အလုပ်ခွင်မှဝန်ထမ်းများနှင့် ဆက်ဆံပေါင်းသင်းမှုကောင်းသော အဓိကအကြောင်းသုံးချက်(Employee Engagement And The Three Factor Theory)

အလုပ်ခန့်ထားရာတွင် ဝန်ထမ်းလောင်းအဖို့ အဓိကထားသော အချက်သုံးချက်ရှိပြီး အခြေအနေပေါ်မူတည်၍ အလေးပေးသည့်အချက်နှင့် တွဲဖက်အလေးပေးသောအချက်မှာ အမျိုးမျိုးဖြစ်နိုင်သည်။ လုပ်ခလစာနှင့် ခေါင်းဆောင် မည်သူတို့မှာ အဓိကအကျဆုံးဖြစ်သည်။ လုပ်ခလစာနှင့် ကြိုးစားအားထုတ်မှုတို့မှာ တိုက်ရိုက်ဆက်စပ်မှုရှိသလို ခေါင်းဆောင်သူ၏ အရည်အသွေးမှာလည်း ပဓာနကျပေသည်။ ထို့ပြင် လူတိုင်းလိုလိုပင် မိမိလုပ်သောအလုပ်မှာ အဓိပ္ပာယ်ရှိ၍ ရည်ရွယ်ချက်ကောင်းသော အလုပ်ဖြစ်ချင်ကြသည်။

Sirota Consulting အဖွဲ့သည် နိုင်ငံတကာမှ သုတေသနများတွေ့ရှိချက်ကို အခြေပြု၍ Three Factor Theory အဖြစ် ဝန်ထမ်းများအလုပ်ခွင်နှင့်ပတ်သက်၍ လိုအပ်ချက်ကို Equity (တရားမျှတမှု)၊ Achievement (ဖြစ်မြောက်အောင်မြင်မှု)နှင့် Camaraderie (ရင်းနှီးယုံကြည်မှု) တို့ဖြစ်သည်ဟု ဆိုသည်။ ခေါင်းဆောင်လုပ်သူများသည် ဝန်ထမ်းများနှင့် ရင်းနှီးထိတွေ့မှုရှိပြီး စိတ်အားထက်သန်ရန်နှင့် ထုတ်လုပ်မှုကောင်းရန် အားပေးကူညီရမည်။ အလုပ်တွင် စိတ်ရောကိုယ်ပါ မြှုပ်နှံပါဝင်ခြင်းအားဖြင့် စွမ်းဆောင်ရည်အသစ်များ တိုးပွားလာပြီး အကောင်းဆုံးအလားအလာကိုရ၍ ဖြည့်တင်းနိုင်မည်။ ထိုမျှမက မိမိအတွက်အပြင် အဖွဲ့တစ်ခုလုံးနှင့် ကုမ္ပဏီအတွက်ပါ အကျိုးဖြစ်မည်ဖြစ်သည်။ The Three Factor Theory မှအတည်ပြုချက်မှာ ရေရှည်တည်တံ့ခိုင်မြဲ၍ အကျိုးသက်ရောက်သော ဝန်ထမ်းခန့်စနစ်ဖြစ်ရန်မှာ လက်တွေ့လုပ်ငန်းစဉ်များနှင့် ပေါ်လစီများသည် တရားမျှတမှု၊ အောင်မြင်မှုနှင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုတို့ကို ဂရုစိုက်အလေးထားရမည်ဟု အခိုင်အမာဆိုသည်။

threefactortheory2

Equity (တရားမျှတမှု) . . .

လူများသည် မိမိတို့ကို တရားမျှတစွာ ဆက်ဆံရန်လိုလားကြသည်။ အထူးသဖြင့် အခြားသူများနှင့်နှိုင်းယှဉ်ပြီး ကုမ္ပဏီတွင်း၌ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ တန်းတူညီမျှတမှုကို လိုလားသည်။ တရားမျှတခြင်းဆိုရာတွင်...

- ရုပ်ပိုင်းဆိုင်ရာတွင် - (ဥပမာအားဖြင့်) လုံခြုံသော ပတ်ဝန်းကျင်နှင့် အလုပ်လုပ်ရန် အဆင်ပြေသော အလုပ်ခွင်

- စီးပွားရေးဆိုင်ရာများတွင် -  ရရှိသောလုပ်ခလစာ အကျိုးခံစားခွင့်နှင့် အလုပ်မြဲခြင်း

- စိတ်ပိုင်းဆိုင်ရာများတွင် - လေးစားစွာဆက်ဆံမှု၊ စာနာထောက်ထားမှုတို့ ဖြစ်သည်။

Achievement (လုပ်ကိုင်အောင်မြင်မှု) . . .

လူများသည် အလုပ်ကို အားထုတ်ကြိုးစားလုပ်ရန်အတွက် လုပ်နေသောအလုပ်နှင့် အလုပ်၏ဦးတည်ချက်ကို ယုံကြည်မှုရှိရမည်။ တစ်နည်းအားဖြင့် မိမိတို့အလုပ်တွင် အောင်မြင်မှုရနေသည်ဟု ယုံကြည်နေပါက ကောင်းအောင်လုပ်ကြမည်။ အရေးပါသော အချက်ခြောက်ချက်မှာ -

၁။ အလုပ်၏စိန်ခေါ်မှုကို မိမိစွမ်းရည်အသုံးပြု၍ ကောင်းစွာလုပ်နိုင်ခြင်း

၂။ စွမ်းရည်ဖွံ့ဖြိုးခွင့်အခြေအနေများနှင့် လုပ်ရဲကိုင်ရဲ လုပ်ခွင့်ရှိခြင်း

၃။ လိုအပ်သောပစ္စည်းကိရိယာ၊ သိရှိရန်လိုအပ်သော အချက်အလက်များ ပံ့ပိုးပေးခြင်း

၄။ မိမိလုပ်နေသောအလုပ်မှာ အရေးပါ၍ တန်ဖိုးရှိပြီး ရည်ရွယ်ချက်ကောင်းခြင်း

၅။ ငွေရေးကြေးရေးနှင့် ငွေကြေးမဟုတ်သော အသိအမှတ်ပြုခံရခြင်း

၆။ ကုမ္ပဏီ၏ရည်မှန်းချက်၊ ကျင့်ဝတ်၊ ထုတ်ကုန်များနှင့် နာမည်ကောင်းမှုတို့ကို ဂုဏ်ယူနိုင်ခြင်း

threefactortheory1

Camaraderie (ယုံကြည်ရင်းနှီးမှု သို့မဟုတ် ရောင်းရင်းစိတ်) . . .

အလုပ်လုပ်သူတိုင်းသည် မိမိနှင့်အတူတူ အလုပ်လုပ်သူများနှင့် ခင်မင်ရင်းနှီးလိုကြသည်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် ရင်းနှီးခြင်း၊ တစ်ဦးနှင့်တစ်ဦးကူညီခြင်း၊ စိတ်ဝင်စားမှုနှင့် ပံ့ပိုးကူညီမှုရှိခြင်းတို့သည် အဆင့်တိုင်းတွင် လိုကြသည်။ လက်ငင်းလုပ်ဆောင်နေသည့်အဆင့်မှာ အရေးကြီးဆုံးဖြစ်သည်။ အတူတကွ ဆက်ဆံကြရမည့်သူများမှာ...

- လုပ်ဖော်ကိုင်ဖက်များ

- ဌာနစိတ်အတွင်း လုပ်ကိုင်သူများ

- တစ်နေရာတည်းရှိ ဌာနခွဲများ

- ကုမ္ပဏီတစ်ခုလုံးအတွင်း ပါဝင်သူတို့ ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)