ဦးသောင်းစုငြိမ်း (ဥက္ကဌ-မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

uthaungsunyein1

MCPA - Myanmar Computer Professionals Association အသင်းဥက္ကဌအဖြစ် တာဝန်ယူလုပ်ကိုင်လျက်ရှိတဲ့ Information Matrix Co., Ltd. ရဲ့ CEO & Managing Director ဦးသောင်းစုငြိမ်းကို ဥက္ကဌအဖြစ်တာဝန်ယူထားစဉ် ၂၀၁၇-၂၀၁၉ သက်တမ်းအတွင်း အသင်းကနေ လုပ်ဆောင်သွားမယ့်ကိစ္စရပ်များနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

MCPA ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမယ့် သက်တမ်းအတွင်းမှာ Priority ထားပြီး အပြောင်းအလဲလုပ်သွားမှာတွေ . . .

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ၁၉၉၈ ကစပြီး ထောင်ခဲ့တာဆိုတော့ နောက်လာမယ့်နှစ်ဆိုရင် နှစ်နှစ်ဆယ်ရှိပြီ။ နှစ်နှစ်ဆယ်ဆိုတော့ Generation တစ်ခုစာလောက် သက်တမ်းရှိပါပြီ။ ကျွန်တော်တို့အသင်းဟာ အခုအချိန်မှာ အသင်းသားတွေ သောင်းနဲ့ချီရှိနေပြီး၊ အသင်းကနေ လုပ်ငန်းတွေအများကြီးလည်း လုပ်လက်စတွေ ရှိပါတယ်။ ခေတ်အဆက်ဆက် ဥက္ကဋ္ဌတွေဖြစ်ခဲ့ပြီး အခုအချိန်မှာ နာယကအဖြစ် တာဝန်ယူထားကြတဲ့ ဆရာဦးသိန်းဦး၊ ဆရာဦးသောင်းတင်၊ ဆရာဦးခွန်ဦး၊ ဆရာဦးရဲရင့်ဝင်းတို့ စွမ်းစွမ်းတမံလုပ်သွားခဲ့တာတွေကို ကျွန်တော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးသား ဖြစ်ပါတယ်။ ကျွန်တော်က အသင်းစတင်တည်ထောင်ပြီး သိပ်မကြာခင်ကတည်းကနေ အလုပ်အမှုဆောင်အဖြစ် ပါဝင်လာခဲ့တာဖြစ်ပြီး အသင်းရဲ့အတွင်းရေးမှူးအနေနဲ့လည်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တာပါ။ ဒီအတွက်ကြောင့် အသင်းရဲ့အတွင်းရေးမှူးအနေနဲ့ ဥက္ကဋ္ဌတစ်ယောက်ကနေ နောက်တစ်ယောက်အကူးအပြောင်းကို ကျွန်တော်က အနီးကပ်တွေ့နေခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းက ရှေ့ကဥက္ကဋ္ဌလုပ်ထားပြီးသားအရာတွေကို စဉ်ဆက်မပြတ် ဆက်လက်ပြီးတော့လုပ်တယ်။ ဥက္ကဋ္ဌအသစ်အနေနဲ့လည်း အသင်းအတွက် အသစ်ထပ်လုပ်ချင်တဲ့ Activity တွေကို အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ ထပ်လုပ်သွားတာတွေလည်း ရှိပါတယ်။ လုပ်လက်စလုပ်ငန်းအဟောင်းတွေကို ကျွန်တော်တို့က မဖျက်ဘဲဆက် လုပ်သွားပါတယ်။ ကျွန်တော်က အသင်းရဲ့ ပဉ္စမမြောက်ဥက္ကဋ္ဌသက်တမ်းပါ။ ကျွန်တော့်လက်ထက်မှာလည်း ကျွန်တော့်အရှေ့က ဥက္ကဋ္ဌလေးယောက် တည်ဆောက်လာခဲ့တာတွေကို ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းပြီးတော့ လုပ်သွားမယ်။ သူတို့က အသင်းသားတွေအတွက် ကောင်းမွန်တဲ့ Positive Project တွေက အများကြီးလုပ်ခဲ့ပါတယ်။

အခုအချိန်မှာ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းရှိထားတော့ အသင်းအဖွဲ့တွေကလည်း ပိုပြီးတော့ တက်တက်ကြွကြွနဲ့ လှုပ်ရှားလို့ရလာမယ့် အနေအထားကို မြင်ပါတယ်။ ဒီခေတ်မှာ Digital တို့၊ Mobile တို့ဘက်ကို အများကြီးကူးပြောင်းလာကြတာကို မြင်တဲ့အတွက် ကျွန်တော်တို့အသင်းထဲမှာ အလုပ်အမှုဆောင်တွေအနေနဲ့ လုပ်ကိုင်နေတာတွေအားလုံး၊ အသင်းသားတွေအနေနဲ့ ထိတွေ့ဆက်ဆံတာတွေအားလုံးကို Digital Process တွေကို ကူးပြောင်းခြင်းလုပ်ငန်းစဉ်ကို ကျွန်တော့်ရဲ့ ဥက္ကဋ္ဌနှစ်နှစ်တာကာလအတွင်း အခုဒီပထမတစ်နှစ်အတွင်းမှာ တော်တော်လေး တိုက်တိုက်တွန်းတွန်းသွားနေပါတယ်။ အရင်ကတည်းက လုပ်လက်စလုပ်ငန်းတွေမှန်သမျှကို မပြတ်ဆက်လုပ်နေတယ်။ ဒါပေမယ့် အဲဒီလုပ်နေတဲ့ဟာတွေကို Efficient ၊ Effective ဖြစ်အောင် Digital Tool တွေပိုသုံးပြီး ပိုပူးပေါင်းလုပ်ကိုင်နိုင်အောင် ပြောင်းနေတာပါ။ ဥပမာ- Google Drive ပေါ်မှာ Data တွေ အားလုံးတင်ပြီး Share လုပ်ထားတယ်။ အသင်းအစည်းအဝေးမှတ်တမ်းကိုလည်း အစည်းအဝေးပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ ထွက်အောင်လုပ်တယ်။ ပြီးရင် တစ်နိုင်ငံလုံးကို ကျွန်တော်တို့က Google Drive ထဲကိုတင်ပြီး ဖြန့်ထုတ်လိုက်တယ်။ အဲဒီလို Process တွေကို ကျွန်တော်တို့ပြောင်းနေပါတယ်။ ပြီးတော့ အစည်းအဝေးတွေကိုလည်း ကျွန်တော် ဥက္ကဋ္ဌတာဝန်ယူစအချိန်တွေဖြစ်တဲ့အတွက် နည်းနည်းလေးပိုပြီးတော့ စိပ်စိပ်လေးလုပ်နေတယ်။ ဒီနှစ် အစပိုင်းမှာတုန်းက ကျွန်တော်တို့အသင်း ငွေဆောင်သွားပြီးတော့ Strategic Action Plan ရေးဆွဲထားတာရှိပါတယ်။ အဲဒီမှာ Action Plan တစ်ခုကို တိုင်ပင်ရေးဆွဲနိုင်ခဲ့ပါတယ်။ အရင်လုပ်နေတဲ့လုပ်ငန်း သုံး-လေးဆယ်နီးပါးကို ဒီနှစ်တွေအတွင်း ဘယ်လိုအကြိမ်အရေအတွက်တွေနဲ့ ဘယ်လိုဆက်လုပ်မလဲဆိုတာကို ဆွေးနွေးခဲ့သလို နောက်ထပ်လုပ်ငန်းအသစ်လေးတွေလည်း ဘာတွေလုပ်မလဲဆိုပြီး ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ အသက်ထပ်လုပ်မယ့် လုပ်ငန်းတွေပေါ်လာတယ်။  အဓိကကတော့ ခြုံပြောရရင်တော့ ကျွန်တော်တို့အသင်းသားတွေ ကိုယ်တိုင်ပါဝင်ပြီးတော့ သူတို့ကိုယ်တိုင်အတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် အစီအစဉ်တွေ တော်တော်များများကို ထည့်သွင်းလုပ်ကိုင်သွားမှာဖြစ်ပါတယ်။

uthaungsunyein2

နည်းပညာနဲ့ပတ်သက်လို့ ပညာရှင်၊ လုပ်ငန်းရှင်၊ ဝါသနာရှင်စတဲ့ လူတွေအားလုံးအတွက် ဘယ်လိုမျိုးလုပ်ဆောင်ပေးနေပါသလဲ . . .

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့အောက်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခု အသင်းတွေရှိပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့က Policy Strategy တွေစဉ်းစားပြီး ပြည်နယ်နဲ့တိုင်းအသင်းတွေကို ဒါတွေရှိတယ်၊ လုပ်ချင်ကြလား၊ လုပ်မယ်ဆိုရင်တော့ ဘာတွေပံ့ပိုးပေးသွားမယ်ဆိုတဲ့ ပုံစံနဲ့သွားပါတယ်။ တချို့နိုင်ငံအသင်းအဆင့်က လုပ်ရမှာလေးတွေ နိုင်ငံအသင်းကနေ တိုက်ရိုက်လုပ်ပါတယ်။ သက်ဆိုင်ရာဒေသအသင်းက သူတို့ဘာသာလုပ်တာတွေလည်းရှိသလို၊ နိုင်ငံအသင်းကညှိပြီး လုပ်ကြမယ်ဆိုတာမျိုးလည်း လုပ်ကြပါတယ်။

ကျွန်တော်တို့ရဲ့အထက်မှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၊ MCF အောက်မှာ ကျွန်တော်တို့ရဲ့ ပညာရှင်အသင်း MCPA ဆိုတာရယ်၊ လုပ်ငန်းရှင်အသင်း MCIA - Myanmar Computer Industry Association ဆိုတာရယ် နိုင်ငံအဆင့်အသင်းနှစ်သင်းရှိတယ်။ လူသိသိပ်မများဘဲ လှုပ်ရှားမှုသိပ်မရှိတော့တဲ့ ဝါသနာရှင်အသင်း MCEA - Myanmar Computer Enthusiasts Association ဆိုတာရှိတယ်။ PA, IA, EA ပေါ့။ P ကတော့ ပညာရှင် Professional ၊ I ကတော့ Industry ၊ E ကတော့ Enthusiasts ဝါသနာရှင်ပါ။

ဘယ်လိုတာဝန်တွေခွဲထားသလဲဆိုတော့ လုပ်ငန်းရှင်အသင်းက အိုင်တီလုပ်ငန်းခွင် ဖွံ့ဖြိုးတိုတက်ဖို့အတွက် စီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေ၊ ကုမ္ပဏီတွေ လုပ်ငန်းတွေလုပ်ကိုင်ရာမှာ ပိုပြီးတော့အဆင်ပြေလွယ်ကူအောင် လုပ်တယ်။ တစ်ဦးချင်းစီဖြစ်တဲ့ ကုမ္ပဏီတွေထဲမှာရော အပြင်မှာ ကိုယ့်ဘာသာကိုယ် အသက်မွေးဝမ်းကြောင်းမှုလုပ်နေတဲ့ ပညာရှင်တွေ အကျိုးဖြစ်ထွန်းဖို့ ကျွန်တော်တို့အသင်းက လုပ်တယ်။

ကွန်ပျူတာပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက် သူပထမဆုံးစာသင်တဲ့အခါမှာ အထောက်အကူပြုနိုင်တဲ့တာတွေကို ကျွန်တော်တို့လုပ်ပေးပါတယ်။ တက္ကသိုလ်ကထွက်လာပြီးရင် သူလုပ်ငန်းခွင်ထဲဝင်မယ်ဆိုရင် ဘာ Skill တွေ လိုတယ်ဆိုတာကို ကျွန်တော်တို့က ထပ်ပြီးတော့ကြည့်တယ်။ သူလုပ်ငန်းခွင်ထဲ ရောက်သွားပြီ။ ဒါမှမဟုတ် လုပ်ငန်းတစ်ခုထူထောင်ထားတဲ့ပညာရှင်ကြီး Professional ကြီးဖြစ်နေပြီဆိုရင်လည်း စဉ်ဆက်မပြတ်အမြဲတမ်းလုပ်နေလို့ရအောင် ဘာတွေလုပ်ပေးရမလဲအစရှိတာတွေကို ကျွန်တော်တို့လုပ်တယ်။

MCEA ဝါသနာရှင်အသင်းဆိုတာကျတော့ ဟိုအရင်စဖွဲ့ခဲ့တုန်းက သူကအခြေခံပညာကျောင်းသားတွေနဲ့ ဖွဲ့တယ်ဆိုတာမျိုးဖြစ်သွားတယ်။ အမှန်တော့ သူကဒီဝါသနာရှင်ဆိုတော့ ခုနကလိုလုပ်ငန်းရှင်လည်းမဟုတ်၊ ပညာရှင်လည်းမဟုတ်ဘဲနဲ့ IT ကို စိတ်ဝင်စားတဲ့သူတွေနဲ့ဖွဲ့ရမှာ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအချိန်တုန်းက ဆွေးနွေးတိုင်ပင်ရင်းနဲ့ ကွန်ပျူတာဝါသနာရှင်အသင်းကို ပညာရေးဝန်ကြီးဌာနအောက်က အခြေခံပညာဦးစီးဌာနအရာရှိကြီးတွေနဲ့ ဖွဲ့စည်းပြီးတော့ အသင်းသားတွေကို အခြေခံပညာကျောင်းတွေက ကွန်ပျူတာဝါသနာပါတဲ့ ကလေးတွေကလည်း အသင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက အဲလိုမျိုးလေးစလာခဲ့ပေမယ့် နောက်ပိုင်းကျတော့ ဒီဝါသနာရှင်အသင်းက လုပ်ငန်းစဉ်တွေ သိပ်မရှိတော့ဘူး။ မလုပ်နိုင်တော့ဘူး။ အဲဒီလုပ်ငန်းရှင်၊ ပညာရှင်နဲ့ ဝါသနာရှင်သုံးခြမ်းခွဲပြီး လုပ်နေတဲ့အခါမှာ ဝါသနာရှင်အသင်းက ဆက်ပြီးလုပ်တာသိပ်မရှိတော့ ကျွန်တော်တို့လုပ်ငန်းရှင်နဲ့ ပညာရှင်အသင်းနှစ်သင်းက ပူးပေါင်းပြီးတော့ လိုအပ်ချက်တွေကို သွားသွားဖြည့်ပေးနေတယ်။ တကယ်တော့ ဝါသနာရှင်ရဲ့ Scope က ပိုပြီးတော့ကျယ်တယ်။ သူက ရိုးရိုးသာမန်ပြည်သူတွေ၊  IT လောကအပြင်က ပုဂ္ဂိုလ်တွေအတွက် နည်းပညာနဲ့ပတ်သက်တဲ့ ဗဟုသုတရအောင်လုပ်ပေးရတယ်။ ဥပမာ- စီးပွားရေးလုပ်ငန်းတွေအတွက် Social Media ဆိုတာဘာလဲ၊ ဒီဂျစ်တယ်နည်းပညာတွေဘာတွေလဲ၊ E-commerce ဘယ်လိုလုပ်ရလဲဆိုတာမျိုးတွေကို ဆွေးနွေးဟောပြောပွဲလုပ်တယ်။ IT နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်မြောက်အောင်လုပ်နိုင်ဖို့ နည်းလမ်းပြပေးတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေမျှဝေတာစသဖြင့် လုပ်ငန်းစဉ်တွေကို သူကလုပ်ရမှာ။ ဒါပေမယ့် အဲဒီအသင်းက လောလောဆယ်လှုပ်ရှားမှုမရှိနေတဲ့အတွက် ကျွန်တော်တို့ပညာရှင်နဲ့ လုပ်ငန်းရှင်နှစ်သင်းက ဝင်ဖြည့်ပေးနေပါတယ်။

Public အတွက်နဲ့ ပညာရှင်တွေအတွက်စသဖြင့် ရည်ရွယ်တဲ့ Exhibition တွေ Event တွေကိုရော တစ်နှစ်ကိုဘယ်နှစ်ကြိမ်လောက်တိုးလုပ်သွားမလဲ . . .

ကျွန်တော်တို့ဆီမှာ ပွဲအခမ်းအနားတွေက အမျိုးမျိုးရှိတယ်။ လူသိများတဲ့ပွဲကတော့ တပ်မတော်ခန်းမမှာလုပ်တဲ့ ပြပွဲတွေ။ ပြပွဲတွေကတော့ ကျွန်တော်တို့လုပ်ငန်းရှင်နဲ့ ပညာရှင်နှစ်သင်းပေါင်းပြီး စီစဉ်ပါတယ်။ အဲဒီလိုပွဲတွေကလည်း တိုင်းနဲ့ပြည်နယ်အသီးသီမှာ ကျင်းပဖြစ်ပါတယ်။ နိုင်ငံအသင်းဖြစ်တဲ့အတွက် ရန်ကုန်မှာဖြစ်ဖြစ်၊ နေပြည်တော်မှာဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့်ပွဲတွေဖြစ်တဲ့အထိ Conference လိုပွဲမျိုးတွေ၊ International ICT Exhibition ဆိုတာမျိုးပွဲတွေကို လုပ်ပါတယ်။ အဲဒီ Conference တွေထဲမှာ Developer Conference ၊ Networking Conference ၊ E-Government Conference ဆိုပြီး အမျိုးမျိုးရှိတယ်။ ပြပွဲတွေ၊ အသိပညာ၊ ဗဟုသုတ Technical တွေဖြန့်တဲ့ Conference တွေရှိတယ်။ နောက်အများပြည်သူနဲ့ ကျွန်တော်တို့ပညာရှင်၊ လုပ်ငန်းရှင်တွေ သိသင့်သိထိုက်တဲ့ နည်းပညာဆိုင်ရာဟောပြောပွဲတွေ၊ ဒါလည်းများသောအားဖြင့်ကတော့ ပညာရှင်အသင်းက လုပ်တာများတယ်။ အဲဒီမှာတော့ ကျွန်တော်တို့က Technical ဆန်တဲ့ဟာတွေဆိုရင် ပညာရှင်တွေဦးတည်ပြီးတော့ ဖိတ်တယ်။ အဲဒီပွဲတွေကတော့ နှစ်လတစ်ကြိမ်လောက် ပုံမှန်လုပ်နေတယ်။ ဒါကိုလည်း အကြိမ်အရေအတွက်များများ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်ကွန်ပျူတာပညာရှင်တွေအတွက်မဟုတ်ဘဲနဲ့ Non-IT သမားတွေအတွက်ကိုလည်း ကျွန်တော်တို့က Social Media ၊ Social Network Seminar ဆိုတာမျိုး တစ်နှစ်တစ်ကြိမ် ပုံမှန်လုပ်တယ်။ လောလောဆယ် ကျွန်တော်တို့အောင်မြင်ထားတဲ့ Format ကတော့ ရဲအရာရှိ၊ ဥပဒေအရာရှိ၊ နိုင်ငံရေးဝေဖန်သုံးသပ်တဲ့သူတွေ၊ Celebrity တွေကို ဖိတ်ပြီးတော့ ကျွန်တော်တို့လောကထဲက Social Media ၊ Digital Media ကျွမ်းကျင်တဲ့ IT ပညာရှင်တွေနဲ့ အတူတူတွဲထိုင်ခိုင်းပြီးတော့ Panel Discussion လေးတွေ လုပ်ပေးပါတယ်။ အဲလိုမျိုး Seminar တွေကတော့ နှစ်တိုင်းတိုးပြီးလုပ်နေပါတယ်။

အသင်းဝင်ဖို့ ဘယ်သူတွေကို ဖိတ်ခေါ်လေ့ရှိပါသလဲ။ အသင်းသားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိပါသလဲ . . .

ကွန်ပျူတာပညာရှင်အသင်းဆိုတော့ ကျွန်တော်တို့ကတော့ ဖိတ်ခေါ်တာက ကွန်ပျူတာတက္ကသိုလ်တို့၊ နည်းပညာတက္ကသိုလ်မှာရှိတဲ့ IT နဲ့ဆိုင်တဲ့ ဘွဲ့တို့စတက်ပြီဆိုရင် ကျွန်တော်တို့ရဲ့အသင်းသား၊ ကျောင်းသားအသင်းသားဖြစ်ပါပြီ။ ကျွန်တော်တို့မှာ Student Member ဆိုတဲ့ Member Category တစ်ခုရှိတယ်။ အဲဒီထဲကို သူတို့စဝင်လို့ရပြီ။ ဒါမှမဟုတ် ပြင်ကကျောင်းသားဆိုရင် ကျွန်တော်တို့အသိအမှတ်ပြုထားတဲ့ တစ်နှစ်၊ နှစ်နှစ် ဒီပလိုမာပရိုဂရမ်တွေရှိတယ်။ ဥပမာ - IT မဟုတ်တဲ့ တခြားဘွဲ့နဲ့ ကျောင်းပြီးတယ်။ နည်းပညာနဲ့ဆိုင်တာ တစ်ခုခုတက်နေတယ်ဆိုရင်၊ ကျွန်တော်တို့အဖွဲ့ရဲ့ အသိအမှတ်ပြုထားတဲ့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပုဂ္ဂလိကသင်တန်းတစ်ခုခု၊ ဒီပလိုမာတစ်ခုခုသွားတက်နေတယ်ဆိုရင် သူကလည်းအကျုံးဝင်ကောင်းဝင်နိုင်ပါတယ်။ အဲလိုမျိုးကျောင်းသား အသင်းသားအမျိုးအစားကို ကျွန်တော်တို့ကစပြီးတော့ လက်ခံတယ်။ သူတို့တွေကို ကျွန်တော်တို့က များများဝင်လာစေချင်တယ်။

သူတို့ဝင်လာတဲ့အခါမှာ ဘာ Benefit တွေရမလဲဆိုတော့ ကျွန်တော်တို့ပညာရှင်အသင်းက အဓိကက Knowledge Sharing ၊ ကျွန်တော်တို့လိုမျိုး သူတို့တွေထက် Generation တစ်ခုလောက်စောတဲ့ Seniors တွေ၊ ကျွန်တော်တို့ဒီလောကထဲကို ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ၊ ပညာရှင်တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအားလုံး၊ ဒီအသင်းက လူကြီးတွေက သူတို့ကို အများကြီးမျှဝေပေးနိုင်တယ်။ လက်တွဲခေါ်သွားနိုင်တယ်။ အဲဒီတော့ သူတို့အနေနဲ့ ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတာကို အနီးကပ်ထိတွေ့ပြီးတော့ မြင်သာလာနိုင်တယ်။ Software လိုက်မလား၊ Hardware လိုက်မလား၊ Networking လိုက်မလား၊ အဲလိုမျိုးသူစပြီး စဉ်းစားလို့ရတယ်။ IT Field ကျယ်ပြန့်တဲ့အတွက် ပိုပြီးမြင်လာနိုင်ပြီ။ မြင်လာနိုင်ပြီဆိုရင် ကျောင်းသားဘဝကနေ ပြီးသွားတဲ့အခါမှာ ကျွန်တော်က သူတို့ကိုတွဲဖက်အသင်းသားဆိုတဲ့ အဆင့်တစ်ဆင့်ကိုပေးတယ်။ သဘောက သူကတကယ့်ကို အပြင်လောကထဲကို ထွက်သွားပြီးရင် တကယ့် Fully Professional Member ကြီးမဟုတ်သေးဘူး။ သူကပညာပဲဆည်းပူးရသေးတာ၊ တကယ်တမ်းလုပ်ငန်းခွင်မှာ လက်တွေ့အသုံးမချဖူးသေးဘူး။ တကယ်တစ်ခုခုကို မတည်ဆောက်ရသေးဘူး။ အဲဒီလူကို ကျွန်တော်က Fully Professional Member လို့ မခေါ်သေးဘူး။ Associate Member ဆိုပြီး တွဲဖက်အသင်းသားဘဝရောက်သွားတဲ့သူတွေက အလုပ်ရှာနေတဲ့သူတွေ၊ အလုပ်တစ်နှစ်၊ နှစ်နှစ်ပြည့်အောင် မလုပ်ဖူးသေးတဲ့သူတွေပေါ့။ အဲလိုမျိုးလူတွေအရွယ်မှာလည်း ကျွန်တော်တို့က Technical Seminar တွေလုပ်တယ်။ ဥပမာ- Database စနစ်တစ်ခုခုကို ဒီထက်ပိုပြီးတော့ ခိုင်မာအောင်ဘယ်လိုလုပ်မလဲ။ သူတို့က အတွေ့အကြုံမရှိသေးတဲ့အတွက် စမ်းတဝါးဝါးဖြစ်နေတဲ့အရွယ်မှာ ကျွန်တော်တို့က အသင်းဝင်ဖြစ်တဲ့အတွက်ကြောင့် သူ့လိုအပ်ချက်တွေကို အကြံပေးတာဝေဖန်တာတွေ လုပ်ပေးနိုင်ပါမယ်။ နောက်ထပ်တစ်ဆင့် Technical Level နည်းနည်းမြင့်လိုက်ပြီးတော့ လက်တွေ့ Training တွေပေးသွားနိုင်ဖို့လည်း ကျွန်တေ်ာတို့လုပ်နေပါတယ်။ သူတို့အရွယ်လောက်မှာဆိုရင် တော်တော်များများက စာတွေ့ကတော့ စာကပြည့်စုံလာပြီး လက်တွေ့မရှိသေးတာ။ လက်တွေ့မရှိသေးတာက ဘယ်လိုမျိုးလေးတွေလည်းဆိုတော့ သူ့ဘာသာသူ စူးစူးစမ်းစမ်းလေ့လာတတ်တဲ့ ကျောင်းသားဆိုရင်တော့ သူကအင်တာနက်ပေါ်မှာတက်ပြီးတော့ YouTube က Video တွေကြည့်မယ်။ နောက်သင်ခန်းစာမျိုးစုံကို သူ့ဘာသာသူ စမ်းသပ်လိမ့်မယ်။ နောက်ပြီးတော့ သူ့ရဲ့ Laptop လေးတစ်လုံးမှာ Program တွေ ရေးနေလို့ရတယ်။ သူ့ရဲ့ဖုန်းတစ်လုံး၊ သူ့မိသားစုဝင်တွေရဲ့ ဖုန်းနှစ်လုံး၊ သုံးလုံးနဲ့စမ်းနေလို့ရတယ်ဆိုပေမယ့် တကယ်တမ်းဈေးကွက်ထဲကို သူဘယ်လိုမှမဖြန့်နိုင်ဘူး။ နောက်အမျိုးအစားဖုန်းတစ်လုံးမှာ ဘာဖြစ်သွားမလဲဆိုတာ သူမသိနိုင်ဘူး။ ပြီးတော့ သူတစ်ယောက်တည်း စမ်းနေတယ်။ သူ့သူငယ်ချင်းလေးငါးယောက်ကို ခေါ်ပြီးတော့ သုံးကြည့်ခိုင်းတာအဆင်ပြေပေမယ့် တကယ်လွှင့်လိုက်တဲ့အခါမှာ လူငါးရာ၊ တစ်ထောင်တကယ်တက်လာရင် System က ပျက်သွားတာ၊ တစ်ယောက်နဲ့ တစ်ယောက်ထိုးဖောက်ပြီးမြင်နေရတာ၊ အဲဒါတွေက သူတို့အနေနဲ့က မသိနိုင်ဘူး။ အဲဒီအတွက်ကို Server ပိုင်းတွေ သူတို့ကိုင်ကြည့်ဖူးဖို့လိုတယ်။ Application Server ကြီးတွေမှာတွေ ဘယ်လိုထားထားလဲဆိုတာ YouTube မှာကြည့်ရင် သူတို့မမြင်နိုင်ဘူး။ အဲဒါကျတော့ ကျွန်တော်တို့က အသင်းမှာ MCPA Lab ဆိုပြီးတော့ ပစ္စည်းတွေနဲ့ ခင်းကျင်းပြ သထားတာရှိတယ်။ အဲဒီမှာ သင်တန်းလေးတွေ ရံဖန်ရံခါ စီစဉ်ပေးတယ်။ အဓိကကတော့ လက်တွေ့ရက်တို သင်တန်းလေးတွေ။ အဲဒီ လက်တွေ့ရက်တိုသင်တန်းလေးတွေမှာ Router တွေ၊ Networking နဲ့ ဆိုင်တဲ့ပစ္စည်းတွေ၊ သူတို့က လက်လှမ်းမမီလောက်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့က သူတို့ကိုလက်တွေ့ပေး ကိုင်တွယ်စမ်းသပ်ကြည့်နိုင်အောင် လုပ်ပေးထားပါတယ်။

နောက်တစ်ဆင့်ပညာရှင်ဖြစ်သွားပြီဆိုရင်တော့ ပညာရှင် Full Professional Member ဖြစ်သွားတဲ့ လူတစ်ဦးလေ့လာရမယ့် နည်းပညာတွေက အမြဲတမ်းပြောင်းလဲတိုးတက်နေတော့ သူလေ့လာထားပြီးသား Technology ဆိုတာက ၃၊ ၄ နှစ်ကြာရင် နည်းနည်းလေး Outdate ဖြစ်သွားပြီ။ Professional တစ်ဦးဖြစ်ရင် ကိုယ့်ကိုယ့်ကို ပြန်ပြန်ပြီးတော့ ဖြည့်နေဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့အသင်းတွေက ကျင်းပတဲ့ Seminar တွေရှိတယ်။ နိုင်ငံခြား ပညာရှင်တွေလာတဲ့အခါမှာ အသင်းကနေတဆင့် အသင်းသားတွေဖိတ်ပြီး နည်းပညာဖလှယ်နိုင်အောင် ဟောပြောဆွေးနွေးပွဲတွေ စီစဉ်ပေးပါတယ်။ ပညာရှင်ဖြစ်ပြီးသားလူကလည်း အသင်းမှာအသင်းဝင်ထားဖို့လိုတယ်။ ဒါက Technical ပိုင်းပါ။ နောက်တစ်ခုကကျတော့ Professional ဆိုတဲ့ အသုံးအနှုန်းက အရေးကြီးလာတယ်။ ပညာတတ်ရုံနဲ့မရဘူး။ သူဟာတကယ့်ကို ကျင့်ဝတ်ကောင်းတဲ့ လူတော်လူကောင်းတစ်ယောက်ပါဖြစ်ဖို့လိုတယ်။ အဲဒီမှာ Guideline တွေ၊ Ethic တွေကလိုလာတယ်။ ကွန်ပျူတာပညာရှင်တစ်ယောက်ဟာ သူလိုက်နာရမယ့်ကျင့်ဝတ်တွေက Professional Guideline တွေဘာတွေရှိလဲ။ ကျွန်တော်တို့မှာ အသင်းသားအချင်းချင်း အမြဲတမ်းထိတွေ့နေဆွေးနွေးနေပြီးတော့ Society တစ်ခုအနေနဲ့က အချင်းချင်းထိန်းသွားဖို့လိုတယ်။ အဲဒီတော့မှသာ အပြင်ပတ်ဝန်းကျင်အတွက် တကယ်အကျိုးပြုနိုင်တဲ့ ပညာရှင်ဖြစ်မှာ။ ဥပမာအနေနဲ့ဆိုရင် ကွန်ပျူတာတတ်ကျွမ်းတဲ့သူတစ်ဦးဟာ ကျင့်ဝတ်အားနည်းတယ်ဆိုရင် သူ့ရဲ့ကုမ္ပဏီမှာ သူက Network တွေ၊ Server တွေ ထောင်ထားတယ်ဆိုရင် သူ့ကုမ္ပဏီဝန်ထမ်းတွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာ၊ စာပို့နေတာတွေ၊ Email ပို့နေတာတွေ၊ ဓာတ်ပုံတွေအကုန်လုံးကို လုပ်ချင်တယ်ဆိုရင် သူကဖွင့်ကြည့်နေလို့ရတယ်။ ယူနေလို့ရတယ်။ သူများရဲ့ Username ၊ Password တွေက သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေ ဖြတ်သွားနေရတာဆိုတော့ အဲဒါကို သူကကျင့်ဝတ်မကောင်းဘူးဆိုရင် ပြဿနာအများကြီးရှိနိုင်တယ်။ ကျွန်တော်တို့ရဲ့ Professional Society က ဒါတွေကိုအချင်းချင်း အမြဲတမ်းပြောဆိုပြီးတော့ ထိန်းသိမ်းပြောဆိုနေတာတွေ ရှိပါတယ်။

Career အခွင့်အလမ်းကောင်းကောင်းရဖို့ လူငယ်တွေလိုအပ်လေ့ရှိတဲ့ Internship Program တွေနဲ့ ပတ်သက်လို့ ဘယ်လိုအစီအစဉ်တွေ လုပ်ပေးလေ့ရှိပါသလဲ . . .

Internship အစီအစဉ်က ဒီနှစ်ထဲမှာ အကြီးမားဆုံး Project တစ်ခုအနေနဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း တက္ကသိုလ်တွေကို နောက်ဆုံးနှစ်ကျောင်းသားတွေအတွက် Internship လုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်ပို့ပေးလိုက်တယ်။ ကွန်ပျူတာတက္ကသိုလ်တွေက တစ်နိုင်ငံလုံးမှာ ၂၆ ခုလောက်ရှိတော့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ပြန့်နေတယ်။ ရန်ကုန်မှာဆိုရင် ကွန်ပျူတာတက္ကသိုလ် နှစ်ခုရှိတယ်။ အဲ့မှာတင်ကျောင်းသားက အများကြီးရှိတယ်။ အဲဒီလောက်အများကြီးက ကုမ္ပဏီတွေဆီဝင်လာပြီး Intern Position တွေ ရှာကြတော့ ရန်ကုန်ကျောင်းသားတွေနဲ့တင်ကို Intern Position တွေ ပြည့်သွားပါတယ်။ တခြားနယ်တွေမှာရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူတွေက သူတို့မြို့သူတို့နယ်မှာ Internship ဆင်းနိုင်တဲ့ Company တွေက မရှိပါဘူး။ အဲဒီအတွက် အခက်အခဲတွေ့ကြပါတယ်။ လက်ရှိတော့ အသင်းတွေအားလုံး ဝိုင်းဝန်းအဖြေရှာပြီး နည်းလမ်းသုံးမျိုးနဲ့ လုပ်ပေးခဲ့ကြပါတယ်။

ပထမနည်းလမ်းက မြို့ကြီးတွေဖြစ်ပြီး အိုင်တီကုမ္ပဏီလည်း အထိုက်အလျောက်ရှိတဲ့ ရန်ကုန်နဲ့ မန္တလေးက ကျောင်းသားကျောင်းသူတွေအတွက်တော့ အိုင်တီကုမ္ပဏီတွေ သို့မဟုတ် အိုင်တီဌာနရှိတဲ့ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းစတဲ့လုပ်ငန်းကြီးတွေမှာ Internship တွေ အသီးသီးရသွားကြတယ်။ MCIA ၊ MCPA အသင်းဝင်ကုမ္ပဏီတွေဆီကိုလည်း ပို့ပေးချိတ်ပေးပါတယ်။ ကျွန်တော်တို့ဆီက EC တွေလည်း ကျောင်းတွေမှာ ဟောပြောပွဲတွေ သွားလုပ်တာမျိုးတွေ လုပ်ပေးပါတယ်။

ဒုတိယနည်းလမ်းက တခြားနယ်က ကျောင်းသားကျောင်းသူတွေက ကိုယ့်ဘာသာ Internship ဆင်းဖို့ ကုမ္ပဏီမရှာနိုင်တော့ ရန်ကုန်သို့မဟုတ် မန္တလေးကိုလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ရန်ကုန်ဆိုရင် ကျောင်းသား ဦးရေ ၂၃၀ ဝန်းကျင် လာခဲ့ကြပါတယ်။ သူတို့ကို ရန်ကုန်မြို့ လှိုင်နယ်မြေမှာရှိတဲ့ MICP Park မှာ ခန်းမနေရာငှားပြီးတော့ တစ်လတိတိအသင်းက အလုပ်အမှုဆောင်အင်အား၊ ပြင်ပပညာရှင်တွေဖိတ်ပြီးတော့ Internship Support Program ဆိုပြီး လုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ နေ့စဉ်နေ့တိုင်း ကွန်ပျူတာကုမ္ပဏီပိုင်ရှင်တွေ၊ Manager တွေက လာပြီးတော့ လက်တွေ့လုပ်ငန်းခွင်မှာ လုပ်ရတဲ့အရာတွေကို သင်ပြ၊ ပြောပြပြီး လက်တွေ့လုပ်ပြခဲ့ကြပါတယ်။ ဒါက ကုမ္ပဏီတွေဆီသွားပြီး Internship ဆင်းတာနဲ့တော့ အပြည့်အဝမတူပါဘူး။ ဒီနည်းလမ်းကလည်း တော်တော်လေးအဆင်ပြေပါတယ်။ တကယ်လို့ ကုမ္ပဏီတစ်ခုမှာသွားပြီး ဆင်းတယ်ဆိုရင်တောင် တစ်ခုတည်းအကြောင်းပဲသိပြီး အဲဒီကုမ္ပဏီပိုင်ရှင်နဲ့တွေ့ဖိုဆိုတာထက် Supervisor ၊ Manager နဲ့လောက်ပဲ တွေ့ခွင့်ရခဲ့မှာပါ။ ကျွန်တော်တို့လုပ်ပေးခဲ့တဲ့ Program မှာတော့ ကျောင်းသားတွေက ပိုင်ရှင်တွေနဲ့လည်းတွေ့ပြီး စကားပြောခွင့်၊ လေ့လာခွင့်ရသလို သူတို့အချင်းချင်းကိုယ်တိုင်လည်း တစ်လနီးပါး အတူတူတွေ့ဆုံခဲ့ကြတာဆိုတော့ Network လေးတစ်ခုလည်း ဖြစ်သွားပါတယ်။

တတိယနည်းလမ်းကတော့ တောင်ငူမှာ လုပ်ဖြစ်ခဲ့တာပါ။ အိုင်တီစွန့်ဦးတီထွင်သူလုပ်ငန်းရှင်သုံးဦးက ဦးဆောင်ပြီး ကျောင်းသား Project တွေကို သွားကြီးကြပ်ပေးပါတယ်။ အဲဒီမှာကတော့ သုံးလကြာပါတယ်။ သူတို့ကုမ္ပဏီက လူတွေပါခေါ်သွားပြီး တကယ့်လက်တွေ့ရေးခိုင်းတာပါ။ သူတို့နှစ်ပတ်တစ်ခါလောက် တောင်ငူကိုပြန်သွားပြီး ကျောင်းသားတွေရေးထားတဲ့ Program တွေကို Critique လုပ်ပြီး လိုအပ်တာတွေ ပြန်ပြင်ခိုင်းတာမျိုးပါလုပ်ပေးတယ်။ ကြားအချိန်မှာတော့ Online ကနေပဲ ခေတ်မီနည်းစနစ်တွေ သုံးပြီး ကျောင်းသားတွေကို Supervise လုပ်ပေးခဲ့ပါတယ်။

အယ်ဒီတာအဖွဲ့