TED လို ပြောကြရအောင်

ted1

ကမ္ဘာကျော်ဟောပြောတင်ဆက်သူများရဲ့ တင်ဆက်ဟောပြောခြင်း လျို့ဝှက်ချက် ၉ ချက်

(စကားချီး ။   ။Technology Education Design- TED ဟာ ၁၉၈၄ ခုနှစ်မှာ နည်းပညာ၊ ပညာရေးနဲ့ ဒီဇိုင်းဆိုင်ရာကွန်ဖရင့်က စတင်ခဲ့တာဖြစ်ပါတယ်။ မူလက တစ်နှစ်တစ်ခါ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာ အစပြုခဲ့ပြီးနောက်ပိုင်းမှာ ကနေဒါနဲ့အလှည့်ကျကျင်းပနိုင်ခဲ့ပါတယ်။ ယခုဆိုရင် နိုင်ငံပေါင်း ၁၃၀ မှာ TED ကွန်ဖရင့်တွေ နေ့စဉ်နီးပါးကျင်းပနေပြီဖြစ်ပါတယ်။ လေးရက်တာအစီအစဉ်ဖြစ်ပြီး စနစ်တကျရွေးချယ်ထားတဲ့ လူ ၅၀ ဟာ မိမိကျွမ်းကျင်ရာ ဘာသာရပ်ကို  ၁၈ မိနစ်ကြာ ပြောဆိုတင်ပြရပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ TED.com ရဲ့ တင်ပြချက်တွေကို ကြည့်ရှုသူပေါင်း တစ်ဘီလီယံထိရောက်ရှိသွားပြီဖြစ်ပါတယ်။)

လူတိုင်းအကြောက်ဆုံးအလုပ်တွေထဲမှာ လူ ရှေ့သူရှေ့စကားပြောဆိုခြင်း (Public Speaking) လည်း ပါဝင်ပါတယ်။ လူရှေ့သူရှေ့စကားပြောဆိုခြင်းဟာ ခေါင်းဆောင်တိုင်း၊ မန်နေဂျာတိုင်းအတွက် လွန်စွာ အရေးပါလှပါတယ်။ Apple တည်ထောင်သူ Steve Jobs ဟာ ၂၀၀၅ ခုနှစ်တုန်းက နာမည်ကျော်စတန်းဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းပွဲမှာ အမှာစကားပြောခဲ့ပါတယ်။ အဲဒီအမှာစကားရဲ့အနှစ်ချုပ်ကတော့ လူတိုင်းမှာ အချိန်ကန့်သတ်မှုရှိတဲ့အတွက် တစ်ပါးသူတွေက သတ်မှတ်မျှော်လင့်တဲ့ဘဝမျိုးနဲ့ အသက်ရှင်သန်ဖို့ မသင့်ကြောင်းဖြစ်ပါတယ်။ ဒီမိန့်ခွန်းဟာလည်း ထင်ပေါ်ကျော်ကြားတဲ့မိန့်ခွန်းဖြစ်လာပါတယ်။

ted2

Virgin အုပ်စုကိုတည်ထောင်သူ Sir Richard Branson ဟာ လူရှေ့ထွက်ပြီးစကားပြောရမှာ အလွန်ကြောက်ပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံကို ပြန်လည်ပြောဆိုရာမှာ ''စကားပြောခွက်ရှေ့ရောက်တော့ ဘာလုပ်ရမှန်းမသိ၊ ထူပူနေတယ်။ ဘာတွေပြောနေမှန်း၊ ပြောခဲ့မှန်းလည်း သတိမရဘူး။ ကျွန်တော့်မျက်နှာ နီရဲပုံက Virgin အမှတ်တံဆိပ်အရောင်အတိုင်းပဲ။ ရှက်ဖို့အကောင်းဆုံးအတွေ့အကြုံတစ်ခုပါပဲ'' လို့ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူ Warren Buffett က ''အသက် ၂၀ နဲ့ ၃၀ ကြားမှာ အောင်မြင်မှုရဲ့ အခြေခံတစ်ခုကို ပြုစုပျိုးထောင်မယ်ဆိုရင်တော့ မိမိတင်ပြပြောဆိုမှုကို လူအများနားလည်အောင် သင်ယူလေ့ကျင့်သင့်တယ်။ ကိုယ်ပြောချင်တာ၊ တင်ပြချင်တာကို အခြားသူက နားမလည်ရင်တော့ ခင်ဗျားရဲ့ အခြားအခွင့်အရေးတွေ ဆုံးရှုံးသွားပါလိမ့်မယ်'' လို့ အကြံပြုပါတယ်။

အဲဒီတော့ ခေါင်းဆောင်တိုင်း၊ မန်နေဂျာတိုင်းဟာ ကိုယ်ပြောချင်တဲ့ အသိပေးချင်တဲ့အချက်ကို ထိထိရောက်ရောက် ပြောဆိုတင်ပြအသိပေးနိုင်ဖို့ ပြင်ဆင်ထားဖို့လိုပါတယ်။ စာရေးဆရာ Carmine Gallo က TED မှာတင်ပြပြောဆိုသွားတဲ့လူတွေနဲ့ သူတို့ရုံးတင်ပြချက်တွေကို အခြေခံသုံးသပ်ပြီး Talk Like TED စာအုပ်ကို ရေးသားခဲ့ပါတယ်။ ထင်ရှားအောင်မြင်တဲ့ တင်ပြပြောဆိုမှုတိုင်းမှာ အကြမ်းဖျင်းအရ စိတ်ပိုင်းဆိုင် ရာလှုံ့ဆော်မှု (Emotional) ၊ ဒါမှမဟုတ် အသစ်အဆန်း တင်ပြလေ့လာခွင့် (Novel) ၊ ဒါမှမဟုတ် အမြဲတမ်း အမှတ်ရစေနိုင်ခြင်း (Memorable) အမျိုးမျိုးနဲ့ ဆက်နွှယ်နေတတ်ပါတယ်။ အဲဒီအကြံပြုပေးတဲ့ အချက်ကိုးချက်ကတော့ -

၁။ စိတ်အားထက်သန်စွာ ပြောဆိုတင်ပြဆွေးနွေးပါ

သိပ္ပံနည်းကျကျ လေ့လာဆန်းစစ်ချက်တွေအရ စိတ်အားထက်သန်မှုဟာ ကူးစက်တတ်ပါတယ်။ မိမိပြောဆိုဆွေးနွေးတဲ့အကြောင်းအရာကို မိမိကိုယ်တိုင်ယုံကြည်သက်ဝင်မှုရှိပြီး စိတ်အားထက်သန်စွာ အဓိပ္ပာယ်ရှိရှိ ပြောဆိုတင်ပြမှသာ ပရိသတ်တွေဆီ ကူးစက်သွားမှာဖြစ်ပါတယ်။

စိတ်အားထက်သန်မှုဟာ မိမိရဲ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်လက္ခဏာတစ်ရပ်ဖြစ်ပြီး မိမိရဲ့ယုံကြည်ရာ၊ တန်ဖိုးရှိရာ၊ စိတ်ဝင်စားတဲ့ကိစ္စရပ်တွေအတွက် ခွန်အားဖြစ်စေပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ စကားပြောကောင်းသူတွေဟာ စိတ်အားထက်သန်မှုရှိတဲ့အတွက် သြဇာတိက္ကမနဲ့ပြည့်စုံတာ လေ့လာတွေ့ရှိရပါတယ်။

ted3

TED ကွန်ဖရင့်တွေထဲက အအောင်မြင်ဆုံး တင်ဆက်သူတစ်ယောက်ကတော့ ဝါတာလိုတက္ကသိုလ်က စီးပွားရေးပါမောက္ခ Larry Smith ဖြစ်ပြီး သူတင်ပြတဲ့ အကြောင်းအရာကတော့ 'Why You will Fail to Have a Great Career' 'အောင်မြင်တဲ့သက်မွေးမှုလုပ်ငန်း မရရတဲ့အကြောင်းရင်း' ဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ကိုယ့်ဟာကိုယ်သိအောင်လုပ်ပြီး ကိုယ့်အိပ်မက်ကို သတ္တိရှိရှိ အကောင်အထည်ဖော်ကြိုးစားပါ။ သူကလည်း Steve Jobs ရဲ့ Stanford တက္ကသိုလ်မှာပြောခဲ့တဲ့နာမည်ကြီးမိန့်ခွန်းထဲက 'ကိုယ်ချစ်တာ ကိုယ်လုပ်ပါ' ကို ကိုးကားသွားပါသေးတယ်။

ရင်းနှီးမြှုပ်နှံမှုဘီလီယံနာသူဌေးကြီးဖြစ်တဲ့ Ron Baron က ''ကျွန်တော့်ရဲ့အတွေ့အကြုံအရ အောင်မြင်တဲ့သူတွေအားလုံးဟာ သူတို့လုပ်ရတဲ့အလုပ်ကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်ကြသူတွေဖြစ်ပါ တယ်'' လို့ ဆိုထားပါတယ်။

အဲဒါကြောင့် သူများကို စိတ်ဓာတ်တက်အောင်၊ တက်တက်ကြွကြွနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် လှုံ့ဆော်ပေးရမယ်ဆိုရင်တော့ မိမိကိုယ်တိုင်က စိတ်အားထက်သန်မှုရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။

၂။ ပုံပြောတတ်ဖို့ လိုပါတယ်

(ပုံပြင်လိုဖွဲ့နွဲ့ပြောတတ်ဖို့ လိုပါတယ်)

TED ကွန်ဖရင့်သမိုင်းမှာ အမေရိကန်နိုင်ငံရဲ့ လူမှုရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်တဲ့ Freedom Medal ရထားတဲ့ Brian Stevenson ရဲ့ We need to talk about က လူကြိုက်အများဆုံး စာရင်းဝင်ခဲ့ပါတယ်။ သူ့ရဲ့တင်ပြဆွေးနွေးချက်အပြီးမှာ သူ့ရဲ့တင်ပြဆွေးနွေးချက်ကြောင့် တက်ရောက်သူတွေဟာ ဒေါ်လာတစ်သန်း နီးပါး လှူဒါန်းခဲ့ပါတယ်။ အဲဒါဟာ TED သမိုင်းမှာ အများဆုံးရရှိတဲ့ အလှူငွေပမာဏ ဖြစ်ပါတယ်။ သူဟာ သူ့အဘွားသွန်သင်ဆုံးမတဲ့ ကိုယ်ပိုင်လက္ခဏာရဲ့ စွမ်းအား (Power of Identity) အကြောင်းကို ပုံပြင်သဖွယ်ပြောဆိုပြီး မတရားမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာကို တင်ပြသွားခဲ့ပါတယ်။

ဂရိတွေးခေါ်ပညာရှင် Aristotle က Ethus (တီထွင်မှုစွမ်းအား)၊ Logos (အချက်အလက်)နဲ့ Pathos (ကရုဏာရသ)၊ သုံးခုထဲက တစ်ခုခုက ဆွဲဆောင်မှုကို ဖြစ်စေတယ်လို့ဆိုပါတယ်။ အထိရောက်ဆုံးကတော့ ကရုဏာရသကို အခြေခံတဲ့ တင်ပြဆွေးနွေးခြင်းဖြစ်ပါတယ်လို့ အကြံပြုထားပါတယ်။

လိုတိုရှင်းနဲ့ထိရောက်တဲ့ ပုံပြင်သုံးမျိုးရှိပါတယ်။

(က) မိမိနဲ့ဆိုင်တဲ့ပုံပြင်များ

အောင်မြင်တဲ့ခေါင်းဆောင်တိုင်းမှာ ဘဝနဲ့ရင်းတဲ့ အတွေ့အကြုံတွေ၊ အရှုံးအနိုင်ဆိုတဲ့သင်ခန်းစာတွေ အများကြီးရှိကြပါတယ်။ TED ကွန်ဖရင့်မှာစကားပြောကြတဲ့သူတိုင်း ကိုယ့်ဘဝပုံပြင်လေးတွေနဲ့ အစပြုတာကို သတိပြုရမှာဖြစ်ပါတယ်။ Apple ရဲ့ တည်ထောင်သူ Steve Jobs ဟာ Apple ကိုတည်ထောင်ခဲ့တယ်၊ နောက်ပြီး အဖြုတ်ခံခဲ့ရတယ်။ Apple ကိုပြန်လာခွင့်ရတယ်။ ဒါတွေဟာ နားထောင်သူ လေ့လာသူတွေအတွက် သင်ခန်းစာယူစရာဘဝအတွေ့အကြုံပါပဲ။

(ခ) အခြားသူနဲ့ဆိုင်တဲ့ပုံပြင်များ

Dale Carnegie က ''လူတိုင်းဆီမှာ ဘဝနဲ့ထပ်တူကျတဲ့ မှန်ကန်ရိုးသားတဲ့ပုံပြင်တွေ ရှိတတ်ကြပါတယ်။ အဲဒါလေးကို သိက္ခာမာနကို မထိခိုက်ဘဲ ရိုးရိုးသားသား ပြောပြအသိပေးနိုင်မယ်ဆိုရင် အကောင်းဆုံး မိန့်ခွန်းတစ်ခုဖြစ်လာပါလိမ့်မယ်'' လို့ အဆိုရှိပါတယ်။ ပရိသတ်နားလည်ခံစားနိုင်တဲ့ပုံပြင်တိုင်းဟာ မိန့်ခွန်းကောင်းတွေ ဖြစ်ပါတယ်။

ted4

(ဂ) အောင်မြင်တဲ့အမှတ်တံဆိပ်တွေနဲ့ ဆက်သွယ်တဲ့ ပုံပြင်များ

ဒီနေ့အောင်မြင်ကျော်ကြားတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေဟာ လူတိုင်းအတွက် စိတ်ဝင်စားဖို့ကောင်းသလို ကျရှုံးသွားတဲ့အမှတ်တံဆိပ် ဥပမာ- Kodak တို့ဟာလည်း သင်ခန်းစာယူစရာဖြစ်တဲ့အတွက် နားထောင်ကြမှာ အမှန်ပါပဲ။

နိုင်ငံတကာမှာကျော်ကြားသူတွေကို ဥပမာ- Teco Bell ၊ Mc Donald' ၊ Starbucks တို့မှာ အမှတ်တံဆိပ်ရယ်၊ စားသုံးသူရယ်၊ ဆက်နွှယ်တဲ့ပုံပြင်လေးတွေနဲ့ ဖော်ကျူးတတ်ပါတယ်။ မကြာသေးမီက Thai Life Insurance က လွှင့်သွားတဲ့ကြော်ငြာဆိုရင် ငယ်ငယ်တုန်းက သူများဆိုင်ထဲပစ္စည်းဝင်ခိုးတာကိုမိလို့ အဆူခံနေရတဲ့အချိန်မှာ ဘေးနားကခေါက်ဆွဲဆိုင်ပိုင်ရှင်က သနားပြီးကူခဲ့ဖူးပါတယ်။ တစ်နေ့ အဲဒီလူ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံတက်တဲ့အချိန်မှာ ဆရာဝန်ကြီးဖြစ်နေတဲ့ကလေးက မှတ်မိပြီး ဆေးဝါးခမယူဘဲ ကုသပေးလိုက်တဲ့ တကယ့်ဖြစ်ရပ်ဟာ လူတိုင်းရင်ကို ဆို့နင့်စေခဲ့ပါတယ်။

TED မှာပြောဖို့ ဖိတ်ကြားခံရသူတိုင်း လိုက်နာရမယ့်အချက်ကြီး ဆယ်ချက်အနက် နံပါတ်လေးအချက်က ပုံပြင်ပြောကိုပြောရမယ်ဆိုတာပါတဲ့အတွက် အရေးပါလှပါတယ်။

ted5

၃။ စကားပြောသလို ပြောဆိုဖို့လိုအပ်ပါတယ်

ကိုယ်ပြောမယ့်အကြောင်းအရာကို ကျေကျေညက်ညက်ရှိဖို့နဲ့ မပြတ်လေ့ကျင့်သွားမှသာ လူရှေ့သူရှေ့မှာ အခင်မင်ဆုံးသူငယ်ချင်းကို ပြောနေသလိုပုံစံမျိုးနဲ့ ပြောဆိုတင်ပြသွားနိုင်မှာ ဖြစ်ပါတယ်။ မိမိပြောပြ တင်ဆက်တဲ့အကြောင်းအရာကို ကိုယ်တိုင်ကယုံကြည်ဖို့ အလွန်အရေးကြီးပါတယ်။ Amanda Palmer ရဲ့ အကြံပြုချက်သုံးခုကတော့

(က) သေချာစွာ ပြင်ဆင်ထားပါရန်

ကိုယ်ပြောမယ့်အကြောင်းအရာကို ကိုယ့်ကိုသိတဲ့သူတွေ၊ ဒါမှမဟုတ် ဒီအကြောင်းကိုသိတဲ့သူတွေဆီက မေးမြန်းပြီး ကြိုတင်ပြင်ဆင်ထားပါ။

(ခ) တုံ့ပြန်မှုများကို ဂရုပြုရန်

ကိုယ်ပြောဖို့ပြင်ဆင်ထားတဲ့အကြောင်းအရာကို ကိုယ့်မိတ်ဆွေတွေကို ကျယ်လောင်စွာပြောဆိုပြပါ။ ပြီးရင် ပြတ်ပြတ်သားသား ဝေဖန်အကြံပြုစေပါ။ ဖြစ်နိုင်ရင် ဗီဒီယိုရိုက်ထားပြီး ပြန်လေ့လာပါ။

(ဂ) လေ့ကျင့်ပါ။ လေ့ကျင့်ပါ။ လေ့ကျင့်ပါ။

ted6

Malcom Gladwell ရဲ့နာမည်ကြီးသီအိုရီအရ ကျွမ်းကျင်မှုတစ်ခုကိုရချင်ရင် အနည်းဆုံး နာရီပေါင်း တစ်သောင်းကျင့်ရတယ်ဆိုတဲ့အတိုင်း ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ နာမည်ကြီးစတိဗ်ဂျော့ဆိုရင် ၁၉၇၀ ပြည့် နှစ်တွေတုန်းက ပထမဆုံး လူရှေ့စကားပြောတဲ့အခါ အခက်အခဲများစွာရှိခဲ့ပေမဲ့ ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့တာကြောင့် ကမ္ဘာပေါ်မှာ တင်ပြပြောဆိုမှု အကောင်းဆုံးလုပ်နိုင်သူတစ်ယောက်အဖြစ် ထင်ရှားခဲ့ပါတယ်။

လူရှေ့စကားပြောရင် စကားပြောနှုန်း (Rate) ၊ အသံအတိုးအကျယ် (Volume) ၊ အသံအနိမ့်အမြင့် (Pitch) ၊ ခေတ္တရပ်နားသင့်တဲ့နေရာနဲ့အချိန်မှာ ရပ်ခြင်း (Pause) ကို ဂရုစိုက်ဖို့လိုပါတယ်။ လေ့လာချက်တွေအရ တစ်မိနစ်ကိုစကားလုံးရေ ၁၅၀ ကနေ ၁၆၀ ကြားက အကောင်းဆုံးပါပဲ။

နောက်သတိပြုရမှာကတော့ ခန္ဓာကိုယ်အပြုအမူဖြစ်ပါတယ်။ ရှောင်ကြဉ်ရမှာကတော့ ဂနာမငြိမ်ခြင်း၊ ခြေထောက်စည်းလိုက်ခြင်း၊ ဖောင်တိန်ကို ဆော့ကစားနေခြင်း၊ တစ်နေရာတည်းမှာ အကြာကြီးရပ်နေခြင်း၊ ဘောင်းဘီအိတ်၊ တိုက်ပုံအိတ်ထဲလက်ထည့်ထားခြင်းတို့ဖြစ်ပါတယ်။

ted7

၄။ ပရိသတ်တွေ သင်ယူလေ့လာနိုင်တဲ့ တစ်စုံတစ်ရာပေးနိုင်ဖို့ ပြင်ဆင်ထားရပါမယ်

သမုဒ္ဒရာရေနက်ပိုင်းဆိုင်ရာ စူးစမ်းလေ့လာသူ Robert Ballard ဟာ နာမည်ကြီးတိုင်တန်းနစ်သင်္ဘောကြီးကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး TED မှာ သူ့အတွေ့အကြုံတွေကို လာရောက်ပြောပြခဲ့ပါတယ်။ သူက “TED မှာဖြစ်ဖြစ်၊ စာသင်ခန်းမှာဖြစ်ဖြစ် တင်ပြသူမှာ တာဝန်နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့       အကြောင်းအရာတစ်ခုခုကို သင်ပေးဖို့နဲ့ ပရိသတ်ကို စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးဖို့ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

ted8

လူတိုင်းဟာ တစ်ချိန်ချိန်မှာ တစ်စုံတစ်ရာကို သင်ယူလေ့လာစိတ်ရှိကြစမြဲပါ။ Google တည်ထောင်သူနှစ်ဦးဖြစ်တဲ့ Sergery Brin နဲ့ Larry Page က Google ရဲ့ပထမဆုံးရင်းနှီးမြှုပ်နှံသူတွေကို ပြောတဲ့ စကားလေးတစ်ကြောင်းဖြစ်တဲ့ 'တစ်ချက်နှိပ်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးရဲ့သတင်းအချက်အလက်တွေကို Google ကနေတစ်ဆင့် သိရှိခွင့်ရှိပါတယ်' စကားကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ပြောင်းခဲ့ရပါတယ်။

၅။ လုံးဝမှင်တက်တဲ့ အံ့အားသင့်တဲ့ အခိုက်အတန့် ဖန်တီးပေးဖို့ လိုအပ်ပါတယ်

ကမ္ဘာ့အချမ်းသာဆုံး Microsoft  တည်ထောင်သူ Bill Gate က ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ TED မှာလာပြီး ကျန်းမာရေးအတွက်အရေးပါတဲ့ ငှက်ဖျားရောဂါပပျောက်ရေးအကြောင်း ဟောပြောခဲ့ပါတယ်။ စစချင်းမှာ ပုလင်းထဲကခြင်တွေကို ပရိသတ်ကြားလွှတ်လိုက်ပါတယ်။ အားလုံးမှင်တက်အံ့အားသင့်သွားချိန်မှာ ''ဒီခြင်တွေကြောင့် ငှက်ဖျားရောဂါပြန့်ပွားနေပါကြောင်း၊ ပရိသတ်လည်း သတိပြုမိအောင်လို့ပါ'' လို့ သူ့ဟောပြောချက်ကို စဖွင့်လိုက်ပါတယ်။ ပရိသတ်အားလုံးဟာ အဲဒီဟောပြောချက်ကို ဘယ်တော့မှမေ့မှာ မဟုတ်တော့ဘူး။

Steve Jobs ဟာ သူ့ရဲ့ဟောပြောတင်ပြချက်တိုင်းမှာ သတင်းပေးပို့ဖို့ (Informed) ၊ အသိပညာရဖို့ (Educated) နဲ့ ဖျော်ဖြေဖို့ (Entertain) ဆိုပြီး အစီအစဉ်ချ ပြင်ဆင်တင်ပြတတ်ပါတယ်။ အဲဒီလို တင်ပြဟောပြောချက်တွေထဲမှာ ဓာတ်ပုံ၊ ပုံရိပ်အမျိုးမျိုး၊ ကိန်းဂဏန်းနဲ့ ဗီဒီယိုတွေပါရင် ပိုအထောက်အကူပြုပါတယ်။ ကိုးကားချက် (Quotation) တွေကလည်း အထောက်အကူပြုပါတယ်။ TED.com/quotes မှာ လေ့လာနိုင်ပါတယ်။

၆။ ပေါ့ပေါ့ပါးပါး တင်ပြပြောဆိုပါ

TED ရဲ့သက်တမ်းတစ်လျှောက်မှာ လူကြည့်အများဆုံး စိတ်အဝင်စားဆုံးတင်ပြဟောပြောသူကတော့ Sir Ken Robinson ဖြစ်ပြီး လူ ၁၅ သန်းကြည့်ရှုခဲ့ပါတယ်။ Conan O'Brain တို့ Oprah Winfrey တို့လို နာမည်ကြီးတွေထက် လူစိတ်ဝင်စားခံရသူပါ။ သူ့တင်ပြချက်တော့ ''ကျွန်တော်တို့ရဲ့ကလေးတွေကို ဘယ်လို ထိထိရောက်ရောက် ပညာသင်ပေးမှာလဲ'' ဖြစ်ပြီး အောင်မြင်ရခြင်းအကြောင်းကတော့ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဟာသဉာဏ်နဲ့ တင်ဆက်သွားလို့ပါပဲ။

ဦးနှောက်ဟာ ဟာသနဲ့ပတ်သက်ရင် အလွယ်တကူ မှတ်မိတတ်ပါတယ်။

(က)    ရယ်စရာပုံပြင်၊ ထင်မြင်လေ့လာချက်၊ ကိုယ်တွေ့ဖြစ်ရပ်များ

မိမိကိုယ်တိုင်၊ ဒါမှမဟုတ် မိမိနဲ့ပတ်သက်တဲ့သူတွေရဲ့ ရယ်စရာအဖြစ်အပျက်၊ ကိုယ်တွေ့ဖြစ်ရပ်တွေကို လူတိုင်းစိတ်ဝင်စားတတ်ပါတယ်။

(ခ) ယှဉ်ပြဆင်ခြင်မှု၊ တင်စားပြောဆိုမှု

ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေကို တင်ပြရပြီဆိုရင် အထိရောက်ဆုံးနည်းကတော့ အလားတူ အကြောင်းအရာတစ်ခုနဲ့ ယှဉ်ပြဆင်ခြင် တင်ပြနိုင်ခြင်းဖြစ်ပါတယ်။ Intel အနေနဲ့ သူတို့တီထွင်တဲ့ Clip က ၂၀၂၀ ပြည့်နှစ်ရောက်ရင် 40 Zetabytes အချက်အလက်တွေ သိုလှောင်နိုင်မှာဖြစ်ပြီး တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ သဲတွေထက်များတဲ့အချက်အလက်တွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

(ဂ) ကိုးကားချက်

ကိုးကားချက်ဆိုတာ အောင်မြင်ထင်ရှားသူ၊ လူသိနည်းသူ၊ မိတ်ဆွေ၊ ဒါမှမဟုတ် မိမိမိသားစု အသိုင်းအဝိုင်းဆီက ဖြစ်နိုင်ပါတယ်။

(ဃ) ဗီဒီယို

(င) ဓာတ်ပုံ

ဓာတ်ပုံတို့ကို အသုံးပြုခြင်းဖြင့် တင်ပြဟောပြောချက်ကို ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်။

ted9

၇။ ၁၈ မိနစ်ဥပဒေသကို လိုက်နာရပါမယ်

နှစ် ၃၀ ကြာ လူမှုဆက်ဆံရေးဘာသာရပ်ကို လေ့လာခဲ့တဲ့ Dr.Paul King က နားထောင်တဲ့အလုပ်က ပျင်းစရာသိပ်ကောင်းတဲ့အလုပ်ဆိုတော့ တင်ပြပြောဆိုသူဟာ စိတ်ပင်ပန်းသလို နားထောင်သူဟာလည်း စိတ်ပင်ပန်းပါတယ်လို့ဆိုပါတယ်။ Dr.Paul King က 'စဉ်းစားခြင်း၊ နားထောင်ခြင်း၊ စကားပြောခြင်းဟာ စိတ်ပင်ပန်းတဲ့အလုပ်တွေ' လို့ ဆိုပါတယ်။ ဥပမာ-သုံးနာရီကြာ ကျောင်းသင်ခန်းစာသင်မယ့်အစား မိနစ် ၅၃ ကြိမ် ခွဲသင်တာက ပိုထိရောက်ပါတယ်။ အချိန်တိုတိုနဲ့ ထိထိရောက်ရောက် တင်ပြနိုင်ဖို့ဆိုတာ ရိုးရှင်းလွယ်ကူမှုကို အခြေခံရပါတယ်။

သုံးဆိုတဲ့ ဥပဒေသ

၂၀၀၈ ခုနှစ်က TED မှာ 1000 awesomethings. com ကိုတည်ထောင်ခဲ့တဲ့ Nail Puricha က 'The 3A'S of Awesome' ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ ဇနီးက စွန့်ခွာသွားပြီး အခင်မင်ဆုံးသူငယ်ချင်းက ကိုယ့်ဘာသာ သတ်သေသွားတဲ့နောက်ပိုင်း စိတ်ဓာတ်ကျနေချိန်မှာ ကွန်ပျူတာတစ်လုံးနဲ့ အပြုသဘောဆိုင်ရာ အတွေးအခေါ်တွေကိုအခြေခံတဲ့ ဘလော့ဂ်တစ်ခုစရေးပါတယ်။ တစ်နေ့ကို ဘလော့ဂ် ငါးသောင်းလောက် ထွက်နေတဲ့ ဒီခေတ်ကြီးမှာ မမျှော်လင့်ဘဲ အကောင်းဆုံးဘလော့ဂ်ဆု Webby Award ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ A သုံးလုံးက ခံယူချက် (Attitute) ၊ သိရှိမှု (Awareness) နဲ့ စစ်မှန်မှု (Authenticity) ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလွတ်လပ်ရေးစာတမ်းမှာ Life, Liberty နဲ့ Happiness ကိုအခြေခံထားသလို လူမှုရေးနယ်ပယ်မှာ ဝက်သုံးကောင်၊ မျောက်သုံးကောင်၊ သူရဲကောင်းသုံးယောက်၊ အခြေခံသုံးရောင်။ ညစာစားပွဲမှာ ဇွန်း၊ ခက်ရင်းနဲ့ ဓား၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ရုရှားနိုင်ငံ၊ မြန်မာနိုင်ငံအလံတွေမှာ အရောင်သုံးရောင်၊ ရွှေငွေကြေးဆိုတဲ့ ဆုသုံးဆု၊ ခရစ်ယာန်ဘာသာမှာ ခမည်းတော် သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့အပြင် CNN ၊ BBC ၊ ING ၊ UPS ၊ IBM တို့ဟာ အောင်မြင်တဲ့အမှတ်တံဆိပ်တွေပါပဲ။

ကိုယ်ပြောဆိုတင်ပြချက်ကို တင်ပြချက်မြေပုံ (Message Map) ပုံစံနဲ့ ပြင်ဆင်ထားနိုင်ပါတယ်။

ပထမအဆင့်။ နားလည်စိတ်ဝင်စားနိုင်တဲ့ခေါင်းစဉ် ရွေးချယ်ပါ။

ဒုတိယအဆင့်။ ခေါင်းစဉ်ကို အထောက်အကူပြုမယ့် အချက်သုံးချက်ရွေးချယ်ပါ။

တတိယဆင့်။ အဲဒီအချက်သုံးချက်ကို ပုံပြင်၊ ကိုး ကားချက်၊ ဥပမာတွေနဲ့အထောက်အကူပြုပါ။

၈။ အာရုံငါးပါးနဲ့ ခံစားလို့ရတဲ့ ဦးနှောက်ပုံရိပ် တည်ထောင်ရပါမယ်

Michael Pritchard ဟာ ၂၀၀၄ ခုနှစ်၊ အရှေ့တောင်အာရှဆူနာမီနဲ့ ၂၀၀၅ ခုနှစ် ဟာရီကိန်းကက်ထရီနားတို့ ဖြစ်ပျက်ပြီးနောက် သယ်ကူရလွယ်တဲ့ ရေစစ်တဲ့စနစ်တီထွင်ဖို့ စဉ်းစားမိပါတယ်။ Lifesaver filter ဆိုတဲ့ ရေစစ်ကိရိယာဟာ  ရေဆိုးရေညစ်တွေကနေတစ်ဆင့် သောက်သုံးလို့ရတဲ့ရေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ TED မှာ အဲဒီအကြောင်းလာပြောတဲ့နေ့မှာ အဖွင့်ပုံကတော့ ညစ်ပတ်ပေရေနေတဲ့ ကလေးလေးတစ်ယောက်က ဒူးထောက်ပြီးပေရေနေတဲ့ရွှံ့ရေကို သောက်နေတဲ့ပုံဖြစ်ပါတယ်။ တင်ပြဟောပြောချက်အဆုံးမှာတော့ စားပွဲပေါ်မှာတင်ထားတဲ့ စက်ကလေးထဲကို ညစ်ပတ်နေတဲ့ ရေဆိုးရေညစ်ထည့်ပြီး ခဏတာမှာ ထွက်လာတဲ့ရေသန့်ကို ခွက်ထဲထည့်ပြီး သူကိုယ်တိုင် သောက်ပြလိုက်ပြီး အဆုံးသတ်လိုက်ပါတယ်။

Micheal ရဲ့တင်ပြချက်မှာ ဓာတ်ပုံ၊ အချက်အလက်နဲ့လက်တွေ့ပြတာပါတော့ ပရိသတ်တွေအတွက် မမေ့နိုင်စရာ အကြောင်းအရာဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် တင်ပြဟောပြောချက်တွေမှာ အမြင်၊ အကြား၊ အရသာ၊ အနံ့၊ အထိအတွေ့စတဲ့ထဲက တစ်ခုထက်မကပါဝင်ရင် ထိရောက်ပါတယ်။ ဒီနေ့ခေတ်အခါမှာ MultiMedia နည်းမျိုးစုံနဲ့ စိတ်ဝင်စားအောင် တင်ဆက်ဟောပြောလို့ရပါတယ်။

နိုဘယ်ဆုရှင်အမေရိကန်သမ္မဟောင်း Al Gore ရဲ့ ရာသီဥတုအပြောင်းအလဲ တင်ပြချက်ဟာ တက်ရောက်နားထောင်သူ၊ ကြည့်ရှုသူအားလုံးကို ထိတ်လန့်တုန်လှုပ်စေပြီး ရာသီဥတုအရေးပါမှုကို သတိပြုမိစေပါတယ်။

၉။ တင်ပြဟောပြောချက်ခေါင်းစဉ်အောက်ကနေ သွေးဖည်မသွားပါနဲ့

လူတိုင်းက အတုအယောင်ကို သတိပြုမိတတ်တဲ့အတွက် မိမိတင်ပြဟောပြောချက်ဟာ စစ်မှန်ဖို့ (Authentic) ၊ ပွင့်လင်းဖို့ (Open)  နဲ့ ထင်သာမြင်သာရှိဖို့ (Transparent)  လိုပါတယ်။ လူရှေ့သူရှေ့ ဟောပြောတင်ဆက်ခြင်းဟာ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ မိမိအနေနဲ့ မကျွမ်းကျင်သေးဘူးဆိုရင် တစ်စုံတစ်ယောက်ဆီက သင်ယူလေ့လာလို့လည်းရပါတယ်။ တင်ပြဟောပြောတဲ့အခါမှာ 'လာရောက်တင်ပြပြောဆိုတာ' မဟုတ်ဘဲ ကြားနာသူပရိသတ်အတွက် ထိတွေ့ဖို့၊ လှုံ့ဆော်ဖို့၊ ခွန်အားပေးဖို့ ဒီထက်ကြီးကျယ်တဲ့ အိပ်မက်မက်ဖို့ ပြင်ဖို့လိုပါတယ်။ Virgin အုပ်စုဥက္ကဋ္ဌဖြစ်သူ Richard Branson က အောင်မြင်တဲ့တင်ပြဟောပြောသူတွေဟာ မဆုတ်မနစ်ကြိုးစားပြင်ဆင်မှုရဲ့ရလဒ်ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

အထက်ဖော်ပြပါ လျို့ဝှက်ချက်ကိုးချက်ကို လေ့လာရင်း မိမိရဲ့အားနည်းချက်တွေကို ပြင်ဆင်ရင်း ရရှိလာမယ့်အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်နိုင်ပါကြောင်း။

မောင်သာ

Ref: Talk like TED by Carmine Gallo