UMFCCI နဲ့ SICCI တို့ရဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲနဲ့ Business Matching

umfccinsicci2

အိန္ဒိယနိုင်ငံ၊ Southern India Chamber of Commerce and Industry ဦးဆောင်တဲ့ စီးပွားရေးကိုယ်စားလှယ် ၁၃ ဦးပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ လေ့လာနိုင်ဖို့နဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် UMFCCI နဲ့ MOU လက်မှတ်ရေးထိုးပွဲနဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ One to One Business Matching တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၃ ရက်က ရန်ကုန်မြို့၊ UMFCCI Office Tower မှာ ကျင်းပခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့မှာ ဖိနပ်ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သကြား၊ ပဲမျိုးစုံနဲ့ နှမ်းရောင်းဝယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မော်တော်ယာဉ် အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ် ရောင်းချရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ IT နဲ့ IT နည်းပညာဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့ လုပ်ငန်းကဏ္ဍတွေက ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ကြပါတယ်။ ပွဲမှာ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားကို UMFCCI  ရဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားပေးခဲ့ပြီး အဖွင့်အမှာစကား ကို SICCI ရဲ့ ဥက္ကဋ္ဌ Mr Rafeeque Ahmed က ပြောကြားခဲ့ပါတယ်။ SICCI ရဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေအကြောင်းကို SICCI ရဲ့ Sr.VP ဖြစ်သူ Mr R Ganapathi က ရှင်းပြခဲ့ပြီး DICA (Myanmar) ရဲ့ Director General ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

umfccinsicci1

ပြီးတဲ့နောက် UMFCCI ရဲ့ Secretary General ဦးအောင်ကြည်စိုးက မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်းလင်းတင်ပြခဲ့ပြီး Indian Embassy (Myanmar) ရဲ့ Deputy Chief of Mission ဖြစ်သူ Mr B. Shyam က အပြီးသတ်အမှာစကားပြောကြားပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ UMFCCI နဲ့ SICCI တို့ MOC လက်မှတ်ရေးထိုးခဲ့ကြပြီး အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ရည်ရွယ်ကာ One to One Business Matching ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အိန္ဒိယက စတုတ္ထအများဆုံး ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်ထက် ၂ ရာခိုင်နှုန်းခန့်သာ တိုးတက်မှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

umfccinsicci3

ဦးအောင်ကြည်စိုး

အထွေထွေအတွင်းရေးမှူး

UMFCCI

MOU ရေးထိုးတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံအနေနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ . . .

ဒီနေ့ရေးထိုးတဲ့ MOU ဆိုတာကတော့ အလားအလာ ရှိတဲ့ Business Sector တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် MOU ရေးထိုးခြင်းဖြစ်ပါတယ်။

ဒီနေ့ UMFCCI နဲ့ MOU လက်မှတ်ရေးထိုးဖြစ်တဲ့ အဖွဲ့အစည်းကတော့ အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်က ဖွဲ့စည်းတည်ထောင်တာ နှစ်ပေါင်းတစ်ရာနီးပါးလောက် သက်တမ်းရှိပြီ ဖြစ်တဲ့ SICCI အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ သူတို့ဘက်က ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေထဲမှာ IT လုပ်ငန်းရှင်တွေ၊ ရှူးဖိနပ်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေ စသဖြင့် ပါလာကြတယ်။ မြန်မာနိုင်ငံအနေနဲ့က IT Sector မှာဆိုရင်လည်း လိုအပ်ချက်တွေ ရှိနေတယ်။ ရှူးဖိနပ် ထုတ်လုပ်တဲ့ လုပ်ငန်းဆိုရင်လည်း နည်းပညာရော ဈေးကွက်ပါ လိုအပ်နေတာကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ရင် ကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ပဲမျိုးစုံနဲ့ ပတ်သက်ပြီး ကုန်သွယ်လုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်တဲ့အတွက် လက်တွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။

အိန္ဒိယဘက်က မြန်မာနိုင်ငံမှာ လုပ်ငန်းတည်ထောင်ဖို့ ဘယ်လို Sector တွေကို စိတ်အဝင်စားဆုံးဖြစ်မလဲ . . .

သူတို့ဘက်ကတော့ သူ့ရဲ့အားသာချက်တစ်ခုဖြစ်တဲ့ ဆေးဝါးထုတ်လုပ်ရေးရှိမယ်။ ဆေးဝါးထုတ်လုပ်ရေးဆိုရင်လည်း ရှူးဖိနပ်ထုတ်လုပ်တဲ့ လုပ်ငန်းလိုပဲ သူတို့ဆီကနေ ဆေးနဲ့ပတ်သက်တဲ့ နည်းပညာ ယူလာမယ်။ ပြီးရင် ထုတ်လုပ်မှုလုပ်မယ်။ ပြီးရင် Re-export ပြန်လုပ်သွားမယ်။ ပဲလုပ်ငန်းစက်ရုံတွေလည်း တည်ထောင်ဖို့ စိတ်ဝင်စားပါတယ်။

umfccinsicci4

Habib Hussain

CEO

A.V Thomas Group

www.avtleather.com

လက်ရှိလုပ်နေတဲ့ လုပ်ငန်းအကြောင်း မိတ်ဆက်ပေးပါ . . .

ကျွန်တော်တို့ A.V Thomas Group က အမေရိကန်၊ ဂျပန်နဲ့ ဥရောပကို သားရေအသုံးအဆောင်တွေ ထုတ်လုပ်တင်ပို့နေပါတယ်။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Tommy ၊ Hilfiger ၊ Gusess ၊ Fossil နဲ့ Walmart ဆိုင်တွေအတွက် သားရေအသုံးအဆောင်တွေ ထုတ်လုပ်ပေးနေပြီး ဒီပစ္စည်းတွေကို မြန်မာနိုင်ငံမှာ လာရောက်ထုတ်လုပ်ဖို့လည်း စိတ်ဝင်စားပါတယ်။

ဒီနေ့ပွဲကနေ ဘယ်လိုအခွင့်အလမ်းကောင်းတွေ ထွက်ပေါ်လာမယ်လို့ မြင်ပါသလဲ . . .

ဒီနေ့ပွဲအတွက် မြန်မာနိုင်ငံကို လာရောက်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Infrastructure တွေက အင်မတန်တိုးတက်ပြီး ကောင်းလာပါပြီ။ နောက်ပြီး လုပ်သားဈေး ချိုသာတာက ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ဝင်စားစေပါတယ်။ ရှေ့မှာ ပြောခဲ့သလို သားရေပစ္စည်းတွေ ထုတ်လုပ်တာအပြင် အပင်စိုက်ပျိုးရေးပိုင်းကိုလည်း စိတ်ဝင်စားပါတယ်။ စိုက်ပျိုးထားတဲ့ အပင်တွေကနေ အစားအသောက် ထုတ်လုပ်တာအထိ လုပ်ချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့က ကမ္ဘာ့အကြီးဆုံး အစားအသောက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ McCormick & Co. နဲ့လည်း Joint Venture လုပ်နေတာ ရှိပါတယ်။

ဒီနေ့ပွဲက ဆွေးနွေးတာတွေကို သေချာ Follow Up လုပ်ပြီး အဖွဲ့တွေနဲ့ အသေးစိတ်သွားနိုင်ဖို့ ကြိုးစားသွားပါမယ်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်အောင် ကြိုးစားသွားမယ်။ Local Partner ကောင်းရှိရင်လည်း ပူးပေါင်းလုပ်ဆောင်သွားချင်ပါတယ်။

နန္ဒာ