THE HONGKONG AND SHANGHAI HOTELS နှင့် YOMA STRATEGIC HOLDINGS တို့ THE PENINSULA YANGON စီမံကိန်း လုပ်ဆောင်ရန် အတွက်သဘောတူစာချုပ် ချုပ်ဆို

1 Hongkong and Shanghai Hotels, Limited (HSH) နှင့် Yoma Strategic Holdings Ltd တို့က ယခင် မြန်မာမီးရထားကုမ္ပဏီရုံးချုပ်အား The Peninsula Yangon ဟိုတယ်အဖြစ် ပြင်ဆင် မွမ်းမံရန် မတ်လ ၁၀ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါသဘောတူညီချက်အရ ၁၈၀၀ ပြည့်နှစ်ကာလများကတည်းကတည်ရှိခဲ့တဲ့ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်တဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာ အဆောက်အဦးကို ပြန်လည်ပြုပြင်အစားထိုးမွမ်းမံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအဆောက်အဦးဟာ ရန်ကုန်မြို့လယ်စီးပွားရေးအချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်းမပေါ်၊ ရန်ကုန်မြစ်မြောက်ဘက် တစ်ကီလိုမီတာအကွာ၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ စကော့ဈေး(ဗိုလ်ချုပ်ဈေး)နှင့် ကပ်လျက်မှာရှိနေတာပါ။ HSH ရဲ့ Managing Director နဲ့ Chief Executive Officer ဖြစ်သူ Mr Clement K.M. Kwok က “မြန်မာနိုင်ငံက ကမ္ဘာ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ထင်ရှားပေါ်ထွက်လာတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး ဒီနိုင်ငံမှာ တကယ့်အဆင့်မြင့် luxury ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိနေတယ်လို့ မြင်ပါတယ်။ ဒီစီမံချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ရေရှည်လုပ်ငန်းအမြော်အမြင်ရှိပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း သက်သေပြနိုင်တဲ့ Yoma နဲ့ အကျိုးတူ လက်တွဲလုပ်ကိုင်ရတာကို ကျွန်တော်တို့ ဝမ်းမြောက်ဂုဏ်ယူပါတယ်” လို့ ဒီသဘောတူညီလက်မှတ်ရေးထိုးမှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ Yoma Strategic Holdings Ltd  ရဲ့ Chairman ဖြစ်သူ Mr Serge Pun ကတော့ “အရင် မြန်မာမီးရထားကုမ္ပဏီရုံးချုပ်ဟာ မြန်မာနိုင်ငံရဲ့တကယ်ထင်ရှားတဲ့ အဆောက်အဦးတစ်ခုပါ။ အာရှရဲ့အခိုင်မာဆုံးဟိုတယ်ပိုင်ရှင်လုပ်ငန်းစုလည်းဖြစ်၊ ကမ္ဘာ့အဆင့်မီထိပ်တန်းအတွေ့အကြုံတွေကို ဖန်တီးပေးနိုင်သူတွေလည်းဖြစ်တဲ့ ဒီလိုအဖွဲ့အစည်းကြီးနဲ့ အလုပ်အတူလုပ်ခြင်းက ဒီအဆောက်အဦးကို ယခင်ကခန့်ညားထည်ဝါမှုမပျက်အောင် ပြန်လည်ပြန်ဆင်မွမ်းမံနိုင်မှာြဖစ်သလို ရန်ကုန်ကိုလည်း အကောင်းဆုံးအတွေ့အကြုံတွေယူဆောင်ပေးလာနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီလိုကြီးမားတဲ့ လုပ်ငန်းအားထုတ်မှုမှာ ပါဝင်ဆောင်ရွက်နိုင်တာဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။