ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယမြောက် အကြီးမားဆုံး စီးပွားရေး ဖြစ်သလို၊ စီးပွားရေးလုပ်ငန်း နယ်ပယ်စုံရှိတဲ့ နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ အာဆီယံဒေသဆီကို ဝင်ရောက်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟာ ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယခင် ဒေါ်လာ ၈၅.၆၁ ဘီလီယံရှိခဲ့ရာကနေ ဒေါ်လာ ၁၁၁.၂၉ ဘီလီယံအထိ တိုးတက်လာတာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ FDI ကတော့ ၂၀၀၇ ခုနှစ်တုန်းက ဒေါ်လာ ၁၁.၃၅ ဘီလီယံ ရှိရာကနေ ယမန်နှစ်က ဒေါ်လာ ၈.၆ ဘီလီယံ ရှိခဲ့တဲ့အတွက် ၂၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ တန်ဖိုး ဒေါ်လာ ၆ ဘီလီယံခန့်ရှိမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို လက်လွှတ်ခဲ့ရပါတယ်။ ဒီအတွက် အဓိကအကြောင်းရင်းကတော့ လာဘ်ပေးလာဘ်ယူမှုကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လာဘ်ပေးလာဘ်ယူမှု အခြေအနေများဆန်းစစ်ချက် (Global Corruption Barometer 2013) အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေဟာ လာဘ်ပေးလာဘ်ယူမှု ကြုံတွေ့ရမှာကို အစိုးရိမ်ဆုံးပဲလို့ ဖော်ပြခဲ့ပါတယ်။ အဲဒီလေ့လာမှုကပဲ ထိုင်းလူမျိုး ခြောက်ယောက်မှာ တစ်ယောက်က လာဘ်ထိုးခဲ့ ဖူးတယ်လို့ ဝန်ခံကြောင်း ဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုကပဲ နိုင်ငံရေးပါတီတွေဟာ လာဘ်ပေး လာဘ်ယူမှုရဲ့ အခြေခံအကြောင်းရင်းတွေထဲကတစ်ခု ဖြစ်ပြီး မီဒီယာတွေရဲ့ စောင့်ကြည့်ထောက်ပြမှုကလည်း အပြည့်အ၀ မခိုင်မာသေးဘူးလို့ ဖော်ပြလိုက်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး Abac နဲ့ Suan Dusit တက္ကသိုလ်နှစ်ခုက စစ်တမ်းနှစ်ခု လောလောလတ်လတ် ကောက်ယူထားပါတယ်။ အဲဒီစစ်တမ်း မှာ ဖြေကြားသူတွေထဲက ၆၀ ရာခိုင်နှုန်းကျော်၊ အထူးသဖြင့် လူငယ်တွေအများစုက အမြတ်အစွန်း တစ်ခုခုသာ ရရှိမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုကို လက်ခံနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။ လာဘ်ပေးလာဘ်ယူမှုကြောင့် ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ရတာတွေကို ကုန်ကျစရိတ် အလွန်အမင်းများစေကြောင်း၊ ဒီအခါ ထိုင်းနိုင်ငံကို အာဆီယံဒေသရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာတွေ ရှိနေတဲ့နေရာတစ်ခု ဖြစ်လာအောင် ခြိမ်းခြောက်လျက်ရှိကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း Surin Pitsuwan က ပြောပါတယ်။ Mr Surin က လာဘ်ပေးလာဘ်ယူမှုဟာ ထိုင်းနိုင်ငံကို နှစ်စဉ် ဘတ် ၁၀၀ ဘီလီယံခန့် ကုန်ကျစေတယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီငွေတွေကို လူထုအတွက် အကျိုးရှိမယ့် စီမံကိန်းအမျိုးမျိုးမှာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး တချို့နိုင်ငံတွေဆိုရင် စီးပွားရေး လုပ်ငန်းနယ်ပယ်မျိုးစုံ သိပ်မရှိပေမယ့် လာဘ်ပေးလာဘ်ယူ ကင်းရှင်းသလို စီးပွားရေးလုပ်ကိုင်ရတဲ့ ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း အဲဒီနိုင်ငံတွေမှာပဲ သွားရောက် ရင်းနှီးမြှုပ်နှံချင်ကြမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ပညာရေးအတွက် ထိပ်တန်းအသုံးစရိတ် ရှိထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် အကျိုးရလဒ်ကတော့ စိတ်ပျက်ဖွယ်ကောင်းကြောင်း သူကပြော ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာတစ်ခုအရ ထိုင်းနိုင်ငံရဲ့ အထက်တန်းပညာရေး အရည်အသွေးဟာ အခြားအာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ဆိုးဆိုးရွားရွားကို နိမ့်ကျနေတယ်လို့ ဖော်ပြထားကြောင်း Mr Surin က ဆိုပါတယ်။ သူက အစိုးရဟာ ခြစားမှုတိုက်ဖျက်ရန်အတွက် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ရမယ်လို့ပြောပါတယ်။ စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD) ရဲ့ လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေး ကွန်ဗင်းရှင်းမှာ ထိုင်းနိုင်ငံဟာ အဖွဲ့ဝင်ထားသင့်ပါတယ်။ အဲဒီလို ဝင်လိုက်တဲ့အခါ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေအတွက် ခိုင်မာတဲ့ ထောက်ခံအသိအမှတ်ပြုမှု ရရှိလာနိုင်ပါတယ်။ Ref: Bangkok Post
ငြိမ်းလတ်အောင်