စီးပွားရေးလုပ်ရာမှာ လိုက်နာထားရှိသင့်သည့် Ethics : ဦးနီလွင်စိုး

DSCN3607 post post ဦးနီလွင်စိုး Managing Director Advanced Communications Myanmar Co Ltd   စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics က ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သိချင်ပါတယ်။ Ethics ဆိုတာ လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားပါ။ စီးပွားရေးလုပ်တဲ့နေရာမှာတင် မဟုတ်ဘူး။ နေရာတိုင်းမှာ အရေးပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း Ethics က အရေးပါပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာတွေဟာ ကိုယ်လုပ်ရမယ့်အလုပ်အပေါ်မှာ ဘယ်လောက်ထိရှိမလဲဆိုတာမူတည်ပြီးမှ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ကောင်းလားဆိုးလားဆိုတာ ဆုံးဖြတ်ရမယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက Ethics မကောင်းရင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပေးနိုင်မယ်လို့ထင်ပါတယ်။ တကယ့်ကို အရေးပါတဲ့အချက်တစ်ချက်လည်း ဖြစ်ပါတယ်။   စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။ စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာ Ethics မရှိရင် စီးပွားရေးလုပ်ငန်းတစ်ခု မအောင်မြင်ဘူးလားဆိုတော့ အောင်တော့ အောင်မြင်နိုင်တာပဲ။ ဒါပေမဲ့ အောင်မြင် တဲ့သူတစ်ယောက်ကို လူတွေလေးစားပါ့မလား။ သူလုပ်တဲ့လုပ်ငန်းအပေါ် လူတွေကကော အမြင်ကောင်းနိုင်ပါ့မလား။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ပိုက်ဆံရရုံနဲ့ အောင်မြင်တယ်မဆိုနိုင်သေးဘူးပေါ့။ Ethics ကောင်းမှ သိက္ခာပိုင်းဆိုင်ရာ၊ Image ပိုင်းဆိုင်ရာတွေကောင်းလာမယ်လို့ ထင်ပါတယ်။  Ethics    မရှိရင်တော့ လူ့အဖွဲ့အစည်းတစ်ခုအတွက်ကတော့ မကောင်းဘူး။ နောက်လာမယ့် Generationတွေ အတွက် အတုယူမှားစရာတွေ ဖြစ်လာနိုင်ပါတယ်။   Ethics  ရှိ၊ မရှိဆိုတာက ကိုယ်ရဲ့ Role Model နဲ့ဆိုင်၊ မဆိုင် လူတော်တော်များများရဲ့ Role Model ဆိုတာက ကလေးဘဝမှာဆိုရင်မိဘတွေပါပဲ။ မိဘတွေက ကိုယ်ကျင့် တရားနဲ့ပြည့်စုံရင် များသောအားဖြင့် ကလေးတွေ က ကောင်းကြမှာပါ။ အဲဒီတော့ များသောအားဖြင့် Role Model နဲ့ ဆိုင်ပါတယ်။   Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ်တွေ ကျွန်တော့်ရဲ့ မိဘတွေကို လေးစားခဲ့ပါတယ်။ သူတို့ကောင်းခဲ့လို့ ကျွန်တော်အခုလို နေနိုင်တယ်။ ကိုယ် မယုံကြည်တဲ့ မကောင်းတဲ့အရာဆိုရင် သူများကို မပေးဖို့ ဆုံးမခဲ့ပါတယ်။ ကိုယ်က ကောင်းတယ်ထင်မှ ကိုယ့်အတွက် ကောင်းမှ သူများအတွက်လည်း ကောင်းနိုင်မယ်ဆိုတာမျိုးကို စိတ်ဓာတ်သွင်းပေးခဲ့ပါတယ်။ ကျွန်တော်လုပ်ငန်းတွေ လုပ်တဲ့အခါမှာကြုံတွေ့ပြီး လေးစားရတဲ့ပုဂ္ဂိုလ်က ဆရာကြီးဒေါက်တာ အောင်ထွန်းသက်ပါ။ သူ့ရဲ့ နိုင်ငံပေါ်ထားတဲ့ စေတနာ၊ လူငယ်မျိုးဆက် သစ်တွေအပေါ်မှာ သိစေတတ်စေချင်တဲ့စေတနာ၊ သူ့ရဲ့နေထိုင်ပြောဆိုပုံကအစ ကျွန်တော်တို့အတွက် အလွန်တရာမှ အဆင့်အတန်းမြင့်မားတဲ့ ဆရာကြီးကို Role Model  အနေနဲ့ လေးစားခဲ့ရပါတယ်။   စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်သည့်  Ethics  တွေ Ethics ကိုတော့ လူတွေအနေနဲ့ သတိပေးနေစရာ၊ စည်းကမ်းချက်ကြီးတစ်ခုအနေနဲ့ ရေးပြနေစရာ သိပ်ပြီး မလိုအပ်တော့ပါဘူး။ အလိုအလျောက်အနေနဲ့ သိသင့်၊ မဖြစ်မနေလိုက်နာသင့်တဲ့ အရာပဲလို့ ထင်ပါတယ်။   Ethics  မရှိတဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ။ ကျွန်တော်တို့စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့အချိန်မှာ တွေ့တော့တွေ့ကြရတာပဲ။ သိက္ခာတရား အရမ်းမြင့်မားတဲ့သူတွေကို တွေ့သလိုပဲ တချို့တွေကလည်း လုပ်ငန်းအောင်မြင်ရေးသာအဓိက ဘယ်သူ့ကို ဘယ်လိုနင်းလိုက်ရမလဲဆိုတာမျိုးတွေ ရှိတယ်။ အခုဆိုရင် ကျွန်တော်လမ်းညွှန် စာအုပ်လုပ်ငန်းလုပ်တဲ့အခါ မှာ ကြော်ငြာရင်ပဲဖြစ်ဖြစ်၊ Marketing Promotion  လုပ်တာပဲဖြစ်ဖြစ် ကျွန်တော့်ဝန်ထမ်းတွေကို အမြဲမှာတယ်။ သူများကို မထိခိုက်ပါစေနဲ့။ သူများကို လက်ညှိးထိုးရင် ကိုယ့်ဆီကို လက်ညှိုးပေါင်းများစွာ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်ပြီး ကောင်းတာပဲ သူများကိုပြောပါ။ သူများ မိုးခါရေသောက်တိုင်းလည်း ကိုယ်သောက်စရာ မလိုပါဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ဆက်သွားဖို့ပဲ လိုပါတယ်။   နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေ ပိုများလာနိုင်တဲ့အတွက် ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။ နိုင်ငံခြားသားတွေဝင်လာကြရင် သူတို့ကစပြီး ရုံးခန်းတွေ ထူထောင်မယ်။ ကိုယ်နဲ့ ပူးပေါင်းလုပ်ကိုင်ရင် အရင်ဆုံး ကိုယ့်ဆီကနေ အတွေ့အကြုံရှိတဲ့ဝန်ထမ်းတွေကို လစာပိုပေးပြီး ခေါ်သွားတာမျိုးတွေပေါ့။ ဒါလည်း  Ethics  ပိုင်းအရဆိုရင်တော့ ဖောက်ဖျက်တာပဲ။ ရင်းရင်းနှီးနှီးတွဲလုပ်ကြရင်းနဲ့ ကိုယ့်လုပ်ငန်းတွေအကြောင်း လေ့လာပြီး ကိုယ့်လုပ်ငန်းနဲ့ လုပ်ငန်းတူလိုက်လုပ်ပြီး သူတို့က ငွေအင်အား၊ လူအင်အားအကုန်လုံးမြင့်မားတဲ့အတွက်၊ ဦးနှောက်ဖောက် စားပြီး လုပ်သွားတာတွေ ဖြစ်လာနိုင်တယ်။ အဲဒါတွေကို ကာကွယ်ဖို့ဆိုရင် ကိုယ့်ဘက်က Hardware ပိုင်းဆိုင်ရာ ဖြစ်တဲ့လုပ်ငန်းထဲက စက်ကိရိယာတွေ၊ Data တွေကိုပဲ ထိန်းသိမ်းထားတာမဟုတ်ဘဲနဲ့ HR  ပိုင်းမှာဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေ Train လုပ်ထားတဲ့ Staff တွကိုလည်း အဲဒီအခြေအနေကို နားလည် လာအောင်နဲ့ သူတို့တွေကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။ အဓိကကတော့ ကိုယ့်ဘက်ကနေ စည်းနဲ့ကမ်းနဲ့ ကိုယ် ဘာတွေလုပ်ထားသင့်လဲ၊ ပြင်ထားသင့်လဲဆိုတာတွေကို လုပ်ငန်းအလိုက်  Plan  လေးတွေချပြီး လုပ်ထားမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။   စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ ပတ်သက်လို့ အကြံပြုချင်တာရှိရင် လုပ်ငန်းတစ်ခုစလုပ်မယ့် လူတွေနဲ့တွေ့ရင် ကျွန်တော်ဘာပြောလဲဆိုတော့ ကိုယ့်ကို ထမင်းကျွေးတဲ့သူတွေကို ဘယ်တော့မှဒုက္ခမပေးပါနဲ့။ ကိုယ့်ရဲ့ထမင်းရှင်တွေကို ကိုယ့်ဘက်က တတ်နိုင်သမျ အကောင်းဆုံးလုပ်ပေးပါ။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကိုလည်း နေရာတကာမှာ ချပြနိုင်အောင် ကြိုးစားကြပါ။ တတ်နိုင်သမျ Ethics နဲ့ပတ်သက်လို့ ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့နာမည်ကောင်းလာရင် ကိုယ့်ရဲ့ Image လည်းကောင်းလာမယ်။ Image ကောင်းရင် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ ကောင်းမှာပဲ။ ဘယ်လောက်ပဲ အခက်အခဲကြုံကြုံ ကူညီမယ့်သူ၊ လက်ကမ်းပေးမယ့်သူတွေ တွေ့မှာပဲ၊ ကိုယ်သာနာမည်မကောင်းခဲ့ဘူး ဆိုရင် ကိုယ်ဒုက္ခရောက်နေရင် ကူညီမယ့်သူရှိမှာမဟုတ်ဘူး။ ကိုယ်က သူတို့ဆီက ဘာတွေအကူအညီရမလဲ၊ ကိုယ်ကရော ဘာတွေကူညီနိုင်မလဲဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်သွားရင် အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။