MIC အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

uagnaingoo

ဦးအောင်နိုင်ဦး

- Director General

Directorate of Investment & Company Administration (DICA)

Ministry of Planning and Finance

- Secretary

Myamar Investment Commission (MIC)

အစိုးရသစ်မှာဖွဲ့လိုက်တဲ့ Myanmar Investment Commission ရဲ့ Policy နဲ့ Direction တွေကိုသိချင်ပါတယ် . . .

MIC အသစ်ရဲ့ ဖွဲ့စည်းမှုကို ပြန်ကြည့်လိုက်ရင် Working Level က Senior Officer တွေကို အားပြုပြီး ဖွဲ့လိုက်တာဖြစ်ပါတယ်။ အရင်ဖွဲ့စည်းမှုကတော့ High Level တွေဖြစ်တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်ပြီး Senior Officer ဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ပါဝင်ခဲ့တယ်။ အခုဖွဲ့စည်းမှုကတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှစ်ယောက်ကိုပဲ ဝန်ကြီးထားပြီးတော့ MIC ကို ဥပဒေကြောင်းအရ ထိန်းကျောင်းပေးဖို့ ရှေ့နေချုပ်ကို ထည့်လိုက်တယ်။ ကျန်တာတွေအားလုံးက Working Level တွေပဲ။ ဒါတွေကို အားပြုပြီးတော့ ပြန်လည်ဖွဲ့စည်းလိုက်တယ်။ Private Sector ဘက်ကို ပြန်ကြည့်လိုက်ရင်လည်း Retired Officer တွေများပါတယ်။ နောက်ပြီး ထွေအုပ်က အငြိမ်းစားညွှန်ကြားရေးမှူးတစ်ယောက် ပါလာတယ်။ Private Sector က ဦးအေးလွင်တစ်ယောက်ပဲပါတယ်။ ဒါကြောင့် MIC က Practical Approach ကို သွားချင်တယ်လို့ သုံးသပ်လို့ရတယ်။ More Practical Level က လူတွေကို သုံးလာတယ်။

Policy Direction ကိုပြောရမယ်ဆိုရင်တော့ MIC ရဲ့ Policy က အမြဲတမ်း Economic Policy ကို အခြေခံရပါတယ်။ Economic Policy က သွားမယ့် Direction ကို ကျွန်တော်တို့က Alignment ပြန်ချိန်ရတာပေါ့။ MIC က ပြီးခဲ့တဲ့အစည်းအဝေးမှာ ညှိနှိုင်းတာကတော့ ကျွန်တော်တို့ MIC ဟာ ရှေ့လျှောက်သွားတဲ့အခါမှာ နံပါတ်တစ် Direction အနေနဲ့ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်အောင်ဖန်တီးဖို့ဖြစ်ပါတယ်။ ဒုတိယ Direction ကတော့ ဥပဒေပိုပြီး အားကောင်းလာအောင် လုပ်ဖို့ဖြစ်ပါတယ်။

အဲဒီမှာ Promotion သွားတဲ့အခါမှာ Labour Intensive Industry ကို ပထမဦးစားပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာလုပ်သားတွေနဲ့ တွေ့ခဲ့တော့ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုအပ်နေကြောင်း ပိုပြီးသုံးသပ်ရရှိခဲ့ပါတယ်။ အဓိကကတော့ လူငယ်တွေအတွက် နိုင်ငံတော်ကအလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အဲဒါကြောင့် ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ များများဖန်တီးပေးနိုင်တဲ့လုပ်ငန်းတွေ ရောက်လာစေဖို့ ဖြစ်ပါတယ်။ ဒါမှပြည်တွင်းကလုပ်သားတွေ ပြည်ပမရောက်သွားအောင် ထိန်းထားနိုင်မယ်။ နောက်ဒီထက်ပိုကောင်းအောင်လုပ်နိုင်ရင် ပြည်ပကို ရောက်နေတဲ့လုပ်သားတွေ ပြည်တွင်းကို ပြန်ပြီးရောက်လာအောင် အခွင့်အလမ်းတွေ ဖန်တီးသွားမယ်။

ဦးစားပေးနံပါတ်နှစ်ကတော့ ကျွန်တော်တို့အားလုံး လိုအပ်နေတဲ့ Infrastructure Development ပါ။ ကျွန်တော်တို့ ပထမဆုံး MIC အစည်းအဝေးရဲ့ Policy ဆိုင်ရာ ဆွေးနွေးချက်တွေထဲမှာ ဒီနှစ်ခုကို Target ထား ထားပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ Economic Policy နဲ့ လိုက်ပြီးညှိရဦးမှာပါ။ Economic Policy က ဘယ်ကို သွားချင်တာလဲဆိုတာကို ကျွန်တော်တို့ Investment Point of View က ဘယ်လို Support လုပ်ပေးနိုင်မလဲဆိုတာကြည့်ပြီးသွားဖို့ ရည်ရွယ်ထားပါတယ်။

ထိုင်းက BOI ( Board of Investment) မှာ ဆိုရင်  One Start, One Stop Policy ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ အရင်ခေတ်အထိတော့ ကြုံဖူးတာက MIC က ပါမစ်ချပေးလိုက်ပေမဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက လိုက်မလုပ်တာတို့၊ ပြည်နယ်က လိုက်မလုပ်တာတို့တွေရှိတော့ အခုအသစ်ဖွဲ့စည်းထားတဲ့ MIC ရဲ့ Role ကရော MIC က ပါမစ်ကျသွားပြီဆိုလို့ရှိရင် ကျန်တဲ့ဝန်ကြီးဋ္ဌာနတွေက လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးကော ရှိပါသလား . . .

ဒီပြဿနာကတော့ အရင်ကတည်းက ရှိပါတယ်။ MIC ပါမစ်ကျပေမဲ့ လုပ်ငန်းကမပြီးဘူးပေါ့။ အဲဒီအတွက် အရင်အစိုးရလက်ထက်တုန်းက ဘာတွေပြင်ခဲ့သလဲဆိုတော့ One Stop Service လုပ်ခဲ့တယ်။ One Stop Service က MIC ပါမစ်မကျခင်ရှေ့ပိုင်းမှာ မလုပ်ပေးနိုင်ဘူး။ MIC ပါမစ်ကျပြီးနောက်ပိုင်းဆိုရင်တော့ ဥပမာ - ပို့ကုန်၊ သွင်းကုန်လုပ်ချင်သလား။ ဒီမှာလိုင်စင်လျှောက်လို့ရတယ်။ Custom Documentation လုပ်လို့ရတယ်။ Work Permit ဒီကထုတ်ပေးတယ်။ အလားတူပဲ Visa Extension ကိုလည်း ဒီမှာလုပ်ပေးပါတယ်။ ကျွန်တော်တို့လည်း BOI လုပ်တာတွေကို နမူနာယူပြီးလုပ်တယ်။ လုပ်ပေမယ့်လည်း တချို့ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဒီထက်ကောင်းအောင်လုပ်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ဆီမှာ ဋ္ဌာနတွေဖွင့်ပေးထားပေမဲ့ တချို့ကိစ္စတွေက ဒီမှာနဲ့တင်မပြတ်ဘူး။ မပြတ်ဘဲနဲ့ တချို့ဝန်ကြီးဌာနတွေနဲ့ပူးတွဲပြီး သဘောတူညီမှုယူရတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ရာနှုန်းပြည့် စိတ်ကျေနပ်လောက်တဲ့အဆင့်တော့ မရောက်သေးဘူး။ ကျွန်တော်တို့က Enabling ZBusiness Environment  ဖြစ်လာရင်တော့ One Stop Service ရဲ့ Efficiency လည်း ပိုတက်လာမှာပါ။

ကျွန်တော်တို့ အစိုးရဖွဲ့စည်းပုံကလည်း Lean Government ဖြစ်တယ်။ Cooperation ပိုကောင်းအောင်၊ Efficiency ပိုတက်အောင် ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းထားတယ်။ ဒီတော့ ထိုင်းမှာဆိုရင်တော့ One Step, One Stop နဲ့သွားတာပေါ့။ ကျွန်တော်တို့လည်း One Start, One Stop ကို Target ထားပြီးတော့ လက်ရှိပေးနေတဲ့ Service ထက် Efficiency တက်အောင်လုပ်ဖို့ ရှိပါတယ်။

နောက်ပြီး ဥပဒေသစ်ထွက်လာပြီးရင် Procedure က ပိုရှင်းပါတယ်။ ကိစ္စအားလုံး MIC ကို လာစရာ မလိုတော့ဘူး။ MIC က နည်းနည်းပဲ ကိုင်တော့မယ်။ တချို့ကိစ္စတွေကို MIC က တိုင်းဒေသကြီးတွေ၊ ပြည်နယ်ဒေသကြီးတွေကို ခွဲပေးလိုက်မယ်။ Inverstor တွေအတွက် ပိုကောင်းတဲ့အနေအထားနဲ့ Investment လုပ်လို့ရတဲ့အခြေအနေ ဖြစ်သွားပါမယ်။

ကျွန်တော်တို့ဆီမှာ Stork Exchange လည်းတက်လာ ပြီဆိုတော့ တွေ့ရတဲ့ပြဿနာတစ်ခုက Holding Company တွေက Tax မှာ ကွာနေတာကိုတွေ့ရတယ်။ ဒါကို MIC က ဝင်ပြီးတော့ညှိပေးလို့ရပါသလား . . .

ကျွန်တော်တို့ ဝန်ကြီးဌာနက Tax နဲ့ပတ်သက်ပြီး နိုင်ငံသားတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နဲ့ အစိုးရကလည်း ရသင့်ရထိုက်တဲ့ Tax ကိုလည်းရအောင်လို့ ချိန်ဆပြီး လုပ်နေပါတယ်။ Tax နဲ့ပတ်သက်ပြီး Review လုပ်နေတာတွေလည်းရှိပါတယ်။ ဥပမာ- Double Taxation ဖြစ်နေသလား၊ တချို့ Tax တွေက Exporter တွေအတွက် အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။

စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီကလည်း ဖွဲ့ထားပြီးပြီ။ ကော်မတီကတော့ Issue အားလုံးကို Oversee လုပ်ပေးတာပေါ့။ နောက်ပြီး ဝန်ကြီးဌာနအားလုံး ပေါင်းဆုံပြီးတော့လုပ်သွားဖို့လည်း ရှိပါသေးတယ်။

အရင်တုန်းကလို နိုင်ငံခြားသားပါရင် နိုင်ငံခြားကုမ္ပဏီဆိုပြီး သတ်မှတ်တာရော ရှိပါသေးလား . . .

Investment Lax နှစ်ခုပေါင်းသွားရင်လည်း နိုင်ငံခြားကုမ္ပဏီ၊ မြန်မာကုမ္ပဏီဆိုတာတော့ရှိနေဦးမှာပဲ။ ဒါပေမဲ့ Level Playing Field မှာ အားလုံးက Same Treatment ၊ Same Incentive ဖြစ်မယ်။ နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီဆိုပြီး ကွဲပြားတာကတော့ ကုမ္ပဏီဥပဒေနဲ့ သွားဆိုင်ပါတယ်။ အခုပြင်နေပါတယ်။ ပြင်တဲ့အခါ ကျွန်တော်တို့ရည်ရွယ်တာကတော့ ကုမ္ပဏီဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်မှာလည်း နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီဆိုပြီး ရှိနေဦးမှာပဲ။ ဒါပေမဲ့ လက်ရှိကုမ္ပဏီဥပဒေရဲ့ ဥပဒေပုဒ်မ ၂(က) ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကြည့်မယ်ဆိုရင် မြန်မာကုမ္ပဏီဆိုတာက မြန်မာနိုင်ငံသားက ရာနှုန်းပြည့်ပိုင်ဆိုင်ပြီးတော့ လည်ပတ်နေတဲ့ ကုမ္ပဏီကို ဆိုလိုတာလို့ အဓိပ္ပာယ်ရပါတယ်။ ရာနှုန်းပြည့်ဆိုပြီး သုံးထားတဲ့အတွက် နိုင်ငံခြားသားတစ်ယောက်က ရှယ်ယာတစ်ရာခိုင်နှုန်းဝင်ပါလိုက်ရင် ရာနှုန်းမပြည့်တော့ဘူးဖြစ်သွားပြီး နိုင်ငံခြားသားကုမ္ပဏီဆိုပြီး သတ်မှတ်လိုက်တယ်။ ကုမ္ပဏီဥပဒေအသစ်ကျရင်တော့ ဒီလိုမဟုတ်တော့ဘူး။ မြန်မာကုမ္ပဏီထဲမှာ Threshold တစ်ခု ပေးထားမယ်။ အဲဒီ Threshold အထိကို နိုင်ငံခြားသားတွေပါလို့ရမယ်။ ကျွန်တော်တို့ အကြမ်းဖျင်း ၃၅ ရာခိုင်နှုန်းဆိုပြီး စဉ်းစားထားပါတယ်။ မြန်မာကုမ္ပဏီထဲမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိပါတာကို မြန်မာကုမ္ပဏီလို့ပဲ သတ်မှတ်မယ်။ ၃၅ ရာခိုင်နှုန်းထက် ကျော်သွားရင်တော့ နိုင်ငံခြားသားပိုင်ကုမ္ပဏီလို့သတ်မှတ်မယ်။ အဓိကရည်ရွယ်တာကတော့ မြန်မာကုမ္ပဏီတွေမှာ နိုင်ငံခြားသားတွေရဲ့ Capital Contribution ၊ Technology နဲ့ Market Access တွေ ပါဝင်လာပြီး မြန်မာကုမ္ပဏီတွေ ပိုပြီးတော့ Bloom ဖြစ်လာအောင်လို့ပါ။

နောက်ပြီး အခု Stock Exchange ဖွင့်လိုက်တဲ့အချိန်မှာ ကုမ္ပဏီနှစ်ခုပဲရှိသေးတယ်။ Listed Company လုပ်တဲ့အခါ နိုင်ငံခြားသားကို Access မပေးရင် ဘယ်လိုမှ Develop မဖြစ်ဘူး။ ပေးကိုပေးရမယ်။ အဲဒီတော့ အနှေးနဲ့အမြန်ဆိုသလို Stock Market ထဲမှာ နိုင်ငံခြားသားတွေကို ဝယ်ယူခွင့်ပေးသွားမှာပါ။

ကုမ္ပဏီဥပဒေကလည်း ကျွန်တော်တို့ ဝန်ကြီးဌာနအဆင့်မှာ အားလုံးပြီးနေပါပြီ။ ၂၀၁၆ ခုနှစ်ထဲမှာ အပြီးသတ်ထုတ်သွားမှာဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ အခြေခံဥပဒေနှစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီအက်ဥပဒေတို့ကို အဓိကဦးစားပေးလုပ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ရတာလည်း လွယ်သွားမယ်။ ဥပဒေကလည်း ပိုပြီး Flexible ဖြစ်သွားမယ်။ ကုမ္ပဏီဥပဒေမှာ ပိုကောင်းလာတာက Regulatory Compliance Cost တွေကို အများကြီးလျှော့ချထားတယ်။ အထူးသဖြင့် ကုမ္ပဏီအသေးတွေကို ဖြေလျှော့ပေးတယ်။ ဥပမာ -  Financial Report တွေပေးရပြီး Financial Report တွေကို Audit လုပ်ရတယ်။ ဒါတွေက Cost တွေ ကုန်ကျစေပါတယ်။ ဥပဒေအသစ်မှာဆိုရင် ကုမ္ပဏီအသေးလေးတွေက Financial Report ပေးစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်လုပ်လို့ရပြီ။ နောက်ပြီး အစည်းအဝေးတွေလည်း ဖြေလျှော့ပေးမှာပါ။ အစည်းအဝေး မလုပ်တော့ဘဲ အားလုံးသဘောတူရင် လက်မှတ်ထိုးပြီး ကျွန်တော်တို့ဆီကိုပို့လိုက်၊ အစည်းအဝေးလုပ်သလိုပဲ ရလဒ်ကအတူတူပဲ။ နောက်တစ်ခုက Electronic နည်းနဲ့ လုပ်တဲ့အစည်းအဝေး (ဥပမာ - Video Conferencing) ကိုလည်း လက်ခံသွားမှာပါ။

Manger & Acquisition (M&A) ကို လက်ရှိမှာ ဖွင့်ပေးထားပြီးပြီလား . . .

M&A ကတော့ ကုမ္ပဏီဥပဒေမှာ တိတိပပ မပါသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း M&A ပေးခဲ့တာရှိတယ်။ မြန်မာနိုင်ငံသားက MIA ပါမစ်နဲ့ လုပ်နေတဲ့ကိစ္စမှာ နိုင်ငံခြားသားပါချင်တဲ့အခါ Proposal ပြန်ရေးပြီးတင်တဲ့အခါ MIA က ထောက်ခံပေးခဲ့တာ ရှိပါတယ်။ အဲဒီလိုမျိုး သုံးလေးခုလောက် လုပ်ပေးခဲ့တာလည်းရှိပါတယ်။ M&A က နောက်ပိုင်းမှာတော့ ဖြစ်သွားမှာပါ။ မပေးလို့လည်း မရပါဘူး။

MIA က အသစ်ထွက်လာမယ့် ဥပဒေမှာဆိုရင် ကုမ္ပဏီတစ်ခုမှာ မြန်မာနိုင်ငံသားပါကိုပါရမယ် ဆိုတာမျိုးရှိဦးမလား . . .

Investment Law မှာတော့ မပါပါဘူး။ ကုမ္ပဏီဥပဒေမှာတော့ ကုမ္ပဏီထောင်တဲ့အခါမှာ အနည်းဆုံး ဒါရိုက်တာတစ်ဦးကတော့ မြန်မာနိုင်ငံမှာ အမြဲနေထိုင်တဲ့သူ ဖြစ်ရပါတယ်။

MIA အနေနဲ့ Investment ပိုင်းတိုးတက်လာဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ . . .

လုပ်ဖို့လိုတာတွေကတော့ အများကြီးပဲ။ နံပါတ်တစ် အရေးကြီးဆုံးကတော့ Legal Framework အားကောင်းလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ Law တွေမှာ Conflict ဖြစ်နေတာတွေအများကြီးရှိတယ်။ တချို့ Law တွေက Enforce မဖြစ်ဘူး။ နောက်ထပ်ပြဋ္ဌာန်းဖို့ လိုနေတာတွေလည်းရှိတယ်။ ဥပမာ - Intellectual Property နဲ့ ပတ်သက်တဲ့ Law တွေလိုတယ်။ မရှိသေးဘူး။

ကျွန်တော် Investor အတော်များများနဲ့တွေ့တဲ့အခါ သိရတာက သူတို့က မြန်မာပြည်ရဲ့ Environment ကို Secure ဖြစ်တယ်လို့ မယုံကြဘူး။ တပ်မတော် အစိုးရလက်ထက်မှာ တချို့လုပ်ငန်းတွေကို ခွင့်ပြုလိုက်တယ်။ ဥပမာ- အချိုမှုန့်စက်ရုံတစ်ခု ဆောက်လိုက်တယ်။ ဖွင့်မယ်လည်းလုပ်ရော ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်နဲ့ ပိတ်လိုက်ရတယ်။ ဒါမျိုးတွေရှိခဲ့တော့ အဲဒီ Impact က အခုထိရှိနေတုန်းပဲ။ မြန်မာပြည်ကို မလာရဲကြဘူး။ ကျွန်တော်တို့က အာမခံတယ်ပြောပေမဲ့ Condition အပေါ်မှာလည်း သံသယရှိကြတယ်။ နောက်ပြီး Legal Framework တွေရဲ့ အားနည်းချက်ပေါ်မှာလည်း သံသယရှိကြတယ်။ ဥပမာ - EU က ကျွန်တော်တို့နဲ့ စီးပွားရေးလုပ်တဲ့အခါမှာ Bilateral Protection Agreement  အရင်လုပ်ဖို့တောင်းဆိုတယ်။ သူတို့က မြန်မာပြည်ကိုလာချင်တယ်။ ဒါပေမဲ့ Protection လိုချင်တယ်။ Secure ဖြစ်တဲ့ Environment ဖြစ်ရင်တော့ လာကြမှာသေချာပါတယ်။

ဒုတိယအချက်ကတော့ Infrastructure ဖြစ်ပါတယ်။ လုံးဝမပြည့်စုံသေးဘူး။ ကျွန်တော်တို့ ဘယ်လောက်ပဲ Export ကို Promotion လုပ်မယ်ပြောပြော၊ ဆိပ်ကမ်းမှာ Bottle Neck ဖြစ်နေတယ်။ တကယ်လုပ်မယ်ဆိုရင် ပါးစပ်ကနေပဲပြောလို့မရဘူး။ လိုအပ်ချက်တွေကို ကြိုစဉ်းစားထားဖို့လိုတယ်။ ဒါကြောင့် Investment Promotion လို့ပြောပေမဲ့ လျှပ်စစ်မီးမပြည့်စုံဘူးဆိုရင် ကျွန်တော်တို့ စက်မှုကဏ္ဍ Investment ဖိတ်ခေါ်ချင်လည်း မဖြစ်နိုင်ဘူး။

နံပါတ်သုံးကတော့ Human Capacity ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဘွဲ့ရလူငယ်တွေလည်း အများကြီးပဲ။ တိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းရှိတဲ့ လူဦးရေကလည်း အလုပ်လုပ်နိုင်တယ်။ ဒါပေမဲ့ Skilled Labour တွေ မဟုတ်ကြဘူး။

ဒီသုံးခုကို သေချာလုပ်ရမယ်။ တချို့အချက်တွေက Short Term လုပ်လို့ရတာရှိတယ်။ တချို့အချက်တွေကတော့ Long Term သွားရမယ်။ ဥပမာ - Law တွေပြင်တယ်ဆိုတာက တစ်နှစ်၊ နှစ်နှစ်လောက်အတွင်း လုပ်လိုက်လို့ရတယ်။ ဒါပေမဲ့ Infrastructure တို့၊ Human Capacity တို့ကတော့ အချိန်ပေးရမယ်။

တိုင်းပြည်က အားလုံးနှစ်သက်လက်ခံနိုင်မယ့် Investment Environment ဖြစ်လာအောင် ချက်ချင်းကြီး ဖြစ်နိုင်မယ့်အနေအထားတော့ မရှိသေးဘူး။ Reform တွေ၊ Development တွေလုပ်ရဦးမယ်။ အချိန်တော့ နည်းနည်းပေးရဦးမယ်။

Bilateral Protection Agreement ထိုးထားတာ ဘယ်နှနိုင်ငံရှိပါသလဲ . . .

ယခင်တပ်မတော်လက်ထက်မှာ လက်မှတ်ထိုးခဲ့တာတွေကတော့ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ အိန္ဒိယတို့ပါပါတယ်။ စင်ကာပူက ထိုးချင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဂျပန်၊ ကိုရီးယား၊ အစ္စရေးတို့နဲ့ ထိုးဖြစ်ခဲ့ပါတယ်။ လက်မှတ်ထိုးဖို့အဆင့် ရောက်နေတာက ဟောင်ကောင်၊  ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။

MIC က ခွင့်ပြုကြောင်းလက်မှတ်ထိုးပြီးသား လုပ်ငန်းဖြစ်ပေမဲ့ ရပ်ဆိုင်းလိုက်ရတဲ့ Project မျိုးရှိတဲ့အခါ နောက်ပိုင်းမှာ ဒါတွေကို ဘယ်လိုကာကွယ်သွားဖို့ရှိပါသလဲ . . .

ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်အရ Foreign Investment Law မှာ MIC က ခွင့်ပြုတဲ့လုပ်ငန်းတစ်ခုကို ပြည်ထောင်စုအစိုးရက တစ်အချက် Nationalization မလုပ်ဘူး၊ Termination မလုပ်ဘူးလို့ အာမခံထားပြီးသားဖြစ်ပါတယ်။ နှစ်အချက်က Myanmar Citizen Investment Law ရော၊ Foreign Investment Law ပါက MIC ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်နဲ့ အတည်ဖြစ်တယ်ဆိုတာ ပါပြီးသားပါ။ ဥပဒေကတော့ ပြည့်ဝလုံလောက်တဲ့ Protection ကို Investor ကိုပေးထားပါတယ်။ တစ်ဖက်က ဘယ်လောက်ပဲ Investor Friendly Environment ဖြစ်အောင်လုပ်တယ်ပြောပြော၊ ဘယ်လောက်ပဲ Secure ဖြစ်အောင် လုပ်တယ်ပြောပြော ရပ်ဆိုင်းမှုတွေဖြစ်လာတဲ့အခါ နစ်နာတာက Investor ဖြစ်ပါတယ်။ ဒုတိယ နစ်နာတာက တိုင်းပြည်ဖြစ်ပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် Investor က နိုင်ငံရွေးခွင့်ရှိတယ်။ နိုင်ငံက Investor ကို ရွေးခွင့်မရှိဘူး။ မြန်မာပြည်မှာ လာလုပ်မယ့် Investor တစ်ယောက်က ရှေ့မှာ Project တွေ ရပ်လိုက်ပြီဆိုရင် မြန်မာပြည်မသွားတော့ဘဲ ကမ္ဘောဒီးယားသွားရင်လည်းသွားမယ်။ ဗီယက်နမ်သွားရင် သွားမယ်။ ဒါကို ကျွန်တော်တို့က အကင်းပါးပါးနဲ့ သိဖို့လိုတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် Investment များများဝင်ဖို့လိုပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ Image ကို မထိခိုက်အောင် ဂရုပြုစဉ်းစားကြဖို့ အရေးကြီးပါတယ်။ MIC အနေနဲ့ကတော့ ဥပဒေကိုဘဲအခြေခံပြီး စဉ်းစား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မဖြစ်သင့်တာတွေကို မဖြစ်ရအောင် ကနဦးကတည်းက သေချာစိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့