Uber ရဲ့ CEO Travis Kalanick

၁၉၇၆ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Travis Cordell Kalanick ဟာ အမေရိကန်လူမျိုး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး P2P စနစ် ဒစ်ဂျစ်တယ်ဖိုင်မျှဝေရေးလုပ်ငန်းကုမ္ပဏီ Red Swoosh နဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်ကုမ္ပဏီ Uber တို့ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်မှာ Forbes မဂ္ဂဇင်းကြီးရဲ့ အချမ်းသာဆုံး အမေရိကန်လေးရာ စာရင်းထဲမှာ ခန့်မှန်းခြေ အသားတင် ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာခြောက်ဘီလီယံနဲ့ အဆင့် ၂၉၀ က ပါဝင်ခဲ့ပြီး Real Time Net Worth က ဒေါ်လာ ၆.၃ ဘီလီယံ ဖြစ်ပါတယ်။

Travis1

ငယ်စဉ်ဘဝနဲ့ ပညာရေး . . .

Kalanick ကို ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ မွေးဖွားခဲ့ပြီး သူဟာ Northridge မြို့မှာ နေထိုင်ခဲ့ပါတယ်။  အဲဒီမြို့က Granada Hills အထက်တန်းကျောင်းကနေ အထက်တန်းအောင်ခဲ့ပြီး Los Angeles မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California, Los Angele) မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ သူဟာ အဲဒီတက္ကသိုလ်မှာ တက်နေတုန်းမှာ Theta Xi Fraternity အသင်းထဲကို ဝင်ခဲ့ပါတယ်။ သူ့ရဲ့အမေ Bonnie (Horwitz) ဟာ Los Angeles Daily News သတင်းစာမှာ လက်လီလုပ်ငန်းကြော်ငြာအလုပ်ကို လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့အဖေ Donald E. Kalanick ကတော့ Los Angeles မြို့ရဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။

လုပ်ကိုင်ခဲ့တဲ့အလုပ်များ . . .

Scour

၁၉၉၈ ခုနှစ်မှာ Travis Kalanick ဟာ ဘက်စုံဆက်သွယ်ရေး Search Engine တစ်ခုဖြစ်တဲ့ Dan Rodrigues နဲ့ P2P စနစ် ဒစ်ဂျစ်တယ်ဖိုင် မျှဝေရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Scour Exchange တို့နဲ့အတူ Scour Inc ကုမ္ပဏီကို တည်ထောင်ရာမှာ ကူညီဖို့ တခြားအတန်းဖော်တွေနဲ့အတူ ကယ်လီဖိုးနီးယားတက္ကသိုလ်က ထွက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ အမေရိကန်ရုပ်ရှင်အသင်းကြီး (MPAA) ၊ အမေရိကန်အသံသွင်းလုပ်ငန်းကြီး (RIAA) နဲ့ အမေရိကန်တေးသံထုတ်လုပ်ရေးအသင်းကြီး (NMPA) တို့က Scour ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှာပဲ Scour ဟာ တရားစွဲဆိုမှုကို ကာကွယ်ဖို့အတွက် လူမွဲအဖြစ် ခံယူခွင့်လျှောက်ထားခဲ့ပါတယ်။

Red Swoosh

၂၀၀၁ ခုနှစ်မှာ Kalanick ဟာ Scour ရဲ့ အင်ဂျင်နီယာအဖွဲ့နဲ့အတူ နောက်ထပ် P2P စနစ်ဒစ်ဂျစ်တယ်ဖိုင် မျှဝေရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Swoosh ဆိုတဲ့ ကုမ္ပဏီအသစ်တစ်ခုကို စပြီးလုပ်ခဲ့ပါတယ်။ Red Swoosh ရဲ့ Software ဟာ သုံးစွဲသူတွေကို သီချင်းဖိုင်တွေနဲ့ ဗီဒီယိုတွေ အပါအဝင် ကြီးမားတဲ့ မီဒီယာဖိုင်ကြီးတွေကို လွှဲပြောင်းဖလှယ်လို့ရအောင် အင်တာနက်ပေါ်က တိုးမြှင့်ထားတဲ့လှိုင်းခွင်ရဲ့ ထိရောက်မှုကို အကျိုးရှိရှိ အသုံးပြုခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Akamai Technologies ကုမ္ပဏီကြီးက Red Swoosh ကို ဒေါ်လာ ၁၉ သန်းနဲ့ ဝယ်လိုက်ပါတယ်။

Travis2

Uber

၂၀၀၉ ခုနှစ်မှာ Kalanick ဟာ Garrett Camp နဲ့အတူ အငှားယာဉ်ဝန်ဆောင်မှုအတွက် ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကို ချိတ်ဆက်ပေးတဲ့ Mobile Application တစ်ခုဖြစ်တဲ့ Uber ကို တည်ထောင်ခဲ့ပါတယ်။ (Uber ဟာ လက်ရှိမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၇၆ နိုင်ငံက မြို့ကြီးပေါင်း ၄၅၀ ကျော်မှာ လုပ်ငန်းဆောင်ရွက်နေပါတယ်။) Uber ဟာ မြောက်အမေရိကက Washington DC ၊ Chicago ၊ Toronto နဲ့ New York လို မြို့ကြီးတချို့မှာ အငြင်းပွားမှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လန်ဒန်လို မြို့ကြီးတွေမှာတော့ ကုမ္ပဏီဟာ သူ့လို အလားတူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ Clone ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ Kalanick ဟာ သူ့ရဲ့ Uber အဖွဲ့အစည်းထဲမှာ 'ဖြစ်တဲ့နည်းနဲ့ အနိုင်ယူရေး' ဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖန်တီးခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။

Uber ရဲ့ စတင်ခြင်း ခရီးစဉ်သမိုင်း . . .

၂၀၀၈ ခုနှစ်က ပါရီမြို့ရဲ့ နှင်းတွေကျနေတဲ့ တစ်ခုသောညနေခင်းမှာ Travis Kalanick နဲ့ Garrett Camp တို့ဟာ အငှားယာဉ်ခေါ်ရတဲ့ ဒုက္ခတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် သူတို့ဟာ ခလုတ်နှိပ်ပြီး ကားစီးလို့ရမယ့် ရိုးစင်းတဲ့စိတ်ကူးတစ်ခုကို ရခဲ့ကြပါတယ်။

မြို့ပြထဲက နယ်မြေတချို့အတွင်းမှာ အနက်ရောင်အဆင့်မြင့်ကားတွေကိုခေါ်တဲ့ Application တစ်ခု အဖြစ်နဲ့စခဲ့တဲ့ အရာတစ်ခုဟာ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးက မြို့ကြီးတွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံတွေကို ပြောင်းလဲပစ်နေပါပြီ။ အငှားကားပဲဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်တစ်ခုပဲဖြစ်ဖြစ်၊ အထုပ်တစ်ထုပ်ပဲဖြစ်ဖြစ် လူတွေကို သူတို့လိုချင်တဲ့အချိန်မှာ သူတို့ လိုချင်တဲ့အရာကိုပေးဖို့အတွက် Uber က နည်းပညာကို အသုံးပြုပါတယ်။ Uber နဲ့ ခရီးသွားကြတဲ့ အမျိုးသား အမျိုးသမီးတွေအတွက် Uber ရဲ့ App ဟာ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ငွေရနည်းတစ်ခုကို ကိုယ်စားပြုပါတယ်။ Uber ဟာ မြို့ကြီးတွေအတွက် ဒေသခံစီးပွားရေးကို အားကောင်းလာအောင် ကူညီပါတယ်။ သယ်ယူပို့ဆောင်ရေး အခွင့်အလမ်းကို တိုးတက်အောင် လုပ်ပေးပါတယ်။ လမ်းတွေကို ပိုပြီးလုံခြုံမှုရှိအောင် လုပ်ပေးပါတယ်။ သယ်ယူပို့ဆောင်ရေးကို ရေစီးသလို အားကိုးလောက်အောင် လုပ်ပေးလိုက်တဲ့အခါ လူတိုင်းအတွက် အကျိုးရှိသွားပါတယ်။

Uber ရဲ့ CEO Travis Kalanick ဟာ သုညနဲ့စခဲ့တဲ့ အငှားယာဉ် တိုက်ဖျက်ရေးလုပ်ငန်းသစ်ကို ခုနစ်နှစ်တာ ကာလအတွင်းမှာပဲ တန်ဖိုးအားဖြင့် ဒေါ်လာ ၆၈ သန်းအထိ ရောက်သွားအောင် တွန်းပို့ခဲ့ပါတယ်။ Uber ဟာ သုံးစွဲသူတွေကို ကားခေါ်လို့ရအောင် လုပ်ပေးပြီး (စာချုပ်ချုပ်ထားတဲ့) ကန်ထရိုက်ယာဉ်မောင်းတစ်ယောက်ကို သူတို့ခေါ်တဲ့ လမ်းကြောင်းထဲကို ပို့ပေးပါတယ်။ Uber က ယာဉ်စီးခထဲက အမြဲတမ်း ဖြတ်ယူပါတယ်။ ဇွန်လမှာ ကုမ္ပဏီဟာ ဒေါ်လာ ၅.၅ ဘီလီယံအထိ ဧရာမရန်ပုံငွေ စုဆောင်းမှုကြီးကို လုပ်ခဲ့ပြီး အဲဒီအထဲမှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေထဲက ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခု ပါဝင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနေပေမယ့် Uber ဟာ နေရာတိုင်းမှာတော့ အနိုင်မရနိုင်ပါဘူး။ တရုတ်နိုင်ငံထဲက ထွက်ခွာဖို့အတွက် အလဲအလှယ်အနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ Didi Chuxing ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းပေးမယ့် အပေးအယူတစ်ခုကို လုပ်ပြီး တရုတ်နိုင်ငံမှာ သူအရေးနိမ့်ခဲ့ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက ကုမ္ပဏီက ဝန်ခံခဲ့ပါတယ်။

[caption id="attachment_30421" align="alignnone" width="720"]Travis4ထုံးတမ်းစဉ်လာအရ ဖွဲ့စည်းပုံတွေကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သူ Travis Kalanick[/caption]

Travis Kalanick က ဘယ်လိုလူလဲ၊ ဘယ်လိုအောင်မြင်လာသလဲ . . .

ဆန်ဖရန်စစ္စမြို့မှာ ကားနှစ်စီးနဲ့ စလုပ်ခဲ့တဲ့လုပ်ငန်းက နိုင်ငံပေါင်း ၇၆ နိုင်ငံမှာ တစ်နေ့ကို ခေါက်ရေ ငါးသန်းပြေးဆွဲနေတဲ့ လုပ်ငန်းကြီးအဖြစ်ကို တက်လာခဲ့တဲ့ ရှစ်နှစ်အတွင်းမှာ Kalanick ရဲ့အကြောင်းကို ပြောကြတာကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ သူ့ကို လူတွေက စိတ်ကူးကောင်းသူ၊ ဖျက်ဆီးပစ်သူ၊ ဉာဏ်ကြီးရှင်၊ ခပ်ကြောင်ကြောင်လူဆိုတဲ့ နာမည်တွေနဲ့ ခေါ်ကြပါတယ်။ တစ်ခုတော့ သေချာပါတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ တွေ့ဖူးသမျှ ဘယ်ကုမ္ပဏီနဲ့မှ မတူပါဘူး။ Uber ဟာ သမိုင်းမှာ အမြန်ဆုံးကြီးထွားခဲ့တဲ့ ကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၆.၃ ဘီလီယံနဲ့ အများဆုံးဖြစ်သွားပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ့အကြီးဆုံး မော်တော်ကားကုမ္ပဏီကြီးဖြစ်တဲ့ Volkswagen ကုမ္ပဏီရဲ့ ဈေးကွက်မတည်ရင်းနှီးငွေပမာဏနားကို ခပ်မြန်မြန်ရောက်ရှိသွားခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။ သူ့ဆီမှာ မြို့ကြီးပေါင်း ၄၅၀ မြို့မှာ လက်ရှိလုပ်ကိုင်နေတဲ့ ယာဉ်မောင်းပေါင်း ၁.၅ သန်း ရှိပါတယ် (အဲဒီ ယာဉ်မောင်းတွေကို လွတ်လပ်တဲ့ ကန်ထရိုက်ယာဉ်မောင်းတွေလို့ ကုမ္ပဏီက သတ်မှတ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ အနည်းဆုံးတစ်ခေါက်ပြေးဆွဲထားတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်)။ Uber ဆိုတဲ့ စကားလုံးဟာ Google ဖြစ်ခဲ့သလို ကြိယာတစ်ခု ဖြစ်လာရုံသာမကဘဲ စွန့်ဦးတီထွင်သူပေါင်းမြောက်မြားစွာကို ဒါရိုက်တာအဖွဲ့တွေထဲကို ထည့်ပေးတဲ့လုပ်ငန်းတစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒါကြောင့် Kalanick ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ဟာ အငှားယာဉ်ထက် အများကြီးကျော်လွန်သွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ Uber ဟာ သင့်အတွက် ရဟတ်ယာဉ်တစ်စီးကို ရအောင် လုပ်ပေးနိုင်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာဆိုရင် UberEATS ဟာ ဆယ်မိနစ်အတွင်းမှာ အစားအသောက်တစ်ခုကို သင့်ရဲ့တံခါးဝကို ရောက်အောင် ယူဆောင်လာပါလိမ့်မယ်။ ''မြို့ကြီးတစ်မြို့ထဲမှာ တစ်ခုခုဟာ တစ်နေရာက တစ်နေရာကို ရွေ့လျားနေပြီဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ ပစ္စည်းပါပဲ'' လို့ Kalanick က အလွတ်သဘောနဲ့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ Uber ဟာ ဝက်ဝက်ကွဲအောင် လူကြိုက်များတဲ့ လုပ်ငန်းတစ်ခုလောက် သာမကသေးပါဘူး။ ၂၀၁၅ ခုနှစ်မှာ Uber ဟာ Airbnb ၊ Task-Rabbit နဲ့ ကုမ္ပဏီတစ်ဒါဇင်ကျော်ပါဝင်တဲ့ ''gig economy'' ဆိုတဲ့ ပုတ်ပြတ်ယာယီ အလုပ်အကိုင်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီတွေထဲမှာ ဖန်တီးမှုအများဆုံး၊ ရန်အလိုဆုံးကုမ္ပဏီအဖြစ် သူ့ကိုယ်သူ အခိုင်အမာ တည်ဆောက်ခဲ့ပါတယ်။

ကမ္ဘာ့နေရာ အစိတ်အပိုင်းတချို့က လူချမ်းသာတွေရဲ့ လွန်ကဲမှုသင်္ကေတတစ်ခုအဖြစ် အမြင်ခံရတဲ့ Uber ရဲ့ ချဲ့ထွင်မှုဟာ မက္ကဆီကိုစီးတီးနဲ့ ပါရီလိုမြို့ကြီးတွေမှာ ပြင်းထန်တဲ့ကန့်ကွက်ဆန္ဒပြမှုတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးတွေကို အသေးစိတ်နားလည်ထားမှုနဲ့ အဲဒီအလုပ်တွေကို လုပ်ချင်တဲ့ စိတ်အားထက်သန်မှုအတွက် နာမည်ကြီးတဲ့ Kalanick ဟာ ဘာကိုမှ စိုးရိမ်ပူပန်နေမှာ မဟုတ်ပါဘူး။ ''မြို့ကြီးတွေမှာ တာဝန်ရှိသူတစ်ယောက်ကို ကာကွယ်ဖို့ ပုံစံထုတ်ထားတဲ့ စည်းမျဉ်းတွေ တစ်ပုံကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီစည်းမျဉ်းတွေဟာ မြို့ကြီးမှာပါဝင်တဲ့ အစိတ်အပိုင်းတွေ၊ မြို့သူမြို့သားတွေနဲ့ မြို့ကြီးကိုယ်တိုင်ကို တိုးတက်အောင် လုပ်ဖို့တော့ မဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒါက ပြဿနာတစ်ခုပါပဲ။ ကျွန်တာ်တို့က နိုင်ငံရေးတိုးတက်မှုကို အမှန်တကယ် တိုးတက်မှုနဲ့ ဘယ်လိုပေါင်းစည်းပေးရမလဲဆိုတာကို တွက်ချက်ဖော်ထုတ်ဖို့ လိုပါတယ်'' လို့ သူက ပြောပါတယ်။

Kalanick ရဲ့ တိုးတက်မှုဆိုတဲ့ အယူအဆက ရိုးရှင်းပြီး ကျယ်ပြန့်ပါတယ်။ သယ်ယူပို့ဆောင်ရေးဟာ စီးနေတဲ့ ရေလိုနေရာတိုင်းမှာ၊ လူတိုင်းအတွက် တစ်ပြိုင်တည်းရှိနေပြီး အားကိုးအားထား ပြုနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအမြင်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မြို့ကြီးတွေမှာ လုပ်ကိုင်နေတဲ့ နည်းလမ်းတွေကို ပြောင်းလဲပစ်ဖို့ သူက မျှော်လင့်ထားပါတယ်။

Kalanick ဟာ သူငယ်ငယ်တုန်းက အိပ်တဲ့အိပ်ခန်းထဲမှာ အိပ်ရင်းနဲ့ပဲ ဒစ်ဂျစ်တယ်ဖိုင်မျှဝေရေးနည်းပညာ လုပ်ငန်းဖြစ်တဲ့ Red Swoosh ကို စပြီးလုပ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီကို သူက 'ကလဲ့စားကုမ္ပဏီ' လို့ ခေါ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကုမ္ပဏီရဲ့ Customer တွေထဲမှာ အရင်တုန်းက သူ့ကိုအလုပ်ထဲက ထုတ်ပစ်ခဲ့တဲ့ ကော်ပိုရေးရှင်းကြီးတချို့ ပြန်ပြီးပါဝင်နေလို့ပါပဲ။ နောက်ဆုံးမှာ သူဟာ ဝန်ထမ်းရှစ်ယောက်သာရှိတဲ့ အဲဒီကုမ္ပဏီကို ဒေါ်လာ ၁၈.၇ သန်းနဲ့ ရောင်းလိုက်ပါတယ်။ နောက်ထပ်ရောက်လာတာကတော့ Uber ဖြစ်ပါတယ်။ '' Travis နဲ့ ပတ်သက်ပြီး သင်နားလည်ရမယ့် အရာတစ်ခုက သူဟာ အားနည်းချက် အားသာချက်တွေ အားလုံးရှိတဲ့ ကွင်းဆက်စွန့်ဦးတီထွင်သူတစ်ယောက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အကိုက်ညီဆုံးသူတစ်ယောက်ဖြစ်နေတယ် ဆိုတာပါပဲ။ သူဟာ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအရ ဖွဲ့စည်းပုံတွေကို ဆန့်ကျင်ပါတယ်။ သူဟာ နေ့တိုင်းအိပ်ရာကထပြီးတာနဲ့ တစ်ခုခုကိုလုပ်ပါတယ်။ သူဟာ လူတွေနဲ့ သဘောထားချင်း ကွဲလွဲတတ်သလို ကောင်းကောင်းလည်းကွဲလွဲပါတယ်'' လို့ Uber ထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ (Google ကို အမည်ပြောင်းထားတဲ့) Alphabet ကုမ္ပဏီကြီးရဲ့ အမှုဆောင်ဥက္ကဋ္ဌ Eric Schmidt က ပြောပါတယ်။

[caption id="attachment_30422" align="alignnone" width="720"]Travis5ကိုယ်ပိုင်အလုပ်ချိန်တွေကို သတ်မှတ်နိုင်တဲ့ Uber ကန်ထရိုက်ယာဉ်မောင်းများ[/caption]

Uber ရဲ့ လွတ်လပ်တဲ့ ကန်ထရိုက်ယာဉ်မောင်းများ . . .

Uber နဲ့လုပ်တဲ့ ယာဉ်မောင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်ချိန်တွေကို သတ်မှတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။ အဲဒါဟာ သူတို့ရဲ့ စွမ်းဆောင်ရည် အများကြီးမြှင့်တင်ပေးတယ်လို့ Kalanick က ယုံကြည်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ''သင့်ရဲ့ကိုယ်ပိုင်အချိန်ကို သင်ထိန်းချုပ်ရတဲ့အခါ သင့်မှာ အဓိကကျတဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ ရှိသွားပါတယ်'' လို့ သူက ပြောပါတယ်။ ဒါပေမဲ့ Uber ယာဉ်မောင်းတွေဟာ အရာရာတိုင်းကို ချုပ်ကိုင်ထားနိုင်တာတော့ မဟုတ်ပါဘူး။ သူတို့ဟာ ကုမ္ပဏီရဲ့ ဈေးနှုန်းသတ်မှတ်ချက်ကို နိုင်နင်းအောင် ကိုင်တွယ်ရပါတယ်။

ကုမ္ပဏီရဲ့ ဈေးနှုန်းသတ်မှတ်ချက်ဟာ တောင်းဆိုမှုအဆင့်ပေါ်မှာ မူတည်ပြီး ပုံမှန်ပြောင်းလဲနေသလို Uber မော်တော်ယာဉ်တွေထဲကို လူတွေပိုရောက်လာအောင် ကုန်ကျစရိတ်လျှော့ချတဲ့ အပေါ်မှာလည်း မကြာခဏ အာရုံစိုက်ရပါတယ်။ အဲဒါဟာ ယာဉ်မောင်းတွေအနေနဲ့ ပေးလာတဲ့ဈေးနှုန်းကို ဘယ်လောက်ဖြစ်ဖြစ် ယူရမယ်ဆိုတဲ့သဘောလည်းဖြစ်ပါတယ်။ အဲဒါဟာ လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေအတွက် စိတ်မကောင်းစရာဖြစ်ရုံသာမက ဖျက်ဆီးတဲ့နည်းပညာက လုပ်အားအပေါ်မှာ လုပ်နိုင်တဲ့အရာကိုပြတဲ့ တော်တော်ကလေး ပီပြင်တဲ့သာဓကတစ်ခုလည်းဖြစ်ပါတယ်။

ကောင်းတဲ့ဘက်ကကြည့်ရင်တော့ Uber ဟာ အလုပ်လုပ်ခြင်းရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့လူတွေရဲ့ မျှော်လင့်ချက်တွေအတွက် လုပ်ကိုင်နေပါတယ်။ ၂၁ ရာစုထဲမှာ လူလားမြောက်လာသူအများစုက သူတို့ဟာ သူတို့ကိုယ်တိုင်ပဲ အကြီးအကဲ ဖြစ်ချင်တယ်လို့ ပြောကြပြီး ပြောင်းလွယ်ပြင်လွယ်တဲ့ အလုပ်ချိန်တွေကို ရရှိခြင်းဟာ လုပ်ရတဲ့အလုပ်ရဲ့ အကောင်းဆုံးအပိုင်းဖြစ်တယ်လို့ Uber ယာဉ်မောင်းတိုင်းက သင့်ကိုပြောပါလိမ့်မယ်။ ဒါပေမဲ့ ကုမ္ပဏီဟာ ပြိုကွဲသွားတဲ့ လူမှုရေး သဘောတူညီချက်တစ်ခုအတွက် ကျယ်ပြန့်တဲ့စိုးရိမ်ထိတ်လန့်မှုကိုလည်း ဆွဲဆောင်နေပါတယ်။ Uber ယာဉ်မောင်းတွေမှာ ပင်စင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒါမှမဟုတ် အလုပ်သမားရပိုင်ခွင့် စောင့်ရှောက်မှုတွေ မရှိပါဘူး။ တိုင်းတာမှု စနစ်က ပြုသမျှ နုကြရပါတယ်။

Kalanick ဟာ Uber ရဲ့ ဆက်သွယ်ရေးနဲ့ နိုင်ငံရေးအလုပ်ကို စီမံကွပ်ကဲဖို့အတွက် သမ္မတအိုဘာမားကို အိမ်ဖြူတော်ကို ရောက်အောင်ကူညီပေးခဲ့တဲ့ David Plouffe ဆီက အကူအညီကို ရယူခဲ့ပါတယ်။ ''အဲဒီနှစ်ယောက်မှာ အမှန်တကယ် တူနေတာ တချို့ရှိနေပါတယ်။ အိုဘားမားဟာ မေးခွန်းတွေ အများကြီး အမြဲတမ်းမေးပြီး 'ခင်ဗျား အဲဒါကိုဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ' 'အတိုက်အခံတွေဘက်မှာ အရေးကြီးတဲ့ အချက်တစ်ခု ရှိနိုင်သလား' လို့ ပြောပါတယ်။ Kalanick ဟာလည်း အဲဒီလိုပဲလုပ်ပါတယ်'' လို့ Plouffe က ပြောပါတယ်။ Plouffe ကို ငှားရမ်းပြီးတဲ့နောက်မှာ Uber ဟာ ပိုပြီးကောင်းတဲ့ မဲဆွယ်ပေးသူတွေ၊ သူ့ရဲ့အနေအထားကို ထောက်ခံမယ့် ပညာရေးဆိုင်ရာသုတေသနနဲ့ 'မူးယစ်ယာဉ်မောင်းများ ဆန့်ကျင်ရေး အမေများအဖွဲ့' လို အဖွဲ့တွေဆီက ထောက်ခံချက်တွေကို ရခဲ့ပါတယ်။ Uber ဟာ အချိန်ပြည့် အလုပ်အကိုင်တွေကို အစားထိုးပစ်တယ်ဆိုတာထက် မတိုးတက်ဘဲဖြစ်နေတဲ့ လုပ်ခတွေကို အားဖြည့်ပေးတဲ့ နည်းလမ်းတစ်ခု ပိုပြီးဖြစ်နေပါတယ်လို့ Plouffe က ပြောပါတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ''ယာဉ်မောင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ တစ်ပတ်မှာ ဆယ်နာရီ၊ ဒါမှမဟုတ် အဲဒီထက်နည်းပြီးပဲ အလုပ်လုပ်ကြပြီး ယာဉ်မောင်းအသစ်တွေက ဒီ App ကို သုံးနေကြတဲ့အတွက် အလုပ်ချိန်တွေ ကျဆင်းနေတဲ့ အတွက်ကြောင့်'' ပဲ ဖြစ်ပါတယ်။ အဲဒီယာဉ်မောင်းအသစ်တွေထဲမှာတော့ သူတို့ရဲ့မီးဖိုချောင်တွေကို ပြန်ပြုပြင်ဖို့ ဒေါ်လာနည်းနည်းပါးပါး ရှာနေကြတဲ့ အမေတွေက စပြီး နွေရာသီအားလပ်ရက်အတွင်းမှာ အပိုဝင်ငွေ ရှာချင်ကြတဲ့ ကျောင်းဆရာတွေအထိ ပါပါတယ်။ ''နိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ လူတွေဆီမှာ သူတို့ဆီမှာ အချိန်နည်းလွန်းတယ်၊ ငွေနည်းလွန်းတယ်ဆိုတဲ့ အဓိကမကျေနပ်ချက်ကြီး နှစ်ခုရှိပါတယ်။ အဲဒီနှစ်ခုစလုံးနဲ့ ရုန်းကန်နေရတဲ့ လူတွေအတွက်တော့ Uber ဟာ ဧရာမအကျိုးပြုမှုကြီး ဖြစ်ပါတယ်''။

[caption id="attachment_30420" align="alignnone" width="720"]Travis3ခလုတ်နှိပ်ပြီး ကားစီးလို့ရမယ့် ရိုးစင်းတဲ့စိတ်ကူးတစ်ခုကို ရခဲ့ကြတဲ့ Travis Kalanick နဲ့ Garrett Camp[/caption]

Travis Kalanick အတွက် စိန်ခေါ်မှုများ . . .

Boston မြို့မှာ Kalanick ဟာ အချိန်ပြည့်ဝန်ထမ်းတွေနဲ့ အမေးအဖြေ အစည်းအဝေးတွေကို လုပ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ Uber ရဲ့ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ရှိပါတယ်။ အဲဒီအစည်းအဝေးတွေမှာ သူ့ထက်ပိုကြီးတဲ့ တခြားနည်းပညာကုမ္ပဏီတွေက လုပ်တဲ့အတိုင်း MBA တက်ဖို့ ထောက်ပံ့ကြေးလို အကျိုးခံစားခွင့်တွေကိုပေးဖို့ ကုမ္ပဏီက စဉ်းစားမှာလားဆိုတဲ့ မေးခွန်းတွေ သူ့ကို တရစပ်မေးတဲ့အခါ သူက ရယ်ရယ်မောမောနဲ့ ဝေ့ဝိုက်ပြီး ဖြေသွားခဲ့ပါတယ်။

အစဉ်အလာ ဝန်ထမ်းတွေမဟုတ်တဲ့ ယာဉ်မောင်းတွေနဲ့ လုပ်တဲ့နောက် အစည်းအဝေးတစ်ခုမှာ Uber နဲ့ ပတ်သက်ပြီး အများဆုံးအမေးခံရတဲ့ မေးခွန်းတစ်ခု ပေါ်ထွက်လာပါတယ်။ ကုမ္ပဏီကို အများပိုင်အဖြစ် ဘယ်တော့လုပ်မှာလဲ၊ ကန်ထရိုက်ယာဉ်မောင်းတွေအနေနဲ့ ချမ်းသာကြွယ်ဝမှုကို မျှဝေခံစားရမှာလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ Kalanick က စကားကို ပိုပြီးဂရုတစိုက်နဲ့ ပြောပါတယ်။ ''အဲဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိပါတယ်။ စည်းမျဉ်းပိုင်းဆိုင်ရာ ရှုထောင့်က ကျွန်တော်တို့ ဂရုစိုက်ရပါလိမ့်မယ်။ ကြီးမားတဲ့ အများပိုင်ကုမ္ပဏီကြီးတစ်ခု ဖြစ်သွားတဲ့နေရာမှာ ဗျူရိုကရေစီတွေ အများကြီးရှိပါတယ်'' လို့ သူက ပြောပါတယ်။ သူ့ရဲ့အသံဟာ တိမ်ဝင်သွားပါတယ်။ ယာဉ်မောင်းတွေကို ရှယ်ယာတွေ ထုတ်ပေးတာဟာ အမှန်တကယ်တော့ သူတို့ဟာ ဝန်ထမ်းတွေပဲဆိုတာကို ဝန်ခံတဲ့အထိ ရောက်သွားမှာကို သူက သိနေလို့ ဖြစ်ကောင်းဖြစ်ပါမယ်။

အဲဒီနောက်မှာတော့ ဘောက်ဆူးပေးတာကို ခွင့်ပြုတဲ့ ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေကို လစာလျှော့ပြီး ပေးလေ့ရှိတယ်လို့ပြောပြီး Uber ရဲ့ ဘောက်ဆူးမပေးတဲ့ စည်းမျဉ်းကို မှန်ကန်ကြောင်းပြဖို့ သူ့ရဲ့ ကြိုးပမ်းမှုကို လက်တွေ့သက်သေပြချက်တစ်ခုနဲ့ ပြောခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

Uber ဟာ နေရာတိုင်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ ဘဝတွေကို ဂယက်ထသွားအောင်လုပ်ပြီး ကြီးမားတဲ့ စီးပွားရေးပြောင်းလဲမှုတွေကို မဖြစ်ပွားစေခဲ့ပါဘူး။ ဒါပေမဲ့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကုမ္ပဏီဟာ သူတို့ဆီက အကျိုးအမြတ် ရနေတာဖြစ်ပါတယ်။ ခရီးဦးတည်ရာတူသူတွေကို တွဲစပ်ပြီး ကျသင့်ငွေ မျှဝေပေးနိုင်တဲ့ Uber POOL ဝန်ဆောင်မှုကို ကမ္ဘာ့မြို့ပေါင်း ခြောက်ဆယ်ကျော်မှာ ပေးနေပြီး အစားအသောက်တွေ ပို့ပေးတဲ့ Uber EATS ဝန်ဆောင်မှုကို ကမ္ဘာ့မြို့ပေါင်း ခြောက်ဆယ်ကျော်မှာ ရနေပြီ ဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)