ဦးကျော်ကျော်လှိုင် (Chairman-Myanmar Oil & Gas Service Society)

ဦးကျော်ကျော်လှိုင်

Chairman

Myanmar Oil & Gas Service Society

ukyawkyawhlaing1

၂၀၁၃ ခုနှစ်ကနေစတင်ပြီး မြန်မာနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ Myanmar Oil and Gas Service Society (MOGSS) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်နဲ့တွေ့ဆုံခိုက်မှာ အသင်းအနေနဲ့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဖွဲ့စည်းဖြစ်ပုံ . . .

Myanmar Oil and Gas Service Society (MOGSS) ကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်တပ်တစ်အားအနေနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းကို ဦးသိန်းစိန် အစိုးရ မတက်ခင်ကတည်းက ရေနံနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီလိုအသင်းမျိုး ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြပေမဲ့ ဦးသိန်းစိန်အစိုးရတက်လာပြီး နောက်ပိုင်းမှသာ အမှန်တကယ် ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ ဖွဲ့စည်းတဲ့အခါမှာ ကျွန်တော်တို့က အရင်ကတည်းက စုစည်းပြီးသား ဖြစ်နေတာကြောင့် မြန်မြန်ဆန်ဆန်နဲ့ပဲ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက် . . .

ရေနံဟာ နိုင်ငံအတွက် ဝင်ငွေအများဆုံးရှာပေးနေတဲ့ လုပ်ငန်းဖြစ်သလို ရင်းနှီးမြှပ်နှံမှုအများဆုံးနဲ့ နည်းပညာမြင့်မားတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လောလောဆယ် ကျွန်တော်တို့နိုင်ငံမှာ ရေနံနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားကုမ္ပဏီတွေက အများစုဖြစ်တဲ့အခါကျတော့ အကျိုးအမြတ်ကလည်း နိုင်ငံခြားကုမ္ပဏီတွေပဲ ရကြပါတယ်။ လက်ရှိမြန်မာနိုင်ငံက ရေနံနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေက နိုင်ငံခြားကုမ္ပဏီတွေရဲ့ လုပ်ငန်းတချို့လောက်ကိုပဲ လုပ်နေရတာဖြစ်တဲ့အပြင် ရေနံနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ မြန်မာကုမ္ပဏီတွေအနေနဲ့ပေးနိုင်တဲ့ ဝန်ဆောင်မှုက နည်းပညာပိုင်းအရ အားနည်းချက်တွေရှိနေပါတယ်။ ရေရှည်မှာ မြန်မာကုမ္ပဏီတွေအနေနဲ့ နည်းပညာပိုင်းမြင့်မားဖို့ ၊ အရင်ကထက်အလုပ်တွေ ပိုရဖို့အတွက် အဖွဲ့အစည်းတစ်ခုအနေနဲ့ စုစည်းမိလာတဲ့အခါမှာ မြန်မာကုမ္ပဏီတွေရဲ့ အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေပိုမိုရရှိလာအောင် ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ အများကိုယ်စား အဖွဲ့အစည်းအနေနဲ့ ရပ်တည်ပေးသွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ရေနံလုပ်ငန်းဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အသက်အန္တရာယ်ကျရောက်နိုင်သလို၊ ရေနံတွင်းပေါက်တာတွေ၊ ရေနံယိုဖိတ်မှုတွေ ဖြစ်ရင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ရေနံနဲ့ဆက်စပ်လုပ်ငန်းဆောင်ရွက်သူတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကိုရရှိအောင် ဆောင်ရွက်ပေးသွားနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားနိုင်ဖို့တွေအတွက် ဖွဲ့စည်းဖြစ်ခဲ့တာပါ။

ukyawkyawhlaing2

လက်ရှိဆောင်ရွက်နေတာတွေ . . .

ကျွန်တော်တို့အသင်းရဲ့ လှုပ်ရှားမှုတွေကို အပိုင်းသုံးပိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်။ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့ နိုင်ငံတကာက ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဟောပြောပွဲ လုပ်တာတွေ၊ အသင်းသားတွေတင်မကဘဲ ပြည်သူလူထုပါသိလာအောင် မီဒီယာတွေကိုဖိတ်ပြီး စကားဝိုင်းတွေပြုလုပ်တာတွေနဲ့ Corporate Social Responsibility (CSR) လုပ်ငန်းအနေနဲ့ အမြန်လမ်းမှာ အမြန်လမ်းကြီးကြပ်တဲ့အဖွဲ့တွေ၊ယာဉ်ထိန်းရဲတွေနဲ့ ပူးပေါင်းပြီး အသိပညာပေးတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ထားဝယ်မှာ လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတွေကို နေရောင်ခြည်စွမ်းရည်သုံး မီးအိမ်အလုံးငါးရာခန့် ပံ့ပိုးပေးသွားနိုင်ဖို့လည်း ဆောင်ရွက်နေတဲ့အပြင် ကျွန်တော်တို့ MOGSS က ကျင်းပတဲ့ ဟောပြောပွဲတွေကို အသင်းဝင်မဟုတ်တဲ့ လူတွေလည်း တက်နိုင်အောင်စီစဉ်နေပါတယ်။ ဒါအပြင် တစ်လတစ်ခါ အသင်းသားတွေ စုံစုံညီညီတွေ့နိုင်ဖို့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရရှိဖို့ ဆောင်ရွက်နေတာတွေနဲ့ နိုင်ငံတကာတွေ့ဆုံပွဲတွေကို သွားရောက်လေ့လာနိုင်ဖို့တွေကို ဆောင်ရွက်နေပါတယ်။

အဖွဲ့ဝင်တွေ . . .

ကျွန်တော်တို့ အဖွဲ့အစည်းမှာ လက်ရှိမြန်မာနိုင်ငံမှာ ရေနံနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအားလုံးနီးပါးနဲ့ အဖွဲ့ဝင်နှစ်ရာခန့် ပါဝင်ပါတယ်။ ရေနံနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း အသင်းဝင်အနေနဲ့ ပါဝင်ကြတယ်ဆိုပေမဲ့ သူတို့ကို ရွေးချယ်ပိုင်ခွင့်နဲ့ မဲပေးခွင့်ကို ကန့်သတ်ထားပါတယ်။

အနာဂတ်အစီအစဉ် . . .

ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့အများပြည်သူအကျိုးရှိစေမယ့် အကူအညီတွေ ပံ့ပိုးပေးသွားမယ်။ ရေနံလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံချင်သူတွေကိုလည်း အကူအညီတွေ ပေးသွားမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိုလည်း တစ်တပ်တစ်အားအနေနဲ့ ပါဝင်ဆောင်ရွက်ပေးသွားမယ်။ ကျွန်တော်တို့အဖွဲ့သားတွေကိုလည်း ကိုယ်လုပ်တဲ့စီးပွားရေးလုပ်ငန်းကို တာဝန်ယူနိုင်၊ တာဝန်ခံနိုင်တဲ့ စီးပွားရေးဖြစ်ဖို့ ၊ လုပ်ဖို့ တွန်းအားပေးတာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပညာပေးလုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်သွားမယ့်အပြင် လူမှုရေးလုပ်ငန်းတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။