Domenico De Sole
Former President and CEO
Gucci Group
ကျွန်တော် သေချာပေါက်နားလည်ထားတာကတော့ အောင်မြင်ချင်တဲ့ကုမ္ပဏီအဖွဲ့အစည်းတိုင်းမှာ တိကျခိုင်မာတဲ့ ရည်ရွယ်ချက်တွေရှိရပါတယ်။ ဘယ်ကိုသွားမလဲ၊ ဘယ်လိုသွားမှာလဲ၊ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုတက်သွားကြမှာလဲ။ အဲဒီမှာလည်း အရေးကြီးဆုံးက မန်နေဂျာတိုင်းရဲ့ ခံယူချက်သဘောထား ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ အလယ်တန်းအဆင့်ပဲဖြစ်ဖြစ်၊ ထိပ်ဆုံးအဆင့်မှာပဲဖြစ်ဖြစ် စီမံခန့်ခွဲမှု တာဝန်ယူရတဲ့သူတွေအတွက် စိန်ခေါ်မှုတွေက အများကြီးပါပဲ။ အဲဒီအဆင့်မှာရှိတဲ့သူတိုင်း နားလည်ထားရမှာက အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကဘာလဲ၊ အဖွဲ့အစည်းအနေနဲ့ ရည်ရွယ်ချက်တွေပြည့်စုံဖို့ အဓိကဘာတွေ လုပ်ဆောင်ရမှာလဲ၊ ကုမ္ပဏီရဲ့ပန်းတိုင်တွေကဘာလဲ။ အဲဒီပန်းတိုင်တွေကလည်း လူတိုင်းအတွက် ရိုးရိုးရှင်းရှင်းရှိပြီး အဓိကကတော့ နားလည်လွယ်ဖို့ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့တော့ ဒီရည်ရွယ်ချက်တွေဟာ ရှင်းရှင်းလင်းလင်းရှိပြီး အခါအားလျော်စွာ အဖန်တလဲလဲ အသိပေးနေရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီအဖွဲ့အစည်းမှာ တာဝန်အကြီးဆုံးအမှုဆောင် အရာရှိချုပ်အနေနဲ့ အဲဒီရည်ရွယ်ချက်တွေကို အကြိမ်ကြိမ် ပြန်အသိပေးနေခြင်းဖြင့် အဖွဲ့အစည်း အဆင့်တိုင်းမှာရှိတဲ့ တာဝန်ရှိသူတိုင်း ဒီရည်ရွယ်ချက်တွေကို သိရှိပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိရှိနားလည်လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
အဲဒီလိုခံယူနားလည်ထားတဲ့ ကျွန်တော့်အတွက်တော့ အဲဒီရည်ရွယ်ချက်တွေ၊ သဘောထားခံယူချက်တွေဟာ ရာထူးအကြီးဆုံးအမှုဆောင်အရာရှိချုပ် (CEI) နဲ့ လုံးဝဥဿုံသက်ဆိုင်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ ဥပမာတစ်ခုပြရရင် ရုံးမှာမလိုလားအပ်တဲ့ စရိတ်တွေ မသုံးဖြုန်းဖို့၊ ချွေတာဖို့ ပြောနေပေမယ့် တစ်ဖက်မှာတော့ စီမံခန့်ခွဲမှုအစည်းအဝေးတွေကိုတော့ တခမ်းတနားလုပ်နေမယ်ဆိုရင် ''အပြောနဲ့အလုပ်'' တစ်ထပ်တည်းမကျပါဘူး။ အဲဒီဥပမာလေးလိုပါပဲ။ အစစအရာရာပေါ်မှာ သက်ရောက်မှုတွေ ရှိသွားမှာပါ။ အလားတူ အလုပ်ကြိုးစားပြီး တာဝန်ယူတတ်တဲ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အမှုဆောင်အရာရှိချုပ် အဆင့်မှာပဲ အဲဒီအရည်အချင်းတွေ ပြည့်စုံနေဖို့ အထူးလိုအပ်ပါတယ်။
Gucci ကို ပထမဆုံးစရောက်တဲ့ ၁၉၉၄ ခုနှစ်တုန်းက ကျွန်တော့်အနေနဲ့ အီတလီကို သွားခဲ့ရပါတယ်။ ကျွန်တော် သတိပြုမိတဲ့ နံပါတ်တစ်ရည်ရွယ်ချက်ကို လူတိုင်းသိရှိနားလည်လက်ခံဖို့ဖြစ်ပြီး ဒုတိယအဆင့်မှာ ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အဲဒီကာလမှာ မိုးလင်းကတည်းက တစ်နေကုန် မိုးစုံးစုံးချုပ်တဲ့အထိ စနေ၊ တနင်္ဂနွေပါမကျန် အလုပ်လုပ်ခဲ့ရပါတယ်။ လူတိုင်းနဲ့ အချိန်တိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘယ်သူနဲ့မဆိုတွေ့တိုင်း တစ်ခုခုတော့ဖြစ်အောင်၊ ပြီးအောင်လုပ်ရလိမ့်မယ်လို့ သတိပေးပြီး မျက်ခြည်မပြတ် ဂရုပြုနေပြီး ''လုပ်ပြီးပြီလား'' မေးတယ်။ တစ်နည်းအားဖြင့် မြင်သာထင်သာ ကျွန်တော့်ကို သတိပြုနေမိစေတယ်။
ကျွန်တော်နေတဲ့နေရာက ဖလောရင့်စ်မြို့ဆိုတော့ အဲဒီဒေသမှာရှိတဲ့ ကျွန်တော်တို့ကို ပစ္စည်းသွင်းတဲ့ သူအားလုံးနဲ့ လိုက်တွေ့တယ်။ ဒါကြောင့် ကျွန်တော်ဟာ အဖွဲ့အစည်းမှာ မြင်သာနေရပြီး လူတိုင်းကို ကျွန်တော်နဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပေးထားတယ်။ ကုမ္ပဏီက လူတော်တော်များများက ကျွန်တော့်ကို ဆက်သွယ်သတင်းပို့ရပြီး အဲဒီအချိန်က ကုမ္ပဏီကသေးနေသေးတော့ အပြောင်းအလဲလုပ်ရတယ်။ ကိစ္စတစ်ခုကို ပြီးအောင်လုပ်ရမယ်ဆိုတဲ့ သတင်းစကားက အောက်ခြေအဆင့်ထိ ရောက်ခဲ့တယ်။ လူတိုင်းကလည်း ကျွန်တော်အချိန်ပြည့် အလုပ်လုပ်နေတာကို တွေ့မြင်နေကြရတယ်။
ကျွန်တော့် အရင်က အမှုဆောင်အရာရှိချုပ်ဆိုရင် အာရှကို တစ်ခါမှသွားရောက်ခဲ့ခြင်း မရှိပါဘူး။ အမှန်တော့ ဇိမ်ခံပစ္စည်းတွေ၊ ဈေးကြီးတဲ့အမှတ်တံဆိပ်တွေအတွက် အလွန်အရေးပါတဲ့ဈေးကွက်ကို တစ်ခါမှ သွားရောက်လေ့လာခြင်းမရှိတာ စိတ်ပျက်ဖို့ အကောင်းဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်လက်ထက်မှာတော့ အာရှဈေးကွက်ကို မကြာခဏသွားရောက် လေ့လာကြည့်ရှုတယ်။ ကျွန်တော်တို့လို အမှတ်တံဆိပ်အတွက် သိပ်အရေးကြီးတဲ့ဈေးကွက်ဖြစ်ပြီး ဂရုတစိုက်ပြုစုပျိုးထောင်ထားရမယ်လို့ ယုံကြည်တော့ ကျွန်တော့်ရဲ့အဓိက တာဝန်တစ်ရပ်လို့ သဘောထားလုပ်ကိုင်ခဲ့တယ်။ လူတိုင်းကိုလည်း ဒီအချက်ကို သိရှိနားလည်လိုက်ပါ လုပ်ဆောင်စေခဲ့ပါတယ်။
ကျွန်တော်ယုံကြည်လက်ခံထားတာကတော့ မန်နေဂျာပဲဖြစ်ဖြစ်၊ အမှုဆောင်အရာရှိချုပ်ပဲဖြစ်ဖြစ် ခေါင်းဆောင်ပီသစွာ စံနမူနာကောင်းနဲ့ ခိုင်မာတဲ့သဘောထားကို တည်ဆောက်ပြသဖို့ လိုအပ်ပါတယ်။ ပြောတဲ့အတိုင်း လုပ်တဲ့ခေါင်းဆောင်အရည်အချင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ အဖွဲ့အစည်းအတွက် ရည်မှန်းချက် ၊ ခေါင်းဆောင်တွေရဲ့ သဘောထားခံယူချက်တွေဟာ ရှင်းလင်းပြတ်သားနားလည်လွယ်ဖို့လိုပြီး ထပ်ခါတလဲလဲ အသိပေးနေမှသာ အဖွဲ့အစည်းမှာရှိတဲ့ အဆင့်တိုင်းအထိ သက်ရောက်ပြီး နားလည်လက်ခံကျင့်သုံးကြမှာဖြစ်ပါတယ်။ အဲဒါမှလည်း အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေကို ကြည့်မိအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
မှတ်သားဖို့ရာ . . .
၁။ အဖွဲ့အစည်းမှာ တာဝန်အကြီးဆုံးသူဟာ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်နဲ့ အဲဒီရည်ရွယ်ချက်ကို ဘယ်လိုရောက်အောင် လုပ်ဆောင်ရမယ်ဆိုတာ လုံးဝတာဝန်ရှိပါတယ်။
၂။ အဆင့်ဆင့်တိုင်းမှာ ရှိတဲ့မန်နေဂျာတိုင်းဟာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ အလားတူအလုပ်ကြိုးစားတဲ့၊ သပ်သပ်ရပ်ရပ်လုပ်တတ်တဲ့ အလေ့အကျင့်ကောင်းကို အဖွဲ့အစည်းတွင်းမှာ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။
၃။ ခေါင်းဆောင်တိုင်းဟာ ဌာနချုပ်မှာပဲ ရှိနေတာမျိုး မဟုတ်ဘဲ ကိုယ်နဲ့သက်ဆိုင်တဲ့နေရာတွေ၊ ဌာနတွေမှာ ရုံးထဲမှာပဲဖြစ်ဖြစ်၊ အခြားနိုင်ငံတွေမှာပဲဖြစ်ဖြစ် ထင်ထင်ပေါ်ပေါ်ရှိအောင် သွားလာနေဖို့လိုပါတယ်။
Gucci ဆိုတာ Kering လို့ခေါ်တဲ့ ပြင်သစ်ကုမ္ပဏီပိုင်ဆိုင်တဲ့ အီတလီအခြေစိုက် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေရဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီ Brand ကို ဖလောရင့်စ်မြို့သား Guccio Gucci က ၁၉၂၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းရုံးချုပ် တည်နေရာတွေကတော့ ဖလောရင့်စ်၊ မီလန်၊ ပဲရစ်၊ လန်ဒန်၊ ဟောင်ကောင်၊ ဂျပန်နဲ့ နယူးယောက်မြို့တို့ဖြစ်ပါတယ်။ Gucci ရဲ့ အဓိကထုတ်ကုန်တွေကတော့ သားရေနဲ့ပြုလုပ်ထားတဲ့ ဖက်ရှင်အသုံးအဆောင်တွေ၊ အဝတ်အထည်တွေနဲ့ တခြားဖက်ရှင်ပစ္စည်းတွေ ဖြစ်ပါတယ်။ လုပ်ငန်းအစပိုင်းလို့ပြောရမယ့် ၁၉ ရာစုနှောင်းပိုင်းနှစ်တွေမှာ Gucci ဟာ သူ့ရဲ့ အဆင့်မြင့်ဖက်ရှင် ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဖက်ရှင်လောကမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Guccio Gucci ဟာ သူ့ သားသုံးယောက်ဖြစ်တဲ့ Aldo ၊ Vasco နဲ့ Rodolfo တို့နဲ့အတူ လုပ်ငန်းတိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဖလောရင့်စ်မြို့မှာရှိတဲ့ ဖက်ရှင်ဆိုင်တွေကို တိုးချဲ့ရုံသာမက မီလန်နဲ့ ရောမစတဲ့ မြို့ပြတွေမှာပါ ဖက်ရှင်ဆိုင်တွေ ထပ်မံတိုးချဲ့ခဲ့ပါတယ်။ Gucci ဖက်ရှင်ဆိုင်တွေမှာတွေ့ရမယ့် ပစ္စည်းတွေကတော့ သားရေလက်ကိုင်အိတ်တွေ၊ သားရေဖိနပ်အမျိုးမျိုးနဲ့ ပိုးသားဖိနပ်တွေဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်၊ အောက်တိုဘာလမှာတော့ လုပ်ငန်းဟာ AMXE (American Stock Exchange) နဲ့ NYXE (New York Stock Exchange) တွေမှာ ရှယ်ယာတစ်စောင်ကို ၂၂ ဒေါ်လာဈေးနဲ့ မှတ်ပုံတင်ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Stock Exchange တင်ပြီး သုံးနှစ်အကြာ ၁၉၉၈ ခုနှစ်မှာတော့ Severin-Montres လို့ခေါ်တဲ့ နာရီလုပ်ငန်းကို ဝယ်ယူနိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ထပ်ပြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီနာရီလုပ်ငန်းကို Gucci Timepieces လို့ အမည်ပြန်ပေးခဲ့ပါတယ်။ ဒါအပြင် European Business Press Federation ကနေ ပေးအပ်တဲ့ ‘European Company of the Year 1998’ ဆုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဆုကို လုပ်ငန်းတစ်ခုရဲ့ စီးပွားရေးဆိုင်ရာလည်ပတ်မှု၊ ငွေကြေးစီမံခန့်ခွဲနိုင်မှု၊ ဗျူဟာကျကျလုပ်ငန်း ရည်မှန်းချက်ရှိမှုနဲ့ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု ကောင်းမွန်မှုတို့အပေါ် အခြေခံပြီး ရွေးချယ်ပေးအပ်တဲ့ ဆုတံဆိပ်တစ်ခုဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် Bloomberg Businessweek ရဲ့ ထုတ်ပြန်ချက်အရ Gucci ရဲ့အမြတ်ငွေဟာ ၄ ဒသမ ၂ ဘီလီယံပေါင်ရှိပြီး ကမ္ဘာ့အင်အားအကြီးဆုံးဖက်ရှင် အမှတ်တံဆိပ်ပေါင်းတစ်ရာကို အဆင့်သတ်မှတ်ရာမှာ အဆင့် ၄၁ ရခဲ့ပါတယ်။ အဲဒီအဆင့်ကို ၂၀၁၄ ခုနှစ်အထိ လုံးဝမကျသွားအောင်လည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ Gucci ဟာ အီတလီဖက်ရှင်အမှတ်တံဆိပ်တွေမှာ အရောင်းရဆုံးကုန်အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလမှာ ဆိုင်ပေါင်း ၂၈၇ ဆိုင်ရှိပြီး Wholesales ၊ Franchise စတဲ့ အရောင်း Channel တွေကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို ရောင်းချလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Gucci တံဆိပ်ဟာ Forbes မဂ္ဂဇင်းရဲ့ ဈေးအကြီးဆုံး ကုန်အမှတ်တံဆိပ်စာရင်းရဲ့ ၃၈ နေရာ ရောက်ရှိခဲ့ပါတယ်။
ဒေါက်တာသာထွန်းဦး