SEAC က ကြီးမှူးပြီး Unfolding Leadership Capability ဟောပြောပွဲကို သြဂုတ်လ၊ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်၊ Melia Hotel ၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ဝါရင့်နိုင်ငံတကာ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး၊ ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာတိုက်ရဲ့ စာရေးဆရာတစ်ဦး၊ SEAC ရဲ့ Chief Learning Architect ဖြစ်တဲ့ James R. Engel က စီးပွားရေးကဏ္ဍဆိုင်ရာခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ အခြေခံသဘောတရား၊ ခေါင်းဆောင်တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်နေသဘောထား၊ လိုက်နာကျင့်သုံးသင့်တဲ့ကျင့်ဝတ်တွေကို ရှင်းလင်းပို့ချပေးခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားစီမံမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေအပြင် ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲသူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေ၊ အရည်အသွေးမြင့်တင်ရာမှာ အကျိုးရှိစေတဲ့ Networked Learning သဘောသဘာဝတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ SEAC ရဲ့ Executive Consultant Dr. Siraya က ခေါင်းဆောင်အယောက် ၆၀ နဲ့အတူ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကဏ္ဍမှာ အရေးပါတဲ့အချက်တွေကို သုံးသပ်ခဲ့ကြပါတယ်။ SEAC ရဲ့ ဝါရင့်အတိုင်ပင်ခံပုဂ္ဂိုလ် Chief Learning Architect ဖြစ်သူ James R. Engel နဲ့ ပွဲမှာ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
SEAC အကြောင်းမိတ်ဆက် . . .
၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး APM Group အနေနဲ့ အာဆီယံဒေသတွင်းမှာ ခေါင်းဆောင်ပေါင်း အယောက်တစ်သိန်းငါးသောင်းကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး အတောင့်တင်းအခိုင်မာဆုံး အာရှလူမှုဖွံ့ဖြိုးတိုးတက်ရေး အကြံပေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အစောပိုင်းမှာ စီးပွားရေးကဏ္ဍပြောင်းလဲမှုကြောင့် SEAC (South East Asia Center) ဆိုပြီး ပြောင်းလဲရပ်တည်ခဲ့ပါတယ်။ SEAC က ကိုယ်လိုသလို ဖန်တီးနိုင်၊ လေ့လာနိုင်စွမ်းရှိမယ့် နေရာတစ်နေရာမှာ အာဆီယံဒေသတွင်း ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို ကမ္ဘာ့စီးပွားရေးပိုင်းဆိုင်ရာ လေ့လာသုံးသပ်မှုနဲ့ ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒေသတွင်းခေါင်းဆောင်မှုစွမ်းရည် မြင့်မားတိုးတက်ဖို့အတွက် အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်မှု၊ စီးပွားရေးလိုအပ်ချက်တွေနဲ့ သင့်တော်တဲ့ ကမ္ဘာ့ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ လေ့လာသုံးသပ်နိုင်မှု စွမ်းရည်တွေကို ပို့ချပေးနေပါတယ်။
Unfolding Leadership Capability ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ချက် . . .
ခေါင်းဆောင်မှုပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းရည်ကို ဖွင့်ဟခြင်း Unfolding Leadership Capability ပွဲက Myanmar Game Changers Series မှာ တတိယအကြိမ်မြောက်ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ အဓိကကတော့ အရှိန်အဟုန်မြင့်မြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသမှာဖြစ်ပေါ်နေတဲ့ Challenges တွေ၊ အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး မြန်မာအဖွဲ့အစည်းတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေနဲ့အတူ လေ့လာသုံးသပ်အဖြေရှာဖို့ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍ ပြောင်းလဲမှုအရှိန်အဟုန်နဲ့ လက်လှမ်းမီအောင် ဒါမှမဟုတ် ရှေ့ရောက်အောင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ကြိုးစားအားထုတ်နေရမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိကကျတဲ့ရည်ရွယ်ချက်က ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်နဲ့ လိုက်မီအောင် မြန်မာခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။
Unfolding Leadership Capability ပွဲမှာ အဓိကပြောကြားခဲ့တဲ့အချက်တွေ . . .
ကျွန်တော်တို့ရဲ့ လေ့လာသုံးသပ်ချက်နဲ့ အရင်ကပြုလုပ်ဖူးတဲ့ ပွဲနှစ်ပွဲအရ မြန်မာခေါင်းဆောင်တွေဟာ စီးပွားရေးလုပ်ကိုင်ရာမှာ ကြုံတွေ့ရတဲ့ အခွင့်အလမ်းတွေကို အမိအရယူပြီး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို စီမံခန့်ခွဲရာမှာ Challenge တွေရှိနေပါတယ်။ အကြီးအကဲတွေက ကိစ္စရပ်တော်တော်များများကို စီမံကိုင်တွယ်ဖြေရှင်းနေပြီး ကျန် Level တွေရဲ့ လုပ်ကိုင်နိုင်စွမ်းက လျော့နည်းနေလို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေရဲ့ အချိန်ကန့်သတ်ချက်နဲ့ ပြီးမြောက်အောင် ဖေးမကူညီလုပ်ကိုင်နိုင်စွမ်းရည် ကန့်သတ်ချက်တွေက အခွင့်အလမ်းတွေကို ဆုံးရှုံးစေပါတယ်။ ပြောင်းလဲမှုအရှိန်အဟုန်အဆင့်ဆင့်နဲ့ လိုက်လျောညီထွေမှုရှိအောင် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကုန်လုံးကို မဖြေရှင်းနိုင်ပါဘူး။
ခေါင်းဆောင်တွေအနေနဲ့ သူတို့ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် နောက်ထပ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ အစီအစဉ်ချမှတ်ရမှာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေ အများအပြားရှိခြင်းနဲ့ သူတို့ကိုအမြန်ဆုံး မြေတောင်မြောက်ပေးခြင်းက ပြိုင်ပွဲမှာထိပ်ဆုံးကနေပြီး ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အကောင်းဆုံးအထောက်အကူပဲ ဖြစ်ပါတယ်။
လတ်တလောလေ့လာတွေ့ရှိချက် (Asian Leadership Index, SEAC 2020 Leader Report) အရ မြန်မာနိုင်ငံဟာ ခေါင်းဆောင်တွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ လုပ်ရည်ကိုင်ရည်ကို တန်ဖိုးထားကြပါတယ်။ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၇ နိုင်ငံနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံက Visionary ခေါင်းဆောင်တွေကို ပိုပြီးအလေးပေးတယ်ဆိုတာ တွေ့ရှိရပါတယ်။ နောက်တစ်ခုကတော့ မြန်မာ့ခေါင်းဆောင်တွေမှာ လိုအပ်နေတာက Emotional Awareness ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်သဘောပေါက်နိုင်မှုစွမ်းရည် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ လုပ်ပုံကိုင်ပုံကဏ္ဍတွေကို အလေးပေးလာကြတာကို တွေ့ရပါတယ်။
အနာဂတ်မှာ အောင်မြင်ဖို့အတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာစွမ်းရည်နဲ့ လုပ်ကိုင်နိုင်စွမ်းတွေ လိုအပ်ပါတယ်။ ဒါပေမယ့် သင်တန်းတစ်ခုတက်ရုံနဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေကို တိုးတက်စေမှာမဟုတ်ပါဘူး။ ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်း၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေ မြင့်တင်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေက ဘာလဲဆိုတာကို Networked Learning ကနေတဆင့် သိမြင်နိုင်ပါတယ်။ ဒါကြောင့် စမတ်ကျတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ခေါင်းဆောင်တွေကို အရည်အချင်းမြင့်တင်၊ လေ့ကျင့်ပျိုးထောင်ပေးရာမှာ Networked Learning နဲ့ လေ့ကျင့်စေပြီး အချိန်ကုန်၊ ငွေကုန်သက်သာစေမယ့် နည်းလမ်းတွေကို အသုံးပြုသွားနိုင်စေမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဆက်လက်လုပ်ဆောင်သွားမယ့် အနာဂတ်အစီအစဉ် . . .
ဒီနှစ်နိုဝင်ဘာလထဲမှာ SEAC က နောက်ထပ်ဂိမ်းတစ်ခုဖြစ်တဲ့ Game Changer Talk ကို လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍပေါ် အခြေခံပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ SEAC ရဲ့ လေ့လာတွေ့ရှိချက်နဲ့ နက်နဲတဲ့အတွေ့အကြုံတွေအရ ဖွံ့ဖြိုးဆဲစီးပွားရေးလုပ်ငန်းတွေအတွက် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍက စီးပွားရေးကိုတိုးတက်စေပြီး လုပ်ရည်ကိုင်ရည်မြင့်တင်ပေးနိုင်မယ့် အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ HR ကို ရုံးလုပ်ငန်းပိုင်းနဲ့ ရုံးပိုင်းဆိုင်ရာကိစ္စရပ်တွေ မှတ်တမ်းတင်တဲ့အလုပ်လို့ပဲ မြင်လေ့ရှိကြပါတယ်။ HR ပိုင်းကို သေချာကိုင်တွယ်စီမံတဲ့ ကုမ္ပဏီတွေက ဈေးကွက်မှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာဖြစ်ပြီး အကောင်းဆုံးအလုပ်ရှင် ကုမ္ပဏီဖြစ်လာမှာပါ။ SEAC က မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍအတွက် အောင်မြင်ရေးသော့ချက်တွေကို မျှဝေပေးသွားမှာဖြစ်ပြီး မြန်မာ့စီးပွားရေးစီမံခန့်ခွဲမှုမှာ ထိရောက်တဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ဖို့အတွက် အဓိကထားဆောင်ရွက်ရမယ့်အရာတွေကို ပြောကြားသွားမှာ ဖြစ်ပါတယ်။
လင်းနေခြည်