၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုဥက္ကဋ္ဌဦးလှမောင်ရွှေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တာနဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့ စီးပွားရေးနိုင်ငံအတွက် ဘာကိုဦးစားပေးလုပ်ဆောင်သွားသင့်သလဲဆိုတာနဲ့ပတ်သက်လို့လည်း သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာကုမ္ပဏီဥပဒေ ထွက်လာတဲ့အပေါ် မြန်မာ့စီးပွားရေးနဲ့ FDI ကို ဘယ်လိုအကျိုးသက်ရောက်မူရှိနိုင်လဲ
---------------------
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းမှုက တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့်သွားတော့ ဥပဒေတွေထဲက ပြင်သင့်တဲ့ဥပဒေကို အချိန်အခါရောက်တာနဲ့ ပြင်ဖို့ကြိုးစားရမှာပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်လာတဲ့ မြန်မာကုမ္ပဏီ Law နဲ့ ပတ်သက်ပြီး စီးပွားရေးလောကကသူတွေ ပြန်ပြီးသုံးသပ်ကြရမှာပါ။ ဒီထဲမှာ ထပ်ပြီးတော့ အသေးစိတ်တွေပါလာပါတယ်။
အဲဒီထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မြန်မာကုမ္ပဏီတွေမှာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရတယ်ဆိုတာရှိပါတယ်။ ဒါက Opportunity လည်း ဖြစ်နိုင်သလို စိန်ခေါ်မှုလည်း ဖြစ်နိုင်တယ်။ ဥပမာ- Banking Sector လိုဟာမျိုးမှာ ၃၅ ရာခိုင်နှုန်းပါလာတာက သူတို့ဆီက အတွေ့အကြုံတွေ၊ နည်းပညာတွေနဲ့ Investment တွေ ရတာမျိုးက ကောင်းတယ်။
ဒါပေမဲ့ လက်ရှိမြန်မာကုမ္ပဏီ Law နဲ့တစ်ဖက်မှာရှိနေတဲ့ အခြေအနေတွေနဲ့ ပြန်ပြီးချိတ်ဆက်ဖို့တော့လိုတယ်။ ၃၅ ရာခိုင်နှုန်းပါလာတဲ့ဟာက Trading မှာလည်း သွားပြီးတော့ပါတာမျိုးဆိုရင် ပြည်တွင်းက ထုတ်လုပ်တဲ့သူတွေနဲ့အပြိုင်ဖြစ်ပြီးတော့ ပြည်တွင်းထုတ်လုပ်သူတွေက ခက်သွားတာမျိုးကို ပြန်စဉ်းစားဖို့ လိုမယ်။ Trading မှာ ဝင်ပါလိုက်ရင် ဒါကအတော်လွယ်ပါတယ်။ Trading မှာ ကောက်တဲ့ Tax ဟာ သူတို့ဘက်က သက်သာနေပြီးတော့ Local မှာ ကုန်ကြမ်းသွင်းပြီး Production ထုတ်မယ့်သူက Tax ပိုပြီးများနေရင် ၃၅ ရာခိုင်နှုန်းပါခွင့်ရတဲ့ နိုင်ငံခြားကုမ္ပဏီက Production တွေမှာပါဖို့ ထပ် Trading မှာပဲ ပါမယ်ဆိုရင် ယှဉ်ပြိုင်နိုင်မှုအရ ကျွန်တော်တို့ရဲ့ကုန်ထုတ်လုပ်မှုတွေ ကျနေနိုင်တယ်။ ဒါကြောင့် ဒါကလည်း ပြန်စဉ်းစားဖို့လိုတယ်။
ဘာပဲပြောပြော အခုထွက်လာတဲ့ပေါ်မှာ အကောင်းဆုံးကြိုးစားပြီးပြင်ထားတယ်၊ ဒါကိုကျွန်တော်တို့ လက်တွေ့လုပ်ကြည့်တဲ့အခါမှာ လိုအပ်တာရှိရင်လည်း ပြန်လည်ပြင်ဆင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုခုပေါ်လာတိုင်းပေါ်လာတိုင်း ကျွန်တော်တို့ရဲ့ Bussines Sector မှာ Opportunity ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အမြဲတမ်းရှေးရှုပြီး စဉ်းစားဖို့လိုတယ်။
ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဘယ်ဟာကို အရင်သွားသင့်လဲ
---------------
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောတာတွေကတော့ မျိုးစုံရှိမှာပါ။ တချို့ဆိုလည်း ငြိမ်းချမ်းရေး ဦးစားပေးသင့်တယ်။ ငြိမ်းချမ်းရေးရမှ စီးပွားရေးလုပ်လို့ရမှာလို့ပြောသလို တချို့ကလည်း စီးပွားရေးကို ဦးစားပေးလုပ်ရမယ်၊ စီးပွားရေးကောင်းမှ ငြိမ်းချမ်းရေးက လွယ်မယ်လို့ထင်တယ်။ တချို့ကလည်း ငြိမ်းချမ်းရေးရော စီးပွားရေးရော သွားရမယ်ဆိုတဲ့ အဆိုတွေလည်း ရှိတယ်။
ကျွန်တော့်အနေနဲ့ပြောမယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်ဒီပရောဂျက်မှာ ခြောက်နှစ်ကျော်လောက် ပါခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လက်ရှိအနေအထားက တခြားနိုင်ငံတွေနဲ့မတူဘူး။ မတူတဲ့အတွက် ကျွန်တော့်အမြင်ကတော့ နှစ်ခုစလုံးကို တစ်ပြိုင်တည်းလုပ်ရင် ပိုကောင်းမယ်လို့ ထင်မြင်ယူဆမိပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ GDP - လူတစ်ဦးချင်းစီရဲ့ ကုန်ထုတ်တန်ဖိုးက နည်းပါသေးတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ခရီးရှည်ကြီးပါ။ အခုတိုင်းရင်းသားလက်နက်ကိုင်တွေက သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်အခတ်ရပ်မယ်၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်လာတဲ့ရလဒ်နဲ့အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာကို ကြိုးစားနေတော့ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ဖြုတ်တာတွေ ဆောင်ရွက်ရပါလိမ့်မယ်။ အဲဒီအခါကျရင် သူတို့ကိုပြန်လည်နေရာချထားတဲ့ကိစ္စတွေ သူတို့ဒေသအတွင်းမှာ အလုပ်လုပ်နိုင်ဖို့ဆိုတာ၊ စီးပွားရေးလုပ်ဖို့ဆိုတာတွေလည်း ရှိလာမှာပါ။
ဒါကြောင့်မို့ ဒီခရီးအရှည်ကြီးမှာ စီးပွားရေးရော ငြိမ်းချမ်းရေးရော တစ်ပြိုင်တည်းဆောင်ရွက်ဖို့လိုပါတယ်။ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးနှစ်ခုလုံး တစ်ပြိုင်တည်းလုပ်လာမှ လာမယ့်နှစ်အတန်အကြာမှာ စီးပွားရေးဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေက ငြိမ်းချမ်းရေးဘက်မှာ အထောက်အကူပြုမယ်လို့ ကျွန်တော်ယူဆပါတယ်။