CEO Magazine အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်က နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ မှာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ အင်တာဗျူးမှာ လက်ရှိပြည်သူ့အစိုးရအနေနဲ့ အခွန်နဲ့ပတ်သက်ရင် ဘယ်လိုပေါ်လစီတွေနဲ့ လုပ်ဆောင်နေတယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခွန်နဲ့ပတ်သက်လို့ ဘယ်လိုဖြေလျော့မှုတွေ လုပ်ဆောင်ပေးနေတယ်၊ အခွန်အမျိုးအစားအမျိုးမျိုးဘာတွေရှိတယ်၊ တကယ့်လက်တွေ့လုပ်ငန်းအခြေအနေတွေမှာတွေ့ရတဲ့ အဆင်မပြေမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုဆက်သွယ် Feedback ပေးသွားလို့ ရနိုင်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
လက်ရှိအစိုးရရဲ့ အခွန်ကဏ္ဍနဲ့ပတ်သက်တဲ့ ပေါ်လစီ
----------------
ကျွန်တော်တို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်မူဝါဒအနေနဲ့ကတော့ ငါးချက်ချမှတ်ထားပါတယ်။ နံပါတ် ၁ အချက်အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ အသုံးစားစရိတ်အတွက်ကိုသာ အခွန်ကောက်ခံခြင်းမဟုတ်ဘဲနဲ့ အစိုးရရဲ့ ညီညွတ်မျှတတဲ့ ရသုံးငွေကြေးစနစ်ကို ဖော်ဆောင်ပြီးတော့ ငွေကြေးလည်ပတ်မှုမှန်ကန်စေဖို့အချက် ဖြစ်ပါတယ်။ နံပါတ် ၂ အချက်အနေနဲ့ကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းဖို့ပါပဲ။ နောက်နံပါတ် ၃ အချက်ကတော့ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ နောက်ပြီးတော့ စုဆောင်းမှုတွေမှာ အခွန်အကောက်နဲ့ ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ နံပါတ် ၄ အချက်အနေနဲ့ကတော့ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုဖို့နဲ့ နောက်ဆုံးအချက်ကတော့ ဝင်ငွေခွဲဝေမှုမျှတမှန်ကန်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ဆိုပြီးတော့ မူဝါဒငါးရပ်ချမှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိကဏ္ဍအလိုက် လုပ်ငန်းတွေအနေနဲ့ ပေးဆောင်ဖို့သတ်မှတ်ထားတဲ့ အခွန်စနစ်တွေနဲ့ နှုန်းထားများ
----------------------
ပြည်တွင်းအခွန်များဦးစီးဌာနကနေပြီးတော့ စီမံခန့်ခွဲလျက်ရှိတဲ့ ဥပဒေအခွန်တွေကတော့ ငါးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ အောင်ဘာလေသိန်းဆုခွန်တို့ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ပထမဆုံးနှုန်းထားအနေနဲ့ တင်ပြရမယ်ဆိုရင် ဝင်ငွေခွန်အနေနဲ့ ဥပမာ- ကုမ္ပဏီတို့၊ အစုစပ်တို့၊ ဖက်စပ်တို့၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကို ကောက်တဲ့အခွန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Corporate Income Tax ပါ။ သူ့ရဲ့နှုန်းထားကတော့ ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ဦးချင်းပုဂ္ဂိုလ်တွေပေါ်မှာ ကောက်ခံတဲ့နှုန်းထားကတော့ ၀ ရာခိုင်နှုန်းကနေပြီးတော့ ၂၅ ရာ ခိုင်နှုန်းဖြစ်ပါတယ်။ သူက အဆင့်ဆင့်နှုန်းထားတွေ ယူရတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အခြေပစ္စည်းမှ မြတ်စွန်းငွေဖြစ်ပါတယ်။ အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ်မှာကတော့ ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာကတော့ ၄၀၊ ၄၅ နဲ့ ၅၀ ဆိုပြီး ရာခိုင်နှုန်းတွေနဲ့ ကောက်ခံလေ့ရှိပါတယ်။ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ နောက်ဆုံးတစ်ခုကတော့ စည်းကြပ်မှုကနေလွတ်ကင်းနေတဲ့ အခွန်ပါ။ အဲဒါကတော့ လူတိုင်းပြောနေတဲ့ အိမ်ခြံမြေတို့၊ ကားတို့ စသဖြင့် ဝယ်တဲ့အချိန်မှာ ကောက်ခံတဲ့အခွန်ပါ။ အဲဒီအခွန်ကလည်း တကယ်ကတော့ ဝင်ငွေရတမ်းဖော်ပြနိုင်တဲ့ လူတွေအဖို့မှာတော့ ပေးစရာမလိုပါဘူး။ အရပ်အခေါ်ဆိုရင်တော့ ငွေဖြူ ဖြစ်ပါတယ်။ အဲဒီငွေဖြူရှိတဲ့ လူတွေကတော့ ပေးစရာမလိုပါဘူး။ ငွေဖြူမရှိတဲ့သူ၊ တစ်နည်းအားဖြင့် ပြောရရင် ဝင်ငွေရတမ်း မဖော်ပြနိုင်တဲ့လူတွေအဖို့မှာတော့ အဲဒီနှုန်းထားနဲ့ ပေးရတာဖြစ်ပါတယ်။ ဒါကတော့ ဝင်ငွေနဲ့ ပတ်သက်တဲ့ကိစ္စပါ။ အဲဒီမှာ ဝင်ငွေပေါ်မှာမှ ထပ်ပြီးတော့ ကျွန်တော်တို့က အခွန်ကင်းလွတ်ခွင့်တွေ၊ အခွန်လျော့နည်းမှုတွေ မဖြစ်ဖို့ဆိုပြီးတော့ ကြိုတင်ကောက်ခံတဲ့ ကိစ္စတွေရှိပါတယ်။ အဲဒါက ကြိုတင်ဝင်ငွေခွန်ဆိုတာ တစ်ခုရှိပါတယ်။ ဒါကတော့ လုပ်ငန်းရှင်တွေက ပို့ကုန်သွင်းကုန်လုပ်တဲ့အချိန်တွေမှာ ကောက်တဲ့ကိစ္စပါ။ နောက်တစ်ခုကျတော့ ငွေထုတ်ပေးချိန်မှာ ကောက်တဲ့အခွန်ပါ။ အဲဒါကတော့ ပင်ရင်းကနုတ်ယူပေးသွင်းတဲ့ ကြိုတင်ဝင်ငွေခွန်ပါ။ လူတွေခေါ်နေကြတဲ့ Withholding Tax ပါ။ ဒါတွေကတော့ ဝန်ငွေခွန်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ နှုန်းထားတွေ ဖြစ်ပါတယ်။
ဆက်လက်ပြီး တင်ပြလိုတာကတော့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်တဲ့နှုန်းထားတွေပါ။ ကုန်သွယ်လုပ်ငန်းခွန်မှာ အခွန်မကျသင့်တဲ့ ကုန်စည် ၈၇ မျိုးရှိပါတယ်။ ဝန်ဆောင်မှုအနေကတော့ အခွန်မကျသင့်တဲ့ ဝန်ဆောင်မှု ၂၉ မျိုးရှိပါတယ်။ ကျန်တဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုတွေပေါ်မှာကတော့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကျမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ရောင်းချခြင်းလုပ်ငန်းတွေအပေါ်မှာကတော့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းပါ။ ပြည်တွင်းလေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေမှာကတော့ ၃ ရာခိုင်နှုန်းနဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းလုပ်ငန်းတွေမှာကျတော့ ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်းဆိုပြီး ကောက်ခံပါတယ်။ ကျန်တာတွေ အကုန်လုံးကတော့ Standard Rate အနေနဲ့ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပို့ကုန်တင်ပို့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန်ကတော့ ၀ ရာခိုင်နှုန်းပါ။ ခြွင်းချက်အနေနဲ့ကတော့ လျှပ်စစ်ဓာတ်အားနဲ့ ရေနံစိမ်းတင်ပို့တဲ့လုပ်ငန်းတွေကတော့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အထူးကုန်စည်ခွန် ဖြစ်ပါတယ်။ အထူးကုန်စည်ကတော့ ကျွန်တော်တို့က နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်ရဲ့ တွင်းထွက်ပစ္စည်းနဲ့ သယံဇာတတွေအတွက်သော်လည်းကောင်း၊ ဇိမ်ခံပစ္စည်းတွေအပေါ်မှာ ကောက်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီရဲ့ အထူးကုန်စည်ခွန်ကတော့ ၁၇ မျိုးရှိပါတယ်။ နှုန်းထားတွေအနေနဲ့ကတော့ ၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ ရှိပါတယ်။
နောက်တစ်ခုကတော့ တံဆိပ်ခေါင်းခွန်ပါ။ တံဆိပ်ခေါင်းခွန်လို့ပြောရင် တံဆိပ်ခေါင်းခွန်နဲ့ ရုံးခွန်ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။ တံဆိပ်ခေါင်းခွန်ကတော့ ဇယားတစ်ခုပဲရှိပြီးတော့ အဲဒီဇယားတစ်မှာ စာချုပ်စာတမ်းပေါင်း ၆၅ မျိုးရှိပါတယ်။ သက်ဆိုင်ရာ စာချုပ်စာတမ်းပေါ်မူတည်ပြီး နှုန်းထားလည်းပေးရမှာ ဖြစ်ပါတယ်။ ရုံးခွန်မှာကတော့ ဇယား ၁ နဲ့ ဇယား ၂ ဆိုပြီး ရှိပါတယ်။ ဇယား ၁ မှာကတော့ စာချုပ်စာတမ်း ၁၄ မျိုးရှိပြီး ဇယား ၂ မှာတော့ စာချုပ်စာတမ်း ၁၁ ခုရှိပါ တယ်။ သူလည်း ဇယားပေါ်မူတည်ပြီး နှုန်းထားတွေ ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အောင်ဘာလေသိန်းဆုခွန်ဖြစ်ပါတယ်။ သူကတော့ ကျွန်တော်တို့ စုစုပေါင်းရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ်ပေးပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကိုတော့ နိုင်ငံတော်အခွန်အဖြစ် ပေးတာဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ အပြောင်းအလဲလုပ်ထားတဲ့ အခွန်စနစ်တွေနဲ့ ယင်းတို့ရဲ့အားသာချက်၊ အားနည်းချက်
------------------------------
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို အရင်ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့တာကတော့ ၂၀၁၂-၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်မှာပါ။ အဲဒီမှာ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းတွေဆီက ပညာရှင်တွေ ကျွန်တော်တို့ဌာနကို လာပြီးတော့ လေ့လာမှုတွေပြုလုပ်ပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ UMFCCI တို့၊ မြန်မာနိုင်ငံစာရင်းကောင်စီတို့မှာ သွားရောက်တွေ့ဆုံပြီးတော့ လေ့လာမှုတွေ ပြုလုပ်ပါတယ်။ အဲဒီအချိန်ကာလတုန်းက ကျွန်တော်တို့အခွန်ဌာနရဲ့ အခွန်နဲ့ GDP အချိုးကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ၃ ရာခိုင်နှုန်းက အင်မတန်နည်းတဲ့ အခြေအနေရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ တည်ဆဲဥပဒေတွေကို ပြန်ကြည့်တဲ့အခါမှာလည်း တည်ဆဲဥပဒေတွေက ခေတ်စနစ်နဲ့ လျော်ညီမှုမရှိတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် သူတို့က ကျွန်တော်တို့ကို အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ သူတို့အကြံပြုတဲ့နေရာမှာ အချက်ငါးချက်လောက် ရှိပါတယ်။ ပထမအချက်ကတော့ လက်ရှိအခွန်ရုံးက အခွန်စည်းကြပ်နေတဲ့စနစ်အစား အခွန်ထမ်းက ကိုယ်တိုင်တွက်ချက်ပြီးတော့ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်တဲ့ စနစ်ကို ပြောင်းလဲဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ရဲ့သွယ်ဝိုက်ခွန်ဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ထပ်ဆင့်တန်ဖိုးခွန်(Value-Added Tax) တို့ ကုန်စည်နဲ့ ဝန်ဆောင်မှုခွန် (Good and Service Tax) တို့ စသဖြင့် ပြောင်းလဲကျင့်သုံးဖို့ အကြံပြုပါတယ်။ နောက်တစ်ခုကတော့ တစ်ခုတည်းသော အခွန်ထမ်းမှတ်ပုံတင်နံပါတ်ပေးဖို့ကို အကြံပေးပါတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ဆီမှာ Data Center တွေ တည်ထောင်ဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ခေတ်မီ IT နည်းပညာတွေ အသုံးပြုပြီးတော့ ခေတ်မီအခွန်စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ဖို့ ဆော့ဖ်ဝဲတစ်ခုဝယ်ဖို့ အကြံပြုပါတယ်။ အဲဒါတွေနဲ့ ဆက်နွှယ်ပြီး ဆောင်ရွက်ရမယ့်အရာတွေကတော့ ကျွန်တော်တို့အနေနဲ့ ဖွဲစည်းပုံပြင်တာတို့၊ အခွန်ပညာပေးတွေလုပ်တာတို့၊ အခွန်ဝန်ထမ်းတွေကို Training ပေးတာတို့ စသဖြင့်ရှိပါတယ်။ အဲဒီလိုအကြံပြုခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်၊ ဒုတိယအဆင့်ဆိုပြီး ရှိပါတယ်။ ပထမအဆင့်ကတော့ ၂၀၁၂-၁၃ ကနေပြီးတော့ ၂၀၁၆-၁၇ ထိ ငါးနှစ်ဖြစ်ပါတယ်။ ငါးနှစ်တော့ ပြီးခဲ့ပါပြီ။ ဒုတိယအဆင့်ကတော့ ၂၀၁၇-၁၈ ကနေပြီးတော့ ၂၀၂၁-၂၂ နောက်ထပ်ငါးနှစ် ဖြစ်ပါတယ်။ အဲဒီမှာ ပြုပြင်ပြောင်းလဲမှုတွေအနေနဲ့ တင်ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာကတော့ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို အခွန်ထမ်း ၄၅၀ လောက်နဲ့ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒီအခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံတဲ့ အခွန်တွေရဲ့ ၄၅ ရာခိုင်နှုန်းလောက် ကောက်ခံတဲ့ရုံး ဖြစ်ပါတယ်။ အဲဒီရုံးကို ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ အလယ်အလတ်တန်းဆိုင်ရာ အခွန်ရုံး (၁) ကိုလည်း အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်နဲ့ ပြောင်းလဲနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ဖွဲ့စည်းပုံကို လုပ်ဆောင်မှုကိုအခြေပြုတဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲနိုင်ခဲ့မှုပါ။ အခုအစိုးရလက်ထက်မှာကတော့ အလယ်အလတ်တန်းဆိုင်ရာ အခွန်ရုံး (၁)ကို အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ အလယ်အလတ်တန်းဆိုင်ရာ အခွန်ရုံး (၂) ကိုလည်း ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ အခုလာမယ့်နှစ်မှာတော့ အလယ်အလတ်တန်းဆိုင်ရာ အခွန်ရုံး (၂) ကိုလည်း အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်စနစ်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဒါကလည်း စနစ်ပြောင်းလဲလိုက်တဲ့အခါမှာ လက်ရှိအစိုးရသစ်လက်ထက်မှာ လုပ်နိုင်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန်မှာပါနေတဲ့ အထူးကုန်စည်တွေကို နိုင်ငံတကာနည်းတူ အထူးကုန်စည်ခွန်ဥပဒေဆိုပြီး ၂၀၁၆ ခုနှစ်မှာ သီးခြားပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါကလည်း ပြောင်းလဲလုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကို ပြင်ဆင်ပြီးပါပြီ။ အားလုံးအဆင်သင့်ဖြစ်ပါပြီ။ လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာ တင်ပြပြီးတော့ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်။ ဒါကတော့ လက်ရှိအစိုးရသစ်လက်ထက်မှာ ဆောင်ရွက်နေတာတွေ ဖြစ်ပါတယ်။
ဖြေလျှော့ပေးထားတဲ့ အခွန်စနစ်များနဲ့ နှုန်းထားများ
-----------------------
ကျွန်တော်တို့အနေနဲ့ ဖြေလျှော့မှုတွေကို ၂၀၁၂ ခုနှစ်က စပြီးပြုလုပ်ခဲ့ပါတယ်။ ဥပမာ- ဝင်ငွေခွန်အနေနဲ့ ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာတုန်းက မြန်မာကုမ္ပဏီတွေရဲ့ အခွန်နှုန်းထားက ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အခွန်နှုန်းထားက ၃၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒီနှုန်းထားနှစ်ခုကို ၂၅ ရာခိုင်နှုန်းနဲ့ တစ်ပြေးညီတည်းဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒါကတော့ သိသာတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုကဝန်ငွေခွန်နဲ့ပဲ ပင်ရင်းမှနုတ်ယူပေးသွင်းတဲ့ ကြိုတင်ဝင်ငွေခွန်၊ တစ်နည်းအားဖြင့် Withholding Tax လို့ ခေါ်ပါတယ်။ Withholding Tax မှာလည်း ပြည်တွင်းနေနိုင်ငံသားတွေက ပင်ရင်းကနေ နုတ်ယူပေးသွင်းရမယ့်ဥစ္စာကလည်း ၂၀၁၂ ခုနှစ်ရှေ့ပိုင်းမှာဆိုရင် ၃ ရာခိုင်နှုန်းပါ။ အဲဒါကို ကျွန်တော်တို့ ၂ ရာခိုင်နှုန်း ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ဆိုရင်လည်း ၃.၅ ရာခိုင်နှုန်းကနေ ၂.၅ ရာခိုင်နှုန်းကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါတွေကဝင်ငွေခွန်နဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။
နောက်တစ်ခုက ကုန်သွယ်လုပ်ငန်းခွန်နဲ့ပတ်သက်လို့ ၂၀၁၂ ခုနှစ်ရဲ့ ရှေ့ပိုင်းမှာ ကုန်သွယ်လုပ်ငန်းခွန်မှာ ဇယား ၁ ကနေ ဇယား ၇ အထိ ဇယားအလိုက် ရှိပါတယ်။ အဲဒီလိုဇယားတွေနဲ့နှုန်းထားတွေ မျိုးစုံရှိရာကနေ အခုချိန်မှာတော့ အခွန်မကျသင့်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုကလွဲပြီး ကျွန်တော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန်က ၅ ရာခိုင်နှုန်းနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ VAT တို့၊ GST တို့လိုမျိုး ပုံစံတူအောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါကကုန်သွယ်လုပ်ငန်းခွန်နဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေပါ။
တံဆိပ်ခေါင်းခွန်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှုတွေ တင်ပြရမယ်ဆိုရင် အရင်တုန်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့တွေမှာဆိုရင် စည်ပင်သာယာရေးအတွက်ကို ကောက်ခံပေးတဲ့ ၂ ရာခိုင်နှုန်း အပါအဝင် တံဆိပ်ခေါင်းခွန်က အိမ်ခြံမြေတွေ ၊ အခြေပစ္စည်းတွေ လွှဲပြောင်းခြင်းပေါ်မှာ တံဆိပ်ခေါင်းခွန်ကို ကျွန်တော်တို့က အင်္ဂလိပ်လိုဖြစ်တဲ့အတွက် Conveyance Tax လို့ ခေါ်ပါတယ်။ အဲဒီအပေါ်မှာ ယခင်တုန်းကဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာဆိုရင် ၇ ရာခိုင်နှုန်း ပေးရပါတယ်။ ကျန်ပြည်နယ်တိုင်းတွေမှာတော့ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခုချိန်မှာတော့ တစ်နိုင်ငံလုံးက ပြည်ထောင်စုအတွက်က ၂ ရာခိုင်နှုန်းနဲ့ ပြည်နယ်တိုင်းတွက် နှစ်ရာခိုင်နှုန်းဆိုပြီး စုစုပေါင်း ၄ ရာခိုင်နှုန်းဆိုပြီး ကျွန်တော်တို့ ဖြေလျှော့ပေးနိုင်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ Bond တွေပါ။ Bond တွေနဲ့ပတ်သက်ရင်တော့ အရင်တုန်းက ကျွန်တော်တို့ ၁.၅ ရာခိုင်နှုန်းကနေပြီးတော့မှ အခု ဝ.၅ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက အခြေပစ္စည်းလွှဲပြောင်းခြင်း Share Transfer လုပ်တဲ့ဟာပါ။ အခုအခါမှာ ရန်ကုန်စတော့အိတ်ချိန်းလည်း ပေါ်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှယ်ယာတွေ လွှဲပြောင်းလုပ်တဲ့အခါမှာ အရင်တုန်းက ဝ.၃ ရာခိုင်နှုန်း ပေးရပါတယ်။ အခုချိန်မှာဆိုရင်တော့ ဝ.၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖြေလျှော့မှုပေးတဲ့အခါမှာ ဘာတွေပေးခဲ့လဲဆိုရင် မကြာသေးခင်ကာလကစပြီးတော့ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့ ရုံးနှစ်ရုံးမှာရှိတဲ့ အခွန်ထမ်းတွေကနေပြီးတော့ ပို့ကုန်တင်ပို့တဲ့အခါမှာ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဖြေလျှော့ပေးခဲ့ပါတယ်။ ဝင်ငွေခွန်မှာလည်း တချို့ဖြေလျှော့မှုပေးတာတွေ ရှိပါတယ်။ အရင်တုန်းကဆိုရင် ကင်းလွတ်ခွင့်တွေပေးတဲ့နေရာမှာ နုတ်ပယ်ခွင့်ပေးရာမှာ အတူနေမိဘဆိုပြီး မရှိခဲ့ပါဘူး။ အခုအခါမှာတော့ အတူနေမိဘတွေကို နုတ်ပယ်ခွင့်တွေပေးခဲ့ပါတယ်။ နောက်တစ်ခုက အရင်တုန်းကဆိုရင် (ဝင်ငွေခွန်ကို) တစ်ကျပ်ကစပြီးပေးရတာပါ။ ယခုအခါဆိုရင် သုညကနေ သိန်းနှစ်ဆယ်ထိလည်း ၀ ရာခိုင်နှုန်း အစရှိသဖြင့် ဖြေလျှော့ပေးခဲ့ပါတယ်။ နောက်တစ်ခုက လစာနဲ့ပတ်သက်ရင် လစာ ၄၈ သိန်းမကျော်ဘူးဆိုရင် အခွန်မစည်းကြပ်တာမျိုး ဖြေလျှော့ပေးတာတွေ ရှိပါတယ်။
အခွန်ဆောင်ဖို့ သတ်မှတ်ပေးထားတဲ့ အချိန်ကာလက ကာလတိုဖြစ်တဲ့အတွက် တချို့လုပ်ငန်းတွေက အခက်အခဲရှိတယ်လို့ ကြားရပါတယ်။ ဘယ်လိုဖြေရှင်းပေးသွားဖို့ အစီအစဉ်ရှိပါသလဲ
----------------------
အဲဒီမှာ ရှင်းပြချင်တာကတော့ နှစ်ပိုင်းရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာကတော့ ဝင်ငွေခွန်နဲ့ ပတ်သက်ပြီးတော့ပါ။ ဝင်ငွေခွန်နဲ့ကတော့ ကျွန်တော်တို့ တည်ဆဲဥပဒေမှာ ဝင်ငွေပေးရန်တာဝန်က သုံးလတစ်ကြိမ် လကုန်ပြီးတော့ ဆယ်ရက်အတွင်းမှာပေးဖို့ တာဝန်ရှိပါတယ်။ နောက်တစ်ခုကတော့ ဝင်ငွေခွန်မှာပဲ ဥပမာ- အခြေပစ္စည်းတွေ လွှဲပြောင်းတယ်၊ ရောင်းချတယ်ဆိုရင်လည်း လွှဲပြောင်းတဲ့နေ့ကစပြီး ရက်ပေါင်းသုံးဆယ်အတွင်းမှာ ပေးဖို့တာဝန်ရှိပါတယ်။ နောက်တစ်ခုက ပင်ရင်းမှ နုတ်ယူပေးသွင်းတဲ့ ကြိုတင်ဝင်ငွေခွန်ပါ။ ဒါဆိုရင်လည်း စပြီးနုတ်ယူပေးသွင်းတဲ့အချိန်ကစပြီး ခုနှစ်ရက်အတွင်းမှာပေးဖို့ တာဝန်ရှိပါတယ်။ လစာအပေါ်မှာ နုတ်ယူပေးသွင်းတယ်ဆိုရင် နုတ်ယူပေးသွင်းတဲ့ချိန်ကစပြီး ခုနစ်ရက်တွင်းမှာ ပေးသွင်းဖို့တာဝန်ရှိပါတယ်။ ဒါကတော့ ဝန်ငွေခွန်နဲ့ပတ်သက်လို့ပါ။
ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်ရင်တော့ ကုန်သွယ်လုပ်ငန်းခွန်ကတော့ သွယ်ဝိုက်ခွန်ဖြစ်ပါတယ်။ သူ့ရဲ့တကယ့်ပေးရန်တာဝန်သည် စားသုံးသူတွေ၊ ဝန်ဆောင်မှုရယူသူတွေ၊ တစ်နည်းအားဖြင့်ပြောရရင် End User တွေရဲ့ဥစ္စာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ ကျွန်တော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ (ခ) မှာပါတဲ့အတိုင်းပဲ ပြည်တွင်းအခွန်များကိုယ်စား ကောက်ခံပြီးတော့ ပြည်တွင်းခွန်ကို သွင်းပေးရတာဖြစ်ပါတယ်။ အဲဒီတော့ စပြီးကောက်လိုက်တဲ့အချိန်ကနေပြီးတော့ ဒီပိုက်ဆံက နိုင်ငံတော်ပိုက်ဆံ ဖြစ်သွားပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေ ချက်ချင်းပိုက်ဆံသွင်းရင် အခက်အခဲဖြစ်မှာစိုးတဲ့အတွက် တစ်လထားပြီးတော့ လကုန်ပြီးလို့ ဆယ်ရက်တွင်းမှာ ပေးဖို့လုပ်ခိုင်းတာဖြစ်ပါတယ်။ ဒါကလည်း တစ်နည်းအားဖြင့် ကျွန်တော်တို့ ပြန်လေ့လာတဲ့အခါမှာ နိုင်ငံတကာမှာ နိုင်ငံအများစုက ဝင်ငွေခွန်နဲ့ ပတ်သက်ရင် နှုန်းထားအကျေပေးဖို့လုပ်ထားတာ ရှိပါတယ်။ ကုန်သွယ်ခွန်ကတော့ သွယ်ဝိုက်ခွန်ဖြစ်တဲ့အတွက် များသောအားဖြင့် တစ်လပဲ အချိန်ပေးတာမျိုးတွေ ရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒါတွေကိုဖြေလျော့ပေးဖို့အခြေအနေ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ သုံးသပ်ကြည့်ပါဦးမယ်။
ပြည်သူတွေဆီက Feedback တွေ၊ Complaint တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးနေပါသလဲ။ အချိန်ဘယ်လောက်အတိုင်းအတာအတွင်း Complaint တွေကို ပြန်လည်ဖြေရှင်းပေးနေပါသလဲ။ မရှင်းလင်းသည်များ၊ ဆွေးနွေးတိုင်ပင် အကြံပြုချက်ရယူချင်ရင် ဘယ်လိုဆက်သွယ်ရပါမလဲ
---------------------
ကျွန်တော်တို့ ၂၀၁၁ ခုနှစ်လောက်ကစပြီးတော့ အခွန်ဝန်ဆောင်မှုရုံးဆိုပြီးတော့ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်လှစ်ထားပါတယ်။ အဲဒီမှာ အခွန်ထမ်းတွေအနေနဲ့ မရှင်းလင်းတာတွေ၊ သိချင်တဲ့အချက်တွေကို ကျွန်တော်တို့ဖြေကြားပေးပါတယ်။ ဖြေကြားပြီးတော့ ကျွန်တော်တို့က ဘာလုပ်ထားလဲဆိုရင် အဲဒီရဲ့အဖြေတွေကို ရုံးချုပ်ကိုပို့ပြီးတော့ ရုံးချုပ်မှာ တစ်ခါထပ်ပြီးတော့ စံပြမေးခွန်းနဲ့ အဖြေလေးတွေ လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီးရင် အဲဒါတွေအကုန်လုံးကို ကျွန်တော်တို့က ပြည်နယ်တိုင်း၊ မြို့နယ်တွေ အကုန်လုံးကိုဖြန့်ပြီးတော့ မေးတာတွေ ဖြေကြားလို့ရအောင်၊ တစ်ပြေးညီလည်း ဖြစ်အောင်လုပ်ပေးပါတယ်။
ဒါ့အပြင် ပြည်နယ်တိုင်းက တိုင်းရုံးတွေ၊ မြို့နယ်ရုံးတွေမှာ ဝန်ဆောင်မှုရုံးလေးတွေ ဖွင့်ထားတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ (IRD) ရဲ့ Website မှာလည်း တချို့သိချင်တဲ့ သတင်းအချက်အလက်တွေ တင်ထားတာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီး ထိရောက်အောင်၊ အဆင်ပြေချောမွေ့အောင်လုပ်ဆောင်နေပါတယ်။
လက်ရှိကျွန်တော်တို့ဆီမှာ အမေရိကန်ဘဏ္ဍာရေးဌာနနည်းပညာ အကူအညီပေးရေးရုံးကနေပြီးတော့ မီဒီယာနဲ့ပတ်သက်တဲ့ Specialist တွေရောက်ပြီး Training တွေ ပေးနေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အခုလုပ်မယ့်ဟာကတော့ ကျွန်တော်တို့ဆီကလူတွေကို ညွှန်ကြားရေးမှူးတစ်ယောက်က ဦးဆောင်ပြီး မီဒီယာ Team လေးတစ်ခု ဖွဲ့ထားပါတယ်။ အဲဒီလူတွေကို Training ပေးနေပါတယ်။ အဲဒါပြီးရင် ကျွန်တော်တို့က ရုံးချုပ်မှာလည်း အခွန်ထမ်း၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး ထပ်လုပ်ပါမယ်။ ပြည်သူတွေအနေနဲ့ မေးချင်တာတွေ မေးလို့ရအောင် ကျွန်တော်တို့ အဲဒါတွေလုပ်နေပါတယ်။
နောက်တစ်ခုက ဒီ Training ပြီးရင်ထပ်လုပ်မယ့်ဟာကတော့ တချို့မီဒီယာတွေက မေးလာတဲ့အခါမှာ ကျွန်တော်တို့တွေကလည်း ဖြေကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အယူအဆလေးတွေ ဥပဒေတွေဖြစ်တဲ့အတွက် လွဲတာမျိုးလေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့စီစဉ်ထားတာကတော့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တစ်ခု ပြောင်းတိုင်းပြောင်းတိုင်းမှာ မီဒီယာတွေနဲ့တွေ့ဆုံဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အဲဒီလိုမျိုးတွေ့ဆုံတဲ့နေရာမှာ ဘယ်လိုဖြေကြားရမယ်၊ ဘယ်လိုရှင်းလင်းရမယ်ဆိုတာကို Media Specialist တွေ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့က အခွန်ထမ်းတွေနဲ့ ပိုပြီးနီးနီးစပ်စပ်ဖြစ်အောင် မီဒီယာတွေနဲ့ တွေ့ဆုံသွားပါမယ်။ ကျွန်တော်တို့ လုပ်ငန်းစဉ်တစ်ခု ပြောင်းတိုင်း ပြောင်းတိုင်း ဥပမာ- ကျွန်တော်တို့ Notification တစ်ခုထုတ်မယ်၊ အမိန့်ကြေညာစာတစ်ခု ထုတ်မယ်ဆိုရင် စပြီးတော့ Pass ဖြစ်ပြီဆိုတာနဲ့ မီဒီယာတွေကို ခေါ်ပါမယ်။ ခေါ်ပြီးရင် ကျွန်တော်တို့ ဘာကြောင့်ပြောင်းရလဲဆိုတာတွေကို ရှင်းပြဖို့ လုပ်ထားပါတယ်။
နောက်တစ်ခုဘာထပ်လုပ်လဲဆိုတော့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက အမေရိကန် ကုန်သည်ကြီးများအသင်းက အဖွဲ့တွေကို ခေါ်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်မှာတွေ့ပါတယ်။ တစ်ခါတစ်ရံမှာ အကြမ်းဖျင်း ပြောလိုက်တာတော့ မှန်သလိုဖြစ်ပေမယ့် တစ်ဦးချင်းစီမှာ အခက်အခဲတွေ ရှိတတ်ပါတယ်။ သူတို့ရဲ့ တစ်ဦးချင်းအခက်အခဲတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ တွေ့ဆုံမှုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းအတွက်လည်း ကျွန်တော်တို့ သူတို့နဲ့ချိတ်ထားပါတယ်။ နောက်ပိုင်းအခက်အခဲတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်၊ ချိတ်ဆက်ပေးမယ်၊ ဆွေးနွေးမယ်။ ပြီးရင် ကျွန်တော်တို့က သူတို့ကို အဖြေတစ်ခုပေးမယ်။ ဒါမျိုးလေးတွေ လုပ်ထားပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျွန်တော်တို့ EU က Chamber of Commerce အဖွဲ့နဲ့တွေ့ဆုံပြီး သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆွေးနွေးမှု ပြုလုပ်တာတွေ ရှိပါတယ်။ သိချင်တဲ့အခါမှာ ချက်ချင်းမေးပါ၊ မေးပြီးတဲ့အခါ လာတွေ့ပါ၊ ကျွန်တော်တို့ ဖြေရှင်းပေးပါ့မယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လုပ်နေပါတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံအရက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးပေါ့လိပ်လုပ်ငန်းရှင်များအသင်း စတဲ့အသင်းတွေနဲ့ ကျွန်တော်တို့တွေ့ပါတယ်။ တွေ့ပြီးတော့ သူတို့အခက်အခဲတွေကိုမေးတယ်၊ ကျွန်တော်တို့ ဖြေလျှော့ပေးနိုင်တာတွေ ဖြေလျှော့ပေးတယ်၊ ဖြေလျှော့မပေးနိုင်တာတွေကို မဖြေလျှော့ပေးဘူး။ ဒီလိုမျိုးနဲ့ ကျွန်တော်တို့ တည်ဆောက်နေပါတယ်။
နောက်တစ်ခုကလည်း ဒီလိုမျိုး Complaint တွေနည်းအောင် ကျွန်တော်တို့ (ပညာပေး) ပြဇာတ်လေးတွေ ရိုက်တယ်၊ အငြိမ့်လေးတွေ ရိုက်တယ်။ ဇာတ်လမ်းတိုလေးတွေရိုက်တယ်၊။ နောက်တစ်ခါ MBiz Channel မှာလည်း ကျွန်တော်တို့ အခွန်နဲ့ပတ်သက်တဲ့ စကားဝိုင်းတွေ လုပ်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နေ့စဉ်ထုတ်သတင်းစာတွေမှာ အခွန်နဲ့ပတ်သက်တဲ့ သိသင့်တဲ့အချက်အလက်တွေ ထည့်ထားတာမျိုးတွေ ရှိပါတယ်။ မီဒီယာတွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။
နိုင်ငံတော်ကနေ ကဏ္ဍအလိုက်ရရှိတဲ့ အခွန်ဘဏ္ဍာများ (၂၀၁၅၊ ၂၀၁၆ နှင့်နှိုင်းယှဉ်ချက်)
------------------
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ ကောက်ခံရရှိတဲ့အခွန်ကတော့ ကျပ်ငွေ ၄,၄၁၁ ဘီလီယံဖြစ်ပါတယ်။ ကောက်ခံတဲ့နေရာမှာ သုံးခုရှိပါတယ်။ နိုင်ငံ၊ သမနဲ့ ပုဂ္ဂလိကဆိုပြီး နိုင်ငံပိုင်ကဏ္ဍကရတာ ၊ သမဝါယမကဏ္ဍကရတာ၊ ပုဂ္ဂလိကကဏ္ဍကရတာဆိုပြီး ရှိပါတယ်။ အဲဒီမှာပြန်ကြည့်လိုက်ရင် ၂၀၁၄-၁၅ မှာ ကောက်ခံရရှိတဲ့အထဲမှာဆိုရင် နိုင်ငံပိုင်ကဏ္ဍက ၃၂ ရာခိုင်နှုန်းလောက်ရှိပြီးတော့ ပုဂ္ဂလိကကဏ္ဍကတော့ ၆၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ သမဝါယမကဏ္ဍကတော့ တစ်ဘီလီယံဝန်းကျင်လောက်ပဲရှိပါတယ်။ နောက်တစ်ခုကကျတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကောက်ခံရရှိတဲ့ ပမာဏက ၄,၆၃၇ ဘီလီယံထိ ရှိပါတယ်။ အဲဒီမှာ နိုင်ငံပိုင်ကဏ္ဍက ၂၄ ရာခိုင်နှုန်းလောက်ဖြစ်ပြီးတော့ ပုဂ္ဂလိကကဏ္ဍက ၇၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သမဝါယမကဏ္ဍကတော့ ပွိုင့်လောက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာကတော့ စုစုပေါင်းကောက်ခံရရှိငွေက ၅ç၃၇၇ ဘီလီယံဖြစ်ပြီးတော့ နိုင်ငံပိုင်ကဏ္ဍက ၂၀ ရာခိုင်နှုန်းလောက် ဖြစ်ပြီးတော့ ပုဂ္ဂလိကကဏ္ဍကတော့ ၈၀ ရာခိုင်နှုန်းနဲ့ သမဝါယမကဏ္ဍကတော့ ပွိုင့်လောက်ပဲ ဖြစ်ပါတယ်။ ဒါကိုပြန်ကြည့်လိုက်ရင်တော့ ပုဂ္ဂလိကကဏ္ဍက သိသိသာသာ တိုးတက်လာတာကို တွေ့ရမှာဖြစ်ပြီးတော့ နိုင်ငံပိုင်ကဏ္ဍကတော့ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က နိုင်ငံပိုင်ကဏ္ဍရဲ့ စုစုပေါင်းကောက်ခံရရှိငွေက ၅၀ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ ကောက်ခံရရှိငွေက ၅၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိက ကဏ္ဍက ကောက်ခံရရှိနှုန်းက မြင့်လာပြီး တော့ နိုင်ငံတော်ကဏ္ဍက လျော့နည်းသွားတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ မဖြစ်မနေသိထားသင့်တဲ့ အခွန်နဲ့ပတ်သက်တဲ့ဥပဒေများ
----------------------------
ကျွန်တော်တို့ ပြည်တွင်းအခွန်များဦးစီးဌာနက စီမံခန့်ခွဲတဲ့ ဥပဒေနဲ့ပြောရမယ်ဆိုရင် ပထမဆုံးဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းဥပဒေ၊ အထူးကုန်စည်ဥပဒေနဲ့ တံဆိပ်ခေါင်းဥပဒေ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်စဉ်ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးတော့ ပြဋ္ဌာန်းတဲ့ ပြည်ထောင်စုရဲ့ အခွန်ကောက်ဥပဒေဆိုပြီး ဥပဒေငါးခုကို မဖြစ်မနေလေ့လာဖို့ လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ထပ်ပြီးသိသင့်တာကတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီပွားရေးဇုန်များဥပဒေ စတာတွေအပြင် တချို့စီးပွားရေးနဲ့ဆက်စပ်တဲ့ ဥပဒေတွေလည်း လေ့လာထားဖို့ လိုပါတယ်။
လတ်တလောပြင်ဆင်မှု လိုအပ်နေတဲ့ အခွန်နဲ့ပတ်သက်တဲ့ဥပဒေများ
--------------------------
ကျွန်တော်တို့ထက် ဖွံ့ဖြိုးမှုရှိတဲ့ မလေးရှားနိုင်ငံမှာဆို Sales Tax ကနေ Goods and Service Tax ပြောင်းတဲ့အခါမှာ ရှစ်နှစ်ကြာပါတယ်။ အဲဒီနည်းတူ အိန္ဒိယနိုင်ငံမှာလည်း Sales Tax ကနေ GST ပြောင်းတာ ရှစ်နှစ်ကြာပါတယ်။ အခုကျွန်တော်တို့ရဲ့ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ဥပဒေတွေအားလုံး ပြောင်းလဲရမှာ ဖြစ်ပါတယ်။ နောက်ပြီး စနစ်ကြီးကိုလည်း အကုန်လုံးပြောင်းလဲရ တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ အခွန်ဝန်ထမ်းတွေရဲ့ Training တွေ၊ အခွန်ထမ်းတွေရဲ့လိုက်နာဆောင်ရွက်မှု အားကောင်းအောင် လုပ်ဖို့တွေ၊ နောက်အခွန်ပညာပေးတွေစသဖြင့် အများကြီးလုပ်ရတာဖြစ်တဲ့တွက် အချိန်တစ်ခုတော့ ကျွန်တော်တို့ လိုအပ်နေပါတယ်။
လတ်တလော ကျွန်တော်တို့ ပြင်ဆင်ဖို့ လိုအပ်တာကတော့ အားလုံးသိတဲ့အတိုင်းပဲ Doing Bussiness မှာလည်း Paying Tax ဆိုတာတစ်ခု ပါပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့က အခွန်ပေးတဲ့ကြာချိန်တွေ၊ အကြိမ်အရေတွက်တွေပေါ်ကို ပိုကောင်းအောင်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လတ်တလော လုပ်နေတာကတော့ မြန်မာနိုင်ငံဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်းနဲ့ပူးပေါင်းပြီးတော့ ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ ၂၀၁၈ ခုနှစ်၊ မတ်လလောက်ကစပြီးတော့ အွန်လိုင်း Payment နဲ့သွားဖို့ကို ကျွန်တော်တို့လုပ်နေပါတယ်။ ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတွေရဲ့ Payment တွေ၊ ငွေပေးချေမှုတွေ၊ အခွန်ပေးချေမှုတွေကို ငွေသားနဲ့ လက်မခံဘဲနဲ့ အွန်လိုင်းကသွားဖို့ လုပ်ထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခွန်ထမ်းတွေအနေနဲ့ ကြာချိန်တွေ သက်သာသွားမှာဖြစ်ပါတယ်။ လုပ်အားခတွေ၊ ကျန်တဲ့ Transitional Cost တွေလည်း သက်သာသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဒီကိစ္စကို အားစိုက်ပြီး လုပ်နေပါတယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကို တင်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အခွန်စီမံခန့်ခွဲအုပ်ချုပ်မှု ဥပဒေကိုလည်း လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး အခုကျွန်တော်တို့ဆီမှာ Data Center တွေ ရောက်ပါပြီ။ ITAS (Integrated Tax Administration System) လို့ခေါ်တဲ့ အခွန်စီမံခန့်ခွဲမှုစနစ်ကို ကမ္ဘာ့ဘဏ်ရဲ့ Grant နဲ့ဝယ်ဖို့ လုပ်ထားပြီးပါပြီ။ Website မှာလည်း ကျွန်တော်တို့ ၄၅ ရက်တင်ထားပြီးပါပြီ။ အဆင့်နှစ်ဆင့်နဲ့ ရွေးချယ်မှာဖြစ်ပြီးတော့ ၂၉ ရက်မှာ ပထမအဆင့်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပင်ရင်းမှ နုတ်ယူပေးသွင်းတဲ့ ကြိုတင်ဝင်ငွေခွန် (Withholding Tax) ကို ပြီးခဲ့တဲ့ ရှစ်လလောက်က ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒါကတော့ လုပ်ငန်းရှင်တွေက အချင်းချင်းငွေပေးချေတဲ့အခါမှာ ဖြတ်တောက်ပေးသွင်းပေးဖို့ဆို လုပ်ပါတယ်။ ဒါကလည်း တကယ့်တကယ်တော့ အခွန်တိမ်းရှောင်မှုတွေ အခွန်လျော့နည်းမှုတွေ မဖြစ်စေဖို့ဆိုပြီး ကျွန်တော်တို့လုပ်ပါတယ်။ သို့သော်လည်းပဲ လုပ်ငန်းရှင်တွေအနေနဲ့ ခက်ခဲမှုတွေရှိတာ ကြားသိရတဲ့အတွက် ပြင်ဆင်လို့ရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
လုပ်ငန်းရှင်များတွက် အကြံပေးချက်
----------------------
စီးပွားရေးလုပ်ငန်းရှင်တွေ၊ အခွန်ထမ်းမိဘပြည်သူတွေကို ကျွန်တော့်အနေနဲ့ တင်ပြလိုတာကတော့ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေပါတယ်။ ဥပဒေတွေအားလုံး ပြုပြင်ပါ့မယ်။ ကျွန်တော့်တို့ရဲ့ စနစ်တွေအားလုံး ပြုပြင်ပါ့မယ်။ ကျွန်တော်တို့ရဲ့ ပညာပေးမှုတွေကို ဒီထက်တိုးပြီးတော့ ဆောင်ရွက်ပါ့မယ်။ နောက်တစ်ခါ အခွန်ထမ်းလိုက်နာဆောင်ရွက်မှု အားကောင်းအောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်။ အဘက်ဘက်ကနေကောင်းအောင် ကျွန်တော်တို့ ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် အခွန်ထမ်းမိဘပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။
ကျွန်တော်တို့နဲ့ DICA ၊ ကုမ္ပဏီမှတ်ပုံတင်ရုံးနဲ့ ချိတ်ဆက်ထားတာကတော့ သူတို့ဆီမှာ ကုမ္ပဏီအသစ်တွေ ဖွင့်တိုင်း ကျွန်တော်တို့ဆီ ပေးပါတယ်။ ကျွန်တော်တို့က အဲဒါကို သက်ဆိုင်ရာကုမ္ပဏီတွေ၊ သက်ဆိုင်ရာ အခွန်စည်းကြပ်တဲ့ ဌာနတွေကို လွှဲပြောင်းပေးပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ထပ်ပြီးတော့ ညှိနှိုင်းထားတာကတော့ ဒီကုမ္ပဏီမှတ်ပုံတင်ရုံးကရောက်လာတဲ့ ကုမ္ပဏီတွေကို စပြီးတော့မှတ်ပုံတင်တာနဲ့ အဲဒီမှာ ကျွန်တော်တို့ဆီက One Stop Service အဖွဲ့တွေရှိပါတယ်။ သူတို့ကနေပြီးတော့ အခွန်တွေနဲ့ပတ်သက်လို့ ရှင်းပြပါလိမ့်မယ်။
ရှင်းပြပြီးတာနဲ့ သူတို့ကိုရန်ကုန်မှာရှိတဲ့ သက်ဆိုင်ရာအခွန်ရုံးကို သတင်းပို့ခိုင်းပါတယ်။ သတင်းပို့ပြီးတာနဲ့ သူတို့အနေနဲ့ လုပ်ရမယ့်ကိစ္စတွေကို ထပ်ရှင်းပြပြီးတော့ ပုံမှန်အခွန်ပေးဆောင်လာနိုင်အောင်၊ လိုက်နာဆောင်ရွက်မှု အားကောင်းလာအောင် ကျွန်တော်တို့ လုပ်ပါတယ်။ အဲဒီမှာ မလိုက်နာဘူးဆိုရင် တစ်ခါတည်း Deregister လုပ်ဖို့ကို ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ကျွန်တော်သိရသလောက်ကတော့ ကုမ္ပဏီအခွန်ရုံးတွေ၊ ကုမ္ပဏီ Registeration ရုံးတွေ ၊ အကောက်ခွန်၊ စီးပွားကူးသန်း စသဖြင့် ဒါတွေနဲ့ ချိတ်ဆက်တဲ့ ကွန်ရက်လုပ်နိုင်ဖို့အတွက်ကိုလည်း ကုမ္ပဏီအခွန်ရုံးက ဆောင်ရွက်နေမှုကိုလည်း အကြမ်းဖျဉ်းသိရပါတယ်။ အဲဒီလိုမျိုးချိတ်ဆက်ပြီးစီးသွားရင်တော့ ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
အခွန်ထမ်းတွေနဲ့ အခွန်အကောက်တွေပေးသွင်းဖို့ သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်မှုအားနည်းခဲ့ရင် ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ရှိပါသလဲ
-----------------
နောက်တစ်ခုက အခွန်ထမ်းတွေ လိုက်နာဆောင်ရွက်မှုအားနည်းရင် ဘယ်လိုလုပ်မလဲဆိုတာပါ။ လက်ရှိအခြေအနေမှာတော့ အခွန်ထမ်းလိုက်နာဆောင်ရွက်မှုအားနည်းလို့ အဲဒီအခွန်ထမ်းတွေကို တရားစွဲတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လိုက်နာဆောင်ရွက်မှုအားနည်းရင်တော့ အရေးယူဆောင်ရွက်မှုမျိုးတို့ ရှိပါတယ်။ ဥပမာ- ပြစ်ဒဏ်တွေမှာ ပင်နယ်တီရှိတယ်။ ဒဏ်ကြေးပေးရတာမျိုး ဖြစ်ပါတယ်။
ဒါကတော့ အခွန်ထမ်းတော်တော်များများက ဒါတွေကို ကျခံနေရတာရှိပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရဆို ငွေဒဏ်ပင်နယ်တီကျတဲ့အထဲမှာ အများဆုံးဆိုရင် သိန်းနှစ်သောင်းကျော်လောက်ထိ ကျတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အခုအခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာနဲ့အတူ အခွန်ထမ်းတွေရဲ့ လိုက်နာဆောင်ရွက်မှုက တအားကို အားရစရာကောင်းပြီး တိုးတက်မှုရှိတာကို တွေ့ရှိရပါတယ်။ အရင်တုန်းကဆိုရင် ကုမ္ပဏီအကြီးကြီးတွေကိုယ်တိုင်ကအစ အခွန်စည်းကြပ်ဖို့ နှစ်နှစ်စာ၊ သုံးနှစ်စာ ကျန်တာမျိုးတွေ ရှိပါတယ်။ အခုချိန်မှာ ဒါတွေလုံးဝမရှိတော့ပါဘူး။ သူတို့လိုက်နာဆောင်ရွက်မှုက တအားတိုးတက်လာပါတယ်။
သူတို့တိုးတက်တာနဲ့အတူ အခွန်ကောက်ခံရရှိမှုကလည်း သိသိသာသာ တိုးတက်လာပါတယ်။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်တုန်းကဆိုရင် ကျွန်တော်တို့ရဲ့ကောက်ခံရရှိမှုက ဘီလီယံ နှစ်ထောင်ကျော်လောက်ပဲ ရှိပါတယ်။ အခု ဒီနှစ်အတွက်ဆိုရင် ဘီလီယံခြောက်ထောင်လောက်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အများကြီးတိုးတက်မှုရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခွန်ထမ်း လိုက်နာဆောင်ရွက်မှုတွေ အားကောင်းလာတာတွေ့ရပါတယ်။