့ကတော့ ဆီတစ်ပုလင်းကို ၄.၉၉ ယူရို ဝန်းကျင်ဖြစ်ပါတယ်။ လက်ဖက်ကတော့ ခုနစ်ယူရိုဝန်းကျင်ဖြစ်ပြီး အကြော်စုံကတော့ ခြောက်ယူရိုဝန်းကျင် ဖြစ်ပါတယ်။
ပညာရေးနဲ့ အလုပ်အကိုင်နောက်ခံ
-----------------------------
ကျွန်တော်က ဒဂုံတက္ကသိုလ်ကနေ BA (History) နဲ့ ကျောင်းပြီးထားပါတယ်။ အဓိကကတော့ ကျွန်တော်က အစားအသောက်ချက်ပြုတ်တာကို ဝါသနာပါပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ လေးနှစ်ကြာ စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ မလေးရှားနိုင်ငံမှာ ငါးနှစ်ကြာ စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
တာဝန်ယူမှုအပိုင်း
---------------------
မြန်မာနိုင်ငံဘက်က ကျွန်တော့်အနေနဲ့ အဓိကတာဝန်ယူထားတာက Quality Control အပိုင်း၊ Exporting အပိုင်းနဲ့ Logistics အပိုင်းတို့ပဲ ဖြစ်ပါတယ်။ အိုင်ယာလန်က ကျွန်တော့်ပါတနာနှစ်ယောက်ဖြစ်တဲ့ Mr John Paul Jenkins နဲ့ Ms Katrina Crawford တို့က Marketing နဲ့ Distribution ပိုင်းကို အဓိကလုပ်ပေးပါတယ်။ မြန်မာနိုင်ငံကနေ ဆီနဲ့ လက်ဖက်တွေကို အိုင်ယာလန်ဘက်ကို သင်္ဘောနဲ့တင်ပို့ပေးလိုက်တယ်။ အိုင်ယာလန်ရောက်မှ ကျွန်တော့်ရဲ့ ပါတနာနှစ်ယောက်က Bottling နဲ့ Packaging လုပ်ပါတယ်။
Bayin Food ကို စတင်တည်ထောင်ဖြစ်ခဲ့ပုံနဲ့ လက်ရှိလုပ်ငန်းအခြေအနေ
-------------------
Bayin Food ကို စတင်တည်ထောင်ဖြစ်ခဲ့တာကတော့ အိုင်ယာလန်နိုင်ငံက Mr John Paul Jenkins နဲ့ Ms Katrina Crawford တို့ဇနီးမောင်နှံနှစ်ယောက် ပျားရည်ဆမ်းခရီးထွက်လာတဲ့အချိန်မှာ ကျွန်တော်နဲ့တွေ့ပြီး ကျွန်တော်တို့ ရွာအကြောင်း ပြောဖြစ်ပါတယ်။ သူတို့ပြန်တဲ့အခါမှာ ကျွန်တော်တို့မြင်စိုင်းရွာက ထုတ်တဲ့ ပဲဆီနဲ့ နှမ်းဆီကို လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ဆီဟာ Export Quality မီလို့ မကွေးတိုင်းက ထွက်တဲ့ မြေပဲဆီနဲ့ နှမ်းဆီကို ပုလင်းလေးတွေနဲ့ ရောင်းရင်ကောင်းမယ်ဆိုပြီး ဆွေးနွေးမိပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ရွာကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်တယ်ဆိုတဲ့ စိတ်လေးနဲ့ စပြီးလုပ်ဖြစ်ခဲ့တာပါ။
Bayin Food ကို ၂၀၁၄ ခုနှစ်တည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် အခက်အခဲတွေ အများကြီးကြားထဲကနေ ၂၀၁၆ ခုနှစ်ကျမှ အိုင်ယာလန်နိုင်ငံက Supermarket နှစ်ခုမှာ Bayin Food Product တွေကို စပြီး တင်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Bayin လက်ဖက်နဲ့ အကြော်စုံတို့ကို ထပ်မံထုတ်လုပ် တင်ပို့နိုင်ခဲ့ပြီး အိုင်ယာလန်နိုင်ငံက Supermarket တစ်ရာကျော်နဲ့ UK က Supermarket ငါးခုမှာ Bayin Food Product တွေကို တင်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကစပြီး ဥရောပရဲ့အကြီးဆုံး Online Market ဖြစ်တဲ့ Amazon မှာလည်း Bayin Oil ကိုတင်ပြီး ရောင်းချနေပြီဖြစ်ပါတယ်။
ကုန်ကြမ်းပစ္စည်းများအကြောင်း
----------------------------------
ဘုရင်မြေပဲဆီနဲ့ နှမ်းဆီအတွက် အဓိကကုန်ကြမ်းတွေကို ကျွန်တော့်ရဲ့ဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မြင်စိုင်းရွာနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ရွာတွေကနေ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေကို ယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ဆီကို ထုတ်ပေးနေတဲ့ စိုးဆီစက်က တာဝန်ရှိသူတစ်ယောက်နဲ့ ကုန်ကြမ်းတွေကိုရှာပြီး သူ့ဆီစက်မှာ အချောထုတ်ပြီးတော့ အိုင်ယာလန်ကို တင်ပို့ပါတယ်။ လက်ဖက်ကိုတော့ မောရှမ်းလက်ဖက်လုပ်ငန်းကနေပြီး Supply လုပ်ပေးပါတယ်။
ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်း
---------------------
EU နိုင်ငံတွေကို ကုန်ပစ္စည်းတင်ပို့မယ်ဆိုရင် EU ၂၈ နိုင်ငံလုံးမှာ သူတို့နိုင်ငံကို တင်ပို့တဲ့ ဘယ်လို Product မျိုးမဆို သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ အရည်အသွေးတွေနဲ့ စံချိန်စံညွှန်းတွေရှိတယ်။ ကျွန်တော်တို့ရဲ့ Product တွေ အကုန်လုံးကိုလည်း သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးတွေအတိုင်းမီအောင် ထုတ်လုပ်ရောင်းချပါတယ်။ ဥပမာ- ဆီဆိုရင် ဆီမှာပါဝင်တဲ့ Erucic Acid Value ကိုကြည့်တယ်၊ သတ်မှတ်ထားတဲ့ Aflatoxin Rate တွေကို ကြည့်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်း အရည်အသွေးပြည့်မီမှ လက်ခံပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Bayin မြေပဲဆီဟာ အကဲဖြတ်ဒိုင် ၂၄ ဦးရဲ့ ဆုံးဖြတ်ချက်အရ ဆီ Brand ပေါင်းများစွာကို ကျော်ဖြတ်ပြီး UK Great Taste Awards က ပေးတဲ့ အရသာအကောင်းဆုံးဆီဆုကို ရရှိခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာ မြန်မာအစားအစာတွေကို မိတ်ဆက်ရောင်းချတဲ့အခါ သူတို့ရဲ့တုံ့ပြန်မှုက
-----------------------
မြေပဲဆီနဲ့ နှမ်းဆီကတော့ ရောင်းရတာ တော်တော်လေးကို အဆင်ပြေတယ်။ မြန်မာရိုးရာအစားအစာဖြစ်တဲ့ လက်ဖက်ကျတော့ ဒေသအသစ်တစ်ခုမှာ သွားပြီးတော့ မိတ်ဆက်ရတာဆိုတော့ နည်းနည်းလေးတော့ အချိန်ယူကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့တွေ Trade Show တွေမှာ ဝင်ရောက်ပြသတယ်၊ Sample တွေ ဝေတဲ့အခါမှာတော့ သူတို့အနေနဲ့ စိတ်ဝင်စားမှုရှိတာ တွေ့ရတယ်။ လက်ဖက်ဆိုတာ သူတို့အနေနဲ့ တစ်ခါမှမကြားဖူးတဲ့ တကယ့်စားသောက်ကုန်အသစ်ကြီးဖြစ်နေတယ်။
အိုင်ယာလန်နိုင်ငံကို ကျွန်တော်ရောက်နေတဲ့အချိန်မှာ အဲဒီက စားသောက်ဆိုင်တွေမှာ လိုက်မိတ်ဆက်တော့ လက်ဖက်က စားသောက်ကုန်ပစ္စည်းက အသစ်ဖြစ်နေတဲ့အတွက် သူတို့အနေနဲ့ ဘယ်လိုစားလို့ စားရမှန်း မသိကြပါဘူး။ အဲဒီအတွက် Supermarket တွေကို တန်းတင်လို့မရပါဘူး။ အဲဒါကြောင့် စားသောက်ဆိုင်တွေ၊ Food Store တွေ၊ အသုပ်ဆိုင်လေးတွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်စပ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံက ထုတ်တဲ့လက်ဖက်ဖြစ်တယ်၊ ဘယ်လိုစားလို့ရတယ် စသဖြင့် လက်ဖက်ရဲ့အကြောင်းလေးတွေ ပြောပြရပါတယ်။ သူတို့အနေနဲ့ လက်ဖက်ကို ဘယ်လိုလုပ်စားလို့ ရနိုင်သလဲဆိုတာကို Menu လေးတွေ ထွင်ပေးရတယ်။ တချို့ဆိုင်တွေက ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ တချို့ဆိုင်တွေကျတော့လည်း အလုပ်ရှုပ်တဲ့အတွက် သိပ်မကြိုက်ကြပါဘူး။ တစ်နေကုန်ခြေတိုအောင် ဆိုင်တွေပတ်ပြီးလိုက်စပ်ခဲ့ရတော့ အတွေ့အကြုံတော်တော်လေးရပါတယ်။
ကျွန်တော် ဘာကြောင့်လက်ဖက်ကို ထိုးဖောက်သလဲဆိုတော့ လက်ဖက်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တွေ အများကြီးပါတာကြောင့်လည်းဖြစ်ပါတယ်။ လက်ဖက်အကြောင်းပြရင်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတွေကိုလည်း တွဲပြီး Promotion ဆင်းလို့ ရပါတယ်။ အခုတော့ တော်တော်များများလည်း သိလာကြပါပြီ။
လုပ်ငန်းလုပ်ကိုင်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ
-------------------------
အခက်အခဲကတော့ အဆင့်တိုင်းမှာလိုလို ရှိပါတယ်။ စစချင်း အိုင်ဒီယာစပေါ်တဲ့အချိန်တုန်းက မြန်မာနိုင်ငံကနေ ဥရောပကို ကုန်စည်တွေပို့ချင်တယ်၊ ဘယ်လိုလုပ်ရမလဲလို့ ကျွန်တော်လိုက်မေးတယ်။ အကုန်လုံးက မဖြစ်နိုင်ဘူး၊ မလုပ်နဲ့စသဖြင့် ပြောကြတယ်။ အကြီးမားဆုံး အခက်အခဲက ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးမယ့်သူ မရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အဲဒီလိုတင်ပို့တာ ကျွန်တော်တို့က ပထမဦးဆုံးဖြစ်နေပြီး ရှေ့မှာ ဘယ်သူမှမလုပ်ဖူးတာကြောင့် ကျွန်တော်တို့ကို ပြောပြပေးမယ့်သူ မရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့မှာ နမူနာယူဖို့ကလည်း မရှိခဲ့ဘူး။ ကျွန်တော်တို့ကို လမ်းညွှန်ပေးမယ့်သူ၊ သင်ပေးမယ့်သူမရှိဘူး။ အစစအရာရာ လိုက်မေးခဲ့ရတယ်။ World Trade Organization အထိ Email ပို့ပြီး မေးဖူးပါတယ်။ မေးတဲ့အချိန်မှာ သူတို့ကလည်း မင်းတို့ မဖြစ်နိုင်ပါဘူးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်မလျှော့ခဲ့ပါဘူး။ မဖြစ်နိုင်ဘူးလို့ သူတို့ပြောခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့ဖြစ်အောင် လုပ်နိုင်ခဲ့ပါပြီ။
ကျွန်တော်က တစ်ခုခုလုပ်တိုင်း အမြဲတမ်းလွယ်လွယ်ကူကူနဲ့ ဘယ်အရာကိုမှ မရခဲ့ပါဘူး။ အနည်းဆုံးကတော့ သုံးလေးကြိမ်ကတော့ ပြန်လုပ်ရပါတယ်။ ဒါပေမဲ့ မရဘူးလားဆိုတော့ နောက်ဆုံးမှာ အဆင်ပြေ အောင်မြင်တာပါပဲ။ ဥပမာပြောရရင် နိုင်ငံခြားပါတနာတွေနဲ့ အကြီးကြီး Deal လုပ်ဖို့ နှစ်လ သုံးလလောက်ကို ကျွန်တော်မြန်မာနိုင်ငံမှာ ကျွန်တော့်ပါတနာတွေနဲ့ လေ့ကျင့်တယ်။ တော်တော်လေးကို ပြင်ဆင်ထားခဲ့တာပါ။ နောက်တစ်နေ့ ကျွန်တော်တို့ Business Deal လုပ်ရတော့မယ်၊ ဖြစ်ချင်တော့ ဒီနေ့ညအထိ ကျွန်တော်တို့လေ့ကျင့်တုန်းမှာ ကျွန်တော်တို့ပါတနာတွေတည်းတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်သွားတယ်။ စာရွက်စာတမ်းတွေ၊ ပြင်ဆင်ထားတာတွေကအစ ပါသွားပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရတယ်။ ဒါပေမဲ့ နောက်ပိုင်း အဲဒီ Business Deal ကို ရအောင် အစက ပြန်လုပ်နိုင်ခဲ့ပါတယ်။
နောက်ပြီး ကျွန်တော် Export စပို့ဖို့လုပ်တော့ စစချင်းပို့နိုင်ဖို့ နှစ်နှစ်လောက်အချိန်ယူခဲ့ရပါတယ်။ လိုင်စင်လုပ်တာကိုလည်း တော်တော်အချိန်ယူလိုက်ရပါတယ်။ ပထမတစ်ကြိမ် လိုင်စင်ရဖို့ ခြောက်လကျော်လောက် ကြာပါတယ်။ သူတို့မှာလည်း ရှေ့က Reference ယူစရာနမူနာမရှိတော့ Process ကို အသေအချာမသိတဲ့အတွက် အစည်းအဝေးတွေလည်း ခဏခဏလုပ်ခဲ့ရတယ်။ စီးပွားကူးသန်းကလည်း တော်တော်လေးအကူအညီပေးခဲ့ပါတယ်။ နောက်ပိုင်းတင်ပို့ဖို့ လိုင်စင်တင်တော့ သုံးလကြာတယ်။ အခုနောက်ပိုင်းတော့ တော်တော်လေးမြန်ဆန်သွားပါပြီ။
ပြီးတော့ Banking Transaction တွေဆိုရင်လည်း ပို့လိုက်တဲ့ ပိုက်ဆံတွေကြားထဲမှာ ပျောက်သွားတာ ရှိပါတယ်။ ဘဏ်ကနေပိုက်ဆံတစ်ခါလွှဲလိုက်တာကို ထုတ်ဖို့ သုံးလလောက်ကြာအောင်စောင့်ခဲ့ရတယ်။ အခုတော့ မနေ့ကလွှဲလိုက်ရင် ဒီနေ့ထုတ်နိုင်သွားပါပြီ။ မြန်မာနိုင်ငံက ပို့တဲ့ပစ္စည်းတွေ အိုင်ယာလန်ဘက်ကို မရောက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။
အသေးစား၊ အလတ်စားလုပ်ငန်း စတင်လုပ်ကိုင်လိုသူတွေအတွက် အကြံပြုချက်
------------------------------------
ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံထဲမှာ ကောင်းမွန်တဲ့၊ အရည်အသွေးပြည့်မီတဲ့ ပစ္စည်းထုတ်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေပါပြီ။ ဒါကြောင့် ကိုယ်လုပ်နေကျဈေးကွက်ထဲမှာပဲမနေဘဲ အပြင်ထွက်ပြီး ဈေးကွက်ရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်။
အနာဂတ်အစီအစဉ်
---------------------
နနွင်းမှုန့်နဲ့ အခြားစိုက်ပျိုးရေးကို အခြေခံတဲ့ စားသောက်ကုန်ပစ္စည်းတွေ ထပ်မံထုတ်လုပ်သွားဖို့ ရှိပါတယ်။ မြန်မာစားသောက်ကုန်စစ်စစ်တွေကို မြန်မာ Brand တစ်ခုအနေနဲ့ UK နဲ့ US အပြင် ကမ္ဘာအနှံ့ကို ထိုးဖောက် ဖြန့်ချိဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း Bayin Food Product တွေကို ရောင်းချသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကတောင်သူတွေနဲ့အတူ လက်တွဲလုပ်ကိုင်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်းတွေရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကုန်ကြမ်းထုတ်ပေးတဲ့ ရွာတွေက ကလေးတွေရဲ့ ပညာရေးအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။