ဦးတင်မောင်နိုင် (Group CEO - KOL Group of Companies)

မိမိကိုယ်ပိုင်လုပ်ငန်းကို မိမိလက်၊ မိမိခြေနဲ့ ကိုယ်ထူးကိုယ်ချွန်တည်ထောင်ခဲ့ပြီး လက်ရှိမှာတော့ KOL Group အောက်က ကုမ္ပဏီအခွဲခြောက်ခုကို ထိပ်ဆုံးကနေ ဦးဆောင်အုပ်ချုပ်နေတဲ့ ဦးတင်မောင်နိုင်ကို လုပ်ငန်းပိုင်းဆိုင်ရာစတင်ပုံ၊ ကိုယ်တိုင်ကြိုးပမ်းအားထုတ်မှု၊ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ မိမိကျွမ်းကျင်တဲ့ ဘာသာရပ်ကိုအခြေခံကာ လုပ်ငန်းထူထောင်ပြီး လိုအပ်တဲ့ပညာရပ်တွေကို ဆက်လက်သင်ယူသွားရင်း လုပ်ငန်းတိုးတက်အောင် တည်ဆောက်ကြိုးပမ်းမှုတွေကို လေးစားဖွယ်တွေ့မြင်သိရှိခွင့်ရခဲ့ပါတယ်။

utinmgnaing

နောက်ခံပညာရေးနဲ့ လုပ်ငန်းသမိုင်းကြောင်း . . .

ကျွန်တော် Mechanical Engineering နဲ့ ၁၉၈၇ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာအဖြစ် ငါးနှစ်လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါ ၁၉၉၇ ခုနှစ်မှာ KOL ကုမ္ပဏီကို တည်ထောင်ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အိမ်ထောင်ကျတဲ့အခါ သင်္ဘောလည်း ရေရှည်မလိုက်ချင်ဘူး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း အစောကတည်းက ရည်ရွယ်ချက်ရှိခဲ့တဲ့အတွက် ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းစတင်ချိန်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးပဲရှိပါတယ်။ ပစ္စည်းတွေကို ဆိပ်ကမ်းကနေ သွားထုတ်တာကအစ ကိုယ်တိုင်ပဲလုပ်ခဲ့ရတယ်။ အဲဒီလိုလုပ်ရင်းနဲ့ ခြောက်လလောက်ကြာတော့မှ အင်ဂျင်နီယာနဲ့ ကျောင်းပြီးတဲ့ တူလေးတစ်ယောက်ကို အလုပ်ခန့်လိုက်ပြီး သုံးယောက်ဆက်လုပ်ရင်း သီရိမွန်ပလာဇာမှာ ဆိုင်လေးဖွင့်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မီးတွေစပြီးပျက်တော့ မီးစက်တွေ ခေတ်စားလာတယ်။ မီးစက်တွေ ရောင်းပေးတယ်၊ တပ်ဆင်ပေးတယ်။ တစ်ဖက်ကလည်း ကုမ္ပဏီအနေနဲ့ ဂျပန်နိုင်ငံက မီးစက်အဟောင်းတွေ သွားရှာတယ်။ ပြန်ပြု ပြင်ပြီးတော့ ရောင်းတယ်။ အဲဒီလိုနဲ့ လေး၊ ငါးနှစ်ကြာတော့မှ တစ်ဆင့်ချင်းတိုးချဲ့လာခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ကုမ္ပဏီအခွဲခြောက်ခုဖြစ်တဲ့ KOL Group Co Ltd ၊ KOL Global Co Ltd ၊ KOL Global Services Co Ltd ၊ KOL Global Construction Machinery Co Ltd ၊ KOL Construction နဲ့ Tri Global Construction Machinery တို့ ရှိပြီး ဝန်ထမ်းအင်အားကတော့ ၁၅၀ ခန့် ရှိပါတယ်။

KOL Group ရဲ့ လုပ်ငန်းတွေအကြောင်းလည်း ပြောပြပေးပါ . . .

၁၉၉၇ ခုနှစ် လုပ်ငန်းစတင်ချိန်မှာ မီးစက်တွေ၊ ရေစုပ်စက်တွေ တင်သွင်းဖြန့်ဖြူးတယ်။ စက်တွေ ဆင်ပေးတယ်။ နောက်ပြီး တာဝါကရိန်းတွေ၊ ဆောက်လုပ်ရေးစက် ယန္တရားတွေ စတဲ့ ယန္တရားတွေလည်း ဖြန့်ဖြူးပါတယ်။ နောက်ပြီး ယန္တရားတွေကို ငှားပေးတဲ့ လုပ်ငန်းလည်း ရှိတယ်။ လက်ရှိမှာ Rental Service ဆိုရင် သီလဝါပရောဂျက်မှာ စက်ယန္တရားတွေ ငှားတယ်။ ပြုပြင်ပေးတဲ့ Service Center လည်းလုပ်တယ်။

နောက်ထပ်တိုးချဲ့တဲ့ လုပ်ငန်းအနေနဲ့ ရယ်ဒီမိတ်ကွန်ကရစ်တွေကို စပြီးတော့ ဖြန့်ဖြူးရောင်းချပေးနေပါတယ်။

လုပ်ငန်းတွေတိုးချဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာလာတဲ့အခါ စီးပွားရေးပုံစံတွေလည်း ပြောင်းလာတယ်။ စတင်ချိန်ကစပြီး အဆင့်ဆင့် တိုးတက်ပြောင်းလဲခဲ့ပုံကိုလည်း ပြောပြပေးပါ . . .

ခေတ်ကတော့ အဆင့်ဆင့်ပြောင်းလဲတာပေါ့။ နိုင်ငံရေးအခြေအနေဆိုရင်လည်း ၁၉၉၇ ခုနှစ်၊ စစ်အစိုးရလက်ထက်မှာ စပြီးလုပ်တာကနေ ဦးသိန်းစိန်အစိုးရ၊ အခုဆိုရင် NLD အစိုးရခေတ် ရောက်လာပြီ။ အဲဒီတော့ ကျွန်တော့်လုပ်ငန်းရဲ့ သက်တမ်းအနှစ်နှစ်ဆယ်လောက်မှာ ပြောင်းလဲမှုအပိုင်းအခြားက လေးပိုင်းလောက် သွားဖြစ်နေတယ်။ ပထမတစ်ပိုင်းက Family Type ပေါ့။ လင်မယားနှစ်ယောက်ကစပြီး တူတွေ၊ ညီတွေနဲ့အတူ ငါးနှစ်လုပ်ခဲ့တယ်။ ဒုတိယငါးနှစ်ကျတော့ Family Type နဲ့ အပြင် Management Type နဲ့ ရောပြီး လုပ်ခဲ့တယ်။ Family Type ကျတော့ သူ့အားသာချက်၊ အားနည်းချက်တွေ ရှိတယ်။ နှစ်ခုရောတဲ့အချိန်ကျတော့ ပိုပြီးတော့ ရှုပ်ထွေးတယ်။ ရှုပ်ထွေးမှု အများဆုံးအချိန်ကာလလို့ ပြောလို့ရတယ်။ Chain of Command ကလည်း သိပ်ရှုပ်ထွေးတယ်။ အဲဒီကနေ တတိယငါးနှစ်မှာကျတော့ MD တွေလည်းရှိလာပြီး ကုမ္ပဏီပုံစံအတိုင်းပိုပြီး စနစ်ကျလာတယ်။ အခုနောက်ပိုင်းမှာတော့ လုပ်ခဲ့တဲ့ Business တွေကို ကြည့်ပြီးတော့ Business Unit တွေ ခွဲထုတ်လိုက်ရတယ်။ ပြီးတော့ Business Unit တွေမှာ သူနဲ့ဆိုင်တဲ့ Leader တွေကို မွေးထုတ်ပြီးတော့ သူတို့ကိုပဲ Manage လုပ်ခိုင်းတယ်။ ကျွန်တော်တို့က အနောက်ကနေ KOL Group အနေနဲ့ ရပ်တည်ပြီး လိုအပ်တာကို ပံ့ပိုးပေးတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်နေပါတယ်။ ရေရှည်ကိုရည်မှန်းရရင်တော့ ပြောင်းလဲလာတဲ့ အနေအထားကိုကြည့်ပြီး Public Listed ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်သွားပါမယ်။

ကိုယ်တိုင်အနေနဲ့ ကုမ္ပဏီမှာ လက်ရှိတာဝန်ယူထားတဲ့ Role နဲ့ Responsibility . . .

ကျွန်တော်က ကုမ္ပဏီအခွဲတွေ အားလုံးရဲ့ ဥက္ကဋ္ဌလည်း ဟုတ်တယ်။ CEO လည်းဟုတ်တယ်။ ရှေ့မှာပြောခဲ့သလိုပဲ Business Unit တစ်ခုစီမှာ Leader တွေရှိတဲ့အခါ ကျွန်တော်က Supporting နဲ့ Management လုပ်တဲ့ Role မှာ ရှိပါတယ်။

လက်ရှိအချိန်မှာ လုပ်ငန်းမှာကြုံတွေ့ရတဲ့ Challenge နဲ့ အဲဒီ Challenge ကို ဘယ်လိုဖြေရှင်းကျော်လွှားသလဲဆိုတာ သိလိုပါတယ် . . .

အခုချိန်ကတော့ Challenge တွေ ပိုများလာပါတယ်။ Challenge မှာ နံပါတ်တစ်ကတော့ Financing ပေါ့။ မြန်မာနိုင်ငံမှာ Banking စနစ်ရဲ့ ပံ့ပိုးမှု မပြည့်စုံသေးတာကြောင့်ပါ။ အခုဆိုရင် Challenges က နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေရပြီ။ အဲဒီလိုယှဉ်ပြိုင်တဲ့အခါ သူတို့ရဲ့Bank Supporting ပိုင်းကိုကြည့်ရင် Interest Rate က နည်းတယ်။ ကျွန်တော်တို့ဆီက ဘဏ်တွေရဲ့ Interest Rate များတယ်။ အဲဒီမှာ သူတို့နဲ့ယှဉ်ရင် တစ်ပန်းရှုံးနေပြီ။

နောက်တစ်ခုက ကျွန်တော်တို့က ကုမ္ပဏီအခွဲတွေနဲ့ Listed သွားချင်တယ်ဆိုရင် စာရင်းဇယားတွေ မှန်မှန်ကန်ကန် ဖြစ်ချင်တယ်။ အခွန်ပိုင်းဆိုင်ရာ ကိစ္စတွေကိုလည်း မှန်မှန်ကန်ကန် တိတိကျကျ သွားချင်တယ်။ အဲဒီလိုအခြေအနေမှာ အစိုးရဋ္ဌာနတွေဘက်က ပိုပြီးတော့ ပွင့်လင်းမြင်သာမှုနဲ့ မှန်မှန်ကန်ကန် သွားချင်တဲ့ဘက်ကို နားလည်ပေးဖို့ လိုပါတယ်။ အဲဒီမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေက မပြောင်းလဲသေးရင် မှန်မှန်ကန်ကန် လုပ်ချင်တာကို အဟန့်အတား ဖြစ်စေတယ်။ အဲဒီလို Conflict မျိုးတွေ ကြုံရပါတယ်။ နောက်တစ်မျိုးကကျတော့ ကိုယ့်ဆီကဝန်ထမ်းတွေရဲ့ ဝင်ငွေတိုးတက်အောင် စဉ်းစားပေးရတဲ့ အပိုင်းဖြစ်ပါတယ်။ အခုဆိုရင် လူနေမှုအဆင့်အတန်းအရ ကုန်ကျစရိတ်တွေ မြင့်လာတယ်။ အဲဒီတော့ ဝင်ငွေတိုးတက်အောင် စဉ်းစားပေးတဲ့အခါ ကုမ္ပဏီရဲ့ Income ကို တိုးတက်အောင်လည်း စဉ်းစားပေးရတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စီးပွားရေးက ထိုက်သင့်သလောက် မဖွံ့ဖြိုးသေးတာကလည်း Challenge တစ်ခုပါပဲ။

ဒါတွေက ကုမ္ပဏီတစ်ခုချင်းစီရဲ့ Challenges ဖြစ်သလို နိုင်ငံတော်ရဲ့ Challenges လည်း ဖြစ်ပါတယ်။

ဝန်ထမ်းတွေကို Training ပေးတဲ့အပိုင်းကိုလည်း ပြောပြပေးပါ . . .

Training တွေကတော့ ပုံမှန်အမြဲလုပ်ဖြစ်ပါတယ်။ တစ်ခါတလေမှာ In House Training တွေ လုပ်သလို UMFCCI မှာဖွင့်တဲ့ သင်တန်းတွေ တက်ခိုင်းတာလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ နိုင်ငံခြားက ပညာရှင်ကိုခေါ်ပြီးတော့ ဒီမှာသင်ခိုင်းတာမျိုးလည်း လုပ်ပေးပါတယ်။

၂၀၁၇ ခုနှစ်မှာ ဆရာတို့လုပ်ငန်း Industry အတွက် စီးပွားရေး သုံးသပ်ချက်ကိုလည်း ပြောပြပေးပါ . . .

၂၀၁၇ ကိုတော့ စီးပွားရေး ပိုကောင်းမယ်လို့ ထင်ပါတယ်။ အလုပ်လေးတွေလည်း နည်းနည်းပိုမြင်လာတယ်။ ကျန်ခဲ့တဲ့ ၂၀၁၆ ကတော့ အဆိုးဆုံးနှစ်ပဲ။ အစိုးရဟောင်းကလည်း အပြောင်းအလဲရှိတဲ့အခါ လုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်။ အစိုးရသစ်ကလည်း တာဝန်ယူခါစ ဖြစ်နေတယ်။

နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လာပြီး ယှဉ်ပြိုင်မှုတွေများလာတဲ့အခါ ကိုယ့်ရဲ့ ဘယ်လိုအားသာချက်ကို ပိုပြီးကောင်းအောင် အရည်အသွေး ဖြည့်ထားပါသလဲ . . .

ကျွန်တော်တို့ဆီမှာ ၁၅ နှစ်၊ ဆယ်နှစ် လုပ်သက်ရှိတဲ့ ကျွမ်းကျင်မန်နေဂျာတွေ၊ ဝန်ထမ်းတွေရှိပြီး သူတို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့ Team Work ကောင်းအောင် လုပ်ထားပြီး ရေရှည်အတွက် စီစဉ်ထားရှိတယ်။ နောက်ပြီး ကျွန်တော့်ဝန်ထမ်းတွေက နှစ်ကြာလာတာနဲ့အမျှ ရှယ်ယာရှင်တွေဖြစ်လာတယ်။ အဲဒီတော့ သူတို့နဲ့ ကုမ္ပဏီကလည်း တစ်သားတည်းဖြစ်တယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ အားသာချက်တွေလို့ ဆိုနိုင်ပါတယ်။

ရှေ့ဆက်သွားမယ့် လုပ်ငန်းအစီအစဉ်တွေလည်း သိချင်ပါတယ် . . .

မြန်မာပြည်မှာရှိတဲ့ အင်ဂျင်နီယာတွေက အရည်အချင်းရှိကြပါတယ်။ ဒီအင်ဂျင်နီယာတွေကို စုစည်းပြီးတော့ နောက်ထပ်တည်ဆောက်သွားမယ့် တံတားတွေ၊ Infrastructure တွေမှာ ဝင်လုပ်မယ်ဆိုရင် လုပ်စရာတွေက အများကြီးရှိပါတယ်။ အဲဒီတော့ ကိုယ့်တိုင်းရင်းသားကုမ္ပဏီတစ်ခု ရပ်တည်တယ်ဆိုတာကလည်း ကုမ္ပဏီတစ်ခုတည်းလို့မမြင်ဘဲ နောက်မှာ မိသားစုပေါင်း ၁၅၀ စုစည်းထားတယ်၊ ဒီမိသားစု ၁၅၀ ရဲ့ စားဝတ်နေရေးကို အဆင်ပြေစေတယ်။ အဲဒီ ၁၅၀ ရဲ့ စုစည်းမှုအင်အားနဲ့ ဘယ်လောက်တာဝန်ကြီးကြီးကို ယူနိုင်မလဲ၊ နိုင်ငံသစ်တည်ဆောက်ရာမှာ ဘယ်လိုအပိုင်းကို ကျွန်တော်တို့ တာဝန်ယူနိုင်မလဲ၊ ဒါမျိုးကို ကျွန်တော်စဉ်းစားထားပါတယ်။ ဒီလို မစုစည်း၊ မလေ့ကျင့်ထားဘဲနဲ့ ပြင်ဆင်မှုတွေမရှိရင် နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ သူတို့ဆီမှာ လက်ခစား အဆင့်မျိုးဖြစ်သွားနိုင်တယ်။ ကိုယ်က စုစည်းထား၊ ကြိုးစားထားမယ်၊ သူတို့နဲ့လည်း ပေါင်းလုပ်မယ်ဆိုရင်တော့ ကိုယ့်အစုအစည်းက Team ပုံစံဖြစ်တဲ့အခါမှာ အားသာနေမှာပေါ့။ ဒါကြောင့်မို့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ Team ကောင်းကောင်းပုံစံ ရပ်တည်ထားနိုင်မှ ရှေ့မှာပေါ်လာတဲ့ လုပ်ငန်းတွေကို ကိုယ်ကကြည့်ပြီးမှ ၁၀၀ ရာခိုင်နှုန်း မဖြစ်ရင်တောင်မှ အနည်းဆုံး တစ်ဝက်လောက် လုပ်ငန်းတွေကို ဆက်လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ့်ဝန်ထမ်းတွေလည်း အလုပ်အကိုင်ရမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ကျင့်သုံးတဲ့ Management ပုံစံကိုလည်း ပြောပြပေးပါ . . .

ကျွန်တော့်ဝန်ထမ်းတွေနဲ့ လုပ်လာတဲ့ နှစ်တွေကလည်း ကြာလာတဲ့အခါ မိသားစုပုံစံပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း စည်းကမ်းကတော့ သေချာထားပါတယ်။ နောက်ပြီး ကိုယ်က မျက်စိဖွင့်၊ နားဖွင့်နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဘာတွေဘယ်လိုလုပ်နေသလဲဆိုတာတွေကို အတုယူပြီး ကိုယ့်ဝန်ထမ်းတွေကို ကြိုအသိပေးတယ်။ အဲဒီလိုလေ့လာပြီး ကြိုတင်ပြင်ဆင်ပါတယ်။

လုပ်ငန်းမှာအသုံးချနိုင်ဖို့ စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုကိုကော ဘယ်လိုပုံစံနဲ့ လုပ်ပါသလဲ။ ဘာတွေဆက်ပြီး လေ့လာဖြစ်ခဲ့ပါသလဲ . . .

ကျွန်တော် အင်ဂျင်နီယာပညာ သင်ခဲ့တဲ့အတွက် အင်ဂျင်နီယာလုပ်ငန်းမှာ လုပ်ငန်းတွေ လုပ်တယ်။ နောက်ပြီး လုပ်ငန်းစပြီး လေးနှစ်၊ ငါးနှစ်လောက်ကြာတဲ့အခါမှာ တခြားလိုအပ်တဲ့ Management ပိုင်းကို မြင်လာပြီး MBA တက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာတော့ ဘာသာရပ်ပေါင်း ၂၄ ဘာသာ သင်ခဲ့ရတယ်။ အဲဒီမှာ Marketing Management နဲ့ ပတ်သက်ပြီး နည်းနည်းတီးခေါက်မိတယ်။ Financial Management ကိုလည်း သိလာတယ်။ နောက်ပြီး HR Management တွေ၊ International Relation တွေလည်း သိလာခဲ့တယ်။ နောက်ပြီး အရောင်းအဝယ်လုပ်တဲ့အခါမှာ Legal Framework အနေနဲ့ ဘာတွေရှိသလဲဆိုတာ သိရတယ်။ အဲဒီတော့ MBA တက်လိုက်တာက ရေငတ်တဲ့သူ ရေတွင်းထဲကျသွားသလိုပဲ။ ကိုယ်သိချင်တာတွေကို ကျောင်းက တစ်ခါတည်း သင်ပေးလိုက်တယ်။ အဲဒီတော့ ကျွန်တော်က စီးပွားရေးက အင်ဂျင်နီယာလုပ်ငန်းမှာ အခြေခံတယ်။ နောက်ပြီး MBA တက်တဲ့အခါ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ ဘာတွေလိုတယ်ဆိုတာကို နားလည်သွားတယ်။ နောက်ပြီး MBA တက်လိုက်တာက နည်းလမ်းတွေကို သိသွားတယ်။ နည်းလမ်းတွေကို တကယ်လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ သည်းခံမှုကလည်း လိုတယ်ဆိုတာ တွေ့လာတယ်။ တစ်ခါတလေမှာ Change လုပ်တဲ့အခါ ချက်ချင်းပြောင်းလဲလို့ မရဘူး။ သည်းခံပြီးအချိန်တစ်ခုကို စောင့်ရတာမျိုးရှိတယ်။

ဆိုလိုချင်တာက သီအိုရီတွေကိုသိတဲ့အပြင် ဗုဒ္ဓရဲ့အဆုံးအမကိုလည်း လိုက်နာဖို့ လိုတာကို တွေ့ရပါတယ်။ ဗုဒ္ဓက ကြီးပွားအောင်မြင်ရေးမှာဆိုရင် အချက်လေးချက်နဲ့ မိန့်မှာထားပါတယ်။ နံပါတ်တစ်က ထထကြွကြွ လုံ့လ ဝီရိယရှိရမယ်။ နံပါတ်နှစ်က မိမိရဲ့ဝင်ငွေနဲ့ထွက်ငွေကို မျှမျှတတသုံးစွဲဖို့ပါ။ နံပါတ်သုံးက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်မယ့် အသိဉာဏ်ရှိရမယ်။ နံပါတ်လေးကတော့ အပေါင်းအသင်း မိတ်ဆွေကောင်းတွေရှိရမယ်။ အဲဒီလေးချက်က စာအုပ်တွေ အားလုံးနဲ့ချိန်ထိုးလိုက်ရင် ဘယ်စာအုပ်နဲ့မှ မလွတ်အောင် လိုက်နာသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက လောကီကြီးပွားရေးကို အကူအညီပေးတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို သိရုံတင်မဟုတ်ဘဲ ဒီနည်းလမ်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်အထည်ပေါ်တဲ့ အချိန်အခါကို စောင့်ဆိုင်းနိုင်တဲ့ သည်းခံနိုင်ခြင်းတရားလည်း လိုတယ်ဆိုတာကို ပြောချင်ပါတယ်။

ဒီတော့ ဒီခေတ်မှာ လုပ်ငန်းအောင်မြင်ဖို့ရာ စာအုပ်စာတမ်းတွေကလည်း အများကြီးရှိတယ်။ လွယ်လွယ်ပြောရရင် သိုင်းသမားတွေ အားလုံးကတော့ သိုင်းကွက်တွေကို သိတာပဲ။ ဒါပေမဲ့ တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာ အောင်ပွဲရဖို့ဆိုတာ အတွင်းအားကလည်း အရေးကြီးပါတယ်။

အသင်းအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေမှာကော ဘယ်လိုပါဝင်လှုပ်ရှားဖြစ်ပါသလဲ . . .

မြန်မာမုဒိတာဖောင်ဒေးရှင်းဆိုပြီး ဖောင်ဒေးရှင်းဖွင့်ထားပါတယ်။ အဲဒီဖောင်ဒေးရှင်းက သစ်ပင်တွေ စိုက်ပေးတယ်။ စာကြည့်တိုက်တွေ ဖွင့်ပေးတယ်။ ရေတွင်းရေကန်တွေ တတ်နိုင်သလောက်တူးပေးတယ်။ သာသနိကအဆောက်အအုံတွေလည်း နိုင်သလောက် လှူဒါန်းတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းမှာလည်း နိုင်သလောက် တစ်တပ်တစ်အား ပါဝင်ဖြစ်တယ်။ အဲဒီလို ရည်မှန်းချက်ငါးချက်ချပြီးတော့ မုဒိတာဖောင်ဒေးရှင်းဖွဲ့ထားပါတယ်။ တစ်ဖက်က စီးပွားရှာရင်းတစ်ဖက်က CSR လုပ်ငန်းတွေ လုပ်သွားပါတယ်။

နောက်တစ်ပိုင်းကကျတော့ နိုင်ငံတကာဟော ပြောပွဲတွေသွားတက်တဲ့အခါ နိုင်ငံတကာမှာ ကုမ္ပဏီတွေ အောင်မြင်တာကိုတွေ့ရတော့ ကျွန်တော်တို့နိုင်ငံ တိုးတက်အောင်မြင်ဖို့ဆိုရင်လည်း နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုကိုပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလိုပြောင်းလဲဖို့ရာ အသင်းအဖွဲ့တွေမှာဝင်ပြီးတော့ ပြောသင့်တာပြော၊ ဆွေးနွေးသင့်တာတွေ ဆွေးနွေးတာမျိုးကို အခုနောက်ပိုင်းမှာ လုပ်ဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေပါတယ်။ Myanmar Engineering Society (MES) မှာလည်း CEC အဖြစ် ဆောင်ရွက်နေပါတယ်။

နောက်ပိုင်းမှာတော့ အသက်နည်းနည်းကြီးလာရင် ကိုယ့်ကုမ္ပဏီရဲ့ Successioin Plan အဖြစ် Listed Company ဖြစ်အောင် တည်ထောင်လိုက်ပြီးတော့ လူငယ်တွေ နည်းစနစ်ကောင်းကောင်းနဲ့ စီမံခန့်ခွဲနိုင်တယ်ဆိုရင် ကျွန်တော်တို့က သင့်တင့်သလောက်ပဲ ဝိုင်းဝန်းလုပ်ကိုင်ပေးပြီးတော့ လူမှုရေးလုပ်ငန်းတွေ ပိုပြီးလုပ်နိုင်အောင် ရည်ရွယ်ထားပါတယ်။

နန္ဒာနေဝင်း