Application ကို အသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် ကားငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့ Taxi Service Operator တွေရဲ့ ပြိုင်ဆိုင်မှုက နိုင်ငံတကာမှာလည်း ပြင်းထန်နေသလို မြန်မာနိုင်ငံမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်တစ်ခု ဖြစ်လို့နေပါတယ်။ လုံခြုံစိတ်ချရမှုက ဦးစားပေးအဆင့်ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ကလည်း အခုလို အငှားယာဉ်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေ ပေါ်ပေါက်လာတာက ရွေးချယ်စရာတစ်ခုဖြစ်လို့ နေပါတယ်။
အကြောင်းကိစ္စတစ်ခုရှိလို့ အပြင်သွားမယ်ဆိုရင် သက်ဆိုင်ရာ အငှားယာဉ်ကုမ္ပဏီရဲ့ Call Center ကို ဖုန်းဆက်ပြီး ကားငှားနိုင်သလို ကိုယ့်ရဲ့ Smartphone ထဲက သက်ဆိုင်ရာ အငှားယာဉ်ကုမ္ပဏီရဲ့ Application ကနေတစ်ဆင့် ကိုယ်သွားချင်တဲ့ ခရီးလမ်းကြောင်းကို သတ်မှတ်ပေးပြီးတော့လည်း ကားငှားနိုင်ပါတယ်။
အသက်ကြီးငယ်မရွေး ခရီးသည်တွေအနေနဲ့ကလည်း နည်းပညာအသစ်ကို စမ်းသပ်အသုံးပြုဖို့ ဝန်မလေးကြဘဲ ဘယ် Taxi Service Operator က ဝန်ဆောင်မှုကောင်းမွန်ပြီး အဆင်ပြေဆုံးဖြစ်သလဲဆိုတာကို စမ်းသပ်ငှားရမ်းပြီး ကိုယ်နဲ့အဆင်ပြေဆုံး အငှားယာဉ်ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုလျက်ရှိနေကြတာကို တွေ့မြင်နေရပါတယ်။ ဘယ်ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်မလဲဆိုတာ အငှားယာဉ်မောင်းတွေအတွက် ရွေးချယ်မှုတစ်ခုဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်လို့နေပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ လုပ်ကိုင်နေတဲ့ အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ ကားအရည်အသွေးကောင်းမွန်ဖို့အပြင် ယဉ်ကျေးပျူငှာတဲ့ မိတ်ဖက်ယာဉ်မောင်းတွေ ရရှိဖို့ဆိုတာကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခရီးသည်တွေအနေနဲ့ အငှားယာဉ်မောင်းရဲ့ ဝန်ဆောင်မှုပေးပုံအပေါ်မှာ မူတည်ပြီး Taxi Service Operator တစ်ခုက ဝန်ဆောင်မှုကောင်းမကောင်းအထိ ရုတ်တရက်ကောက်ချက်ချနိုင်ကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Taxi Service Operator တွေအနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီဈေးကွက်ထဲမှာ ရှင်သန်ရပ်တည်နိုင်အောင် ဘယ်လိုကြိုးစားသွားမလဲ။ ရေရှည်မှာ အောင်မြင်မှုတွေရရှိအောင် ဘယ်လိုနည်းဗျူဟာတွေ အသုံးပြုပြီး ယှဉ်ပြိုင်သွားမလဲဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်ပါ။
မြန်မာနိုင်ငံမှာ Application အသုံးပြုပြီး အွန်လိုင်းကတစ်ဆင့် ကားငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ Hello Cabs က ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ပြည်တွင်းအွန်လိုင်း အငှားယာဉ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Oway Ride ကလည်း သူ့ရဲ့ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မိတ်ဆက်ပေးခဲ့ပါတယ်။
နိုင်ငံတကာ ကုမ္ပဏီတွေဖြစ်တဲ့ Grab နဲ့ Uber တို့က မြန်မာနိုင်ငံ အငှားယာဉ်ဈေးကွက်ထဲကို ၂၀၁၇ ခုနှစ်၊ ဧပြီလနဲ့ မေလတို့မှာ အသီးသီး ဝင်ရောက်လာခဲ့ကြပါတယ်။
စာဖတ်ပရိသတ်အများက စိတ်ဝင်စားနေကြတဲ့ ပြည်တွင်းအွန်လိုင်းအငှားယာဉ်ဈေးကွက်ထဲက Taxi Service Operator တွေရဲ့ လက်ရှိလုပ်ငန်းအခြေအနေ၊ အသုံးပြုသူတွေအတွက် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေ၊ နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက် နှိုင်းယှဉ်ချက်၊ အနာဂတ်အစီအစဉ် စသဖြင့် အကြောင်းအရာတွေကို စာဖတ်ပရိသတ်များ လေ့လာဖတ်ရှုနိုင်အောင် သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ်။
[caption id="attachment_30767" align="alignnone" width="370"]CEO
Hello Cabs[/caption]
Hello Cabs ရဲ့ လက်ရှိလုပ်ငန်းအခြေအနေ . . .
မြန်မာနိုင်ငံမှာ အွန်လိုင်းအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို Hello Cabs က ပထမဦးဆုံးစတင်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းမှာ ကားအစီးရေ ၁၀၀ နဲ့စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ကားအစီးရေ ၄,၀၀၀ ကျော် ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ ကားအစီးရေ ၄,၀၀၀ ကျော်နဲ့ တစ်လကို ခရီးစဉ်ပေါင်း ၅၀,၀၀၀ နီးပါး ပြေးဆွဲလျှက်ရှိပါတယ်။ Hello Cabs မတိုင်ခင် ဒီလိုဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုး ဘယ်သူမှမရှိခဲ့တဲ့အတွက် စစချင်းမှာ အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။
Application ကို အသုံးပြုပြီး အငှားယာဉ်ဝန်ဆောင်မှုကိုအသုံးပြုဖို့ ခရီးသည်တွေရဲ့ အမူအကျင့်တွေကို ပြောင်းလဲပေးခဲ့ရပါတယ်။ ကျွန်တော်တို့က ခရီးသည်တွေအတွက် လျှော့ဈေးတွေ၊ Promo Code တွေ မပေးပါဘူး။ ယာဉ်မောင်းတွေအတွက်လည်း Discount တွေ မပေးပါဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းက နေ့စဉ်အသုံးပြုနေတဲ့သူတွေအတွက် သက်သာတဲ့နှုန်းထားဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် Discount တွေမပေးတော့ဘဲ ရပ်တန့်လိုက်တဲ့တစ်နေ့ကျရင် ယာဉ်ငှားခတွေက တအားမြင့်တက်သွားပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ခံယူချက်ကတော့ လူတိုင်းရဲ့ နေ့စဉ်လူနေမှုဘဝမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို သက်သောင့်သက်သာနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်အောင် ဈေးနှုန်းကိုထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဝန်ဆောင်မှုကို စွဲစွဲမြဲမြဲအသုံးပြုတဲ့ Customer တွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Application ကို ပြင်ဆင်မှုတွေ ပြုလုပ်ပြီး စနစ်အသစ်ပြောင်းလဲနေတဲ့အတွက် လောလောဆယ်မှာ အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့လည်း Hello Cabs Application ကို ဆက်ပြီးအသုံးပြုနေသူတွေ၊ Hello Cabs ကို ဖုန်းခေါ်ဆိုပြီး ကားငှားနေတဲ့သူတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။
မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ . . .
နံပါတ်တစ်အကျိုးကျေးဇူးက ဈေးသက်သာတာပဲ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ ခရီးစဉ်တစ်ကြောင်းအတွက် ကျသင့်ငွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ Commission Rate အဖြစ် ကျွန်တော်တို့ကို ပြန်ပေးရတာ ဖြစ်ပါတယ်။ ဒါက ယာဉ်မောင်းတွေအတွက် အဆင်ပြေပြီး အသက်သာဆုံးနှုန်းထားဖြစ်ပါတယ်။ ယာဉ်မောင်းတွေအတွက် Discount တွေ၊ Incentive တွေ မပေးပေမဲ့လည်း အခုအချိန်အထိ ကျွန်တော်တို့နဲ့ ဆက်ပြီးလက်တွဲလုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေ ရှိနေတာကလည်း ဒီအချက်ကြောင့် ဖြစ်ပါတယ်။
ခရီးသည်တွေအတွက်ကတော့ စံသတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ လုံခြုံစိတ်ချရမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ကားအရည်အသွေးကိုလည်း စံသတ်မှတ်ထားတာဖြစ်တဲ့အတွက် ကိုယ်ပေးရတဲ့တန်ဖိုးနဲ့ညီမျှတဲ့ ဝန်ဆောင်မှုကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်နှိုင်းယှဉ်ချက် . . .
မတူညီမှုတွေဆိုတာကတော့ မရှိပါဘူး။ နေရာတိုင်းက လူတွေက အတူတူပါပဲ။ ဘယ်နေရာကသူပဲဖြစ်ဖြစ် ပိုက်ဆံတွေအများကြီးမပေးရဘဲ အဆင်ပြေပြီး သက်သောင့်သက်သာဖြစ်စေတဲ့၊ လုံခြုံစိတ်ချရမှုရှိတဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ကြပါတယ်။ ဒီမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီမှာက တခြားနိုင်ငံတွေမှာထက်စာရင် ကားငှားခက ပိုဈေးသက်သာပါတယ်။ မြန်မာနိုင်ငံမှာက ခရီးစဉ်တစ်ကြောင်းအတွက် ကျသင့်ငွေ ၃ဒေါ်လာ၊ ၄ ဒေါ်လာဝန်းကျင်ရှိပြီး စင်ကာပူမှာဆိုရင် ခရီးစဉ်တစ်ကြောင်းအတွက် ကျသင့်ငွေ ၁၅ ဒေါ်လာဝန်းကျင် ရှိပါတယ်။
ပြည်တွင်းဈေးကွက်မှာ ဘယ်လို Strategy တွေသုံးပြီး ယှဉ်ပြိုင်သွားမလဲ . . .
ကျွန်တော်တို့ရဲ့ Strategy ကတော့ အလွန်ပဲရိုးရှင်းပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Customer တွေကိုပဲ အဓိကထားပြီး ဝန်ဆောင်မှုတွေပေးခဲ့တယ်။ ရှေ့ဆက်ပြီးလည်း Customer တွေကိုပဲ အဓိက ထားသွားမှာ ဖြစ်ပါတယ်။ သက်သာတဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးသွားမယ်။ စံသတ်မှတ်ထားတဲ့ အဆင်ပြေမှုနဲ့ လုံခြုံစိတ်ချရမှုကို ပေးစွမ်းပါမယ်။ ယာဉ်မောင်းတွေအတွက် အသက်သာဆုံး Commission Rate သတ်မှတ်ပေးတယ်။ ဒါက ကျွန်တော်တို့ အခုလက်ရှိ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Hello Cabs က Hello Cabs ဖြစ်တယ်ဆိုတာနဲ့ပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ် . . .
အနာဂတ်အစီအစဉ်အနေနဲ့ ကျွန်တော်တို့က Rental Business တွေ အများကြီးလုပ်တဲ့အတွက် Rental ပိုင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ကားအငှားဝန်ဆောင်မှုအပိုင်းကိုလည်း ဆက်ပြီးအာရုံစိုက် လုပ်ကိုင်သွားပါမယ်။ ကျွန်တော်တို့အနေနဲ့ ကားအသစ်တွေ ယူဆောင်လာဖို့ကိုလည်း ကြိုးစားနေပါတယ်။
ဘာလို့လဲဆိုရင် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ ကြီးမားတဲ့ ကွာခြားချက်တစ်ခုက နိုင်ငံတကာ ဈေးကွက်မှာဆိုရင် အရည်အသွေး တအားကောင်းတဲ့ကားတွေရှိပါတယ်။ ဒီမှာကျတော့ အဲလိုမရှိပါဘူး။ တကယ်ကိုသက်သောင့်သက်သာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ကားအသစ်တွေကို ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်မယ့် ယာဉ်မောင်းတွေကို ငှားပေးသွားမှာ ဖြစ်ပါတယ်။
[caption id="attachment_30768" align="alignnone" width="370"]Country Manager
Uber Myanmar[/caption]
Uber Myanmar ရဲ့ လက်ရှိလုပ်ငန်းအခြေအနေ . . .
Uber အနေနဲ့ မြန်မာနိုင်ငံကိုရောက်လာတာ သုံးလရှိပြီဖြစ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ အားကောင်းတဲ့ တိုးတက်မှုမျိုးကိုလည်း မြင်တွေ့နေရပါတယ်။ ဒီ App ကို အသုံးပြုတဲ့သူတွေ တစ်နေ့တခြားများပြားလာတာကို မြင်တွေ့နေရပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ ခရီးသည်တွေအတွက် လုံခြုံစိတ်ချရတဲ့ ကားတစ်စီးရောက်ရှိလာနိုင်ဖို့အတွက် သုံးကြသလို ယာဉ်မောင်းတွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေအတွက် အသုံးပြုလာကြတာကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်နေရပါတယ်။ ကျွန်မတို့အတွက်တော့ ဒါဟာနိဒါန်းကောင်းပါပဲ။ Uber ကို လူသိများ၊ လူသုံးများလာတာနဲ့အမျှ တိုးတက်မှုတွေရှိလာမှာကိုလည်း ယုံကြည်မျှော်လင့်နေပါတယ်။
ဈေးကွက် Share . . .
ကျွန်မတို့ရဲ့ စီးပွားရေးအနေအထားကို ဈေးကွက်ဝေစုနဲ့တိုင်းတာလေ့မရှိပါဘူး။ Uber ကို လောလောဆယ် ရန်ကုန်မှာပဲ ရနိုင်ပါသေးတယ်။ Uber ရဲ့ ရည်ရွယ်ချက်က ရန်ကုန်မြို့မှာရှိတဲ့ လူတိုင်းအတွက် သွားလာဆက်သွယ်ရေးစနစ်ကို သက်သောင့်သက်သာရှိပြီး လက်လှမ်းမီအောင် ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ . . .
ကျွန်မတို့ရဲ့နည်းပညာက သုံးစွဲသူတွေကို ခလုတ်တစ်ချက်အနှိပ်မှာပဲ ကားခေါ်ဆိုရရှိနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ Uber က ခရီးသည်တွေအတွက် လုံခြုံမှု၊ စိတ်ချရမှုနဲ့ သက်သောင့်သက်သာဖြစ်မှုတွေကို ပေးပါတယ်။ခရီးသည်တွေအနေနဲ့ ဘယ်အချိန်မှာပဲ ကားလိုအပ်သည်ဖြစ်စေ ယာဉ်မောင်းတစ်ဦးက အိမ်တိုင်ရာရောက်လာကြိုပေးမှာပါ။ မိုးတွေရွာနေချိန်ဖြစ်ဖြစ်၊ နွေနေပူပူမှာဖြစ်ဖြစ် လမ်းမပေါ်ထွက်ပြီး ကားတားနေစရာ၊ ကားရဖို့စောင့်နေစရာမလိုအပ်တော့ပါဘူး။ ကျွန်မတို့ရဲ့နည်းပညာက ခရီးသည်တွေအတွက်ရော ယာဉ်မောင်းတွေအတွက်ပါ ကားမစီးခင်ပဲဖြစ်ဖြစ်၊ ကားရလို့သွားလာနေတုန်းပဲဖြစ်ဖြစ်၊ မိမိသွားလိုရာကို ရောက်သွားရင်ပဲဖြစ်ဖြစ် အရင်ကမရခဲ့ဖူးတဲ့ လုံခြုံစိတ်ချရမှုကို ဂရုတစိုက်ဖန်တီးပေးပါတယ်။ ခရီးသည်တွေ အဆင်ပြေအောင်လို့ ငွေသားနဲ့ပဲဖြစ်စေ၊ ကတ်နဲ့ပဲဖြစ်စေ၊ ငွေပေးချေရနိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။
ယာဉ်မောင်းတွေအတွက်ကတော့ Uber ဟာ ခလုတ်တစ်ချက်အနှိပ်မှာပဲ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်ပေါ်လာအောင် ပံ့ပိုးပေးနေပါတယ်။ ထောင်ချီတဲ့ မြန်မာမိသားစုတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဝင်ငွေတိုးပွားမှုကို ဖန်တီးပေးသလို မိမိတို့အဆင်ပြေမှုပေါ်မူတည်ပြီး အလုပ်လုပ်နိုင်တဲ့ နည်းလမ်းသစ်ကိုလည်း ဆောင်ကျဉ်းပေးပါတယ်။ အများစုအနေနဲ့ကတော့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်နိုင်တာရယ်၊ လိုသလိုချိန်ညှိလို့ရတဲ့ အဆင်ပြေမှု၊ ကိုယ့်အလုပ်ကိုယ်ပိုင်တဲ့ သိက္ခာရှိမှုစတာတွေကြောင့် Uber နဲ့ လက်တွဲအလုပ်လုပ်ဖို့ ရွေးချယ်ကြပါတယ်။
နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်နှိုင်းယှဉ်ချက် . . .
မြို့တွေအားလုံးကတော့ သူ့ဟာနဲ့သူ တစ်မူထူးခြားတဲ့အချက်တွေရှိတာပါပဲ။ ရန်ကုန်ဆိုရင် ပုဂ္ဂလိကအငှားယာဉ်ပေါင်းများစွာနဲ့ လက်တွဲအလုပ်လုပ်ရတာလိုမျိုး အချက်တွေကြောင့် ထူးခြားပါတယ်။ ရန်ကုန်မှာ Taxi တွေအလွန်များပြားသလို ယာဉ်မောင်းတွေကလည်း ခရီးသည်တွေနဲ့ ပိုပြီးလွယ်လွယ်ကူကူဆက်ဆံနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလျက်ရှိကြပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ သူတို့နဲ့ တွဲဖက်လုပ်ဖို့ အလွန်သင့်လျော်နေတာပါ။ ဒီအချက်က ရန်ကုန်ကိုစရောက်တဲ့ ပထမရက်ကတည်းကနေ ခရီးသည်တွေကို ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်မှာ ဘယ်လို Strategy တွေကိုသုံးပြီး ယှဉ်ပြိုင်သွားမလဲ . . .
Uber မှာ ယှဉ်ပြိုင်မှုဆိုတာကို စဉ်းစားလိုက်တဲ့အခါ သီးသန့်ကားပိုင်ဆိုင်မှုအကြောင်း စဉ်းစားမိပါတယ်။ ကျွန်မတို့ရည်ရွယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သီးသန့်ကားပိုင်ဆိုင်မှုကို လျှော့ချနိုင်ဖို့လည်း ပါဝင်ပါတယ်။ ခလုတ်နှိပ်လိုက်ရုံနဲ့ သွားလိုရာသွားဖို့ ကားတစ်စီးရောက်လာနိုင်မှတော့ ကားတစ်စီးကို ပိုင်ထားနေဖိုု့မလိုတော့ပါဘူး။
ကျွန်မတို့ရဲ့ နည်းဗျူဟာကတော့ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်ခေါ်လာတဲ့ ကားရောက်လာစေဖို့ ရန်ကုန်မှာရှိတဲ့ လူအားလုံးကို ဒီနည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် အာရုံစိုက်လုပ်ဆောင်ပေးခြင်းပါပဲ။ စိတ်ချလုံခြုံမှုရှိတဲ့၊ သက်သောင့်သက်သာရှိပြီး အဆင်ပြေတဲ့သွားလာဆက်သွယ်ရေးတစ်ခုရှိလာတဲ့အခါ လူတွေက ကိုယ်ပိုင်ကားဝယ်စီးဖို့ စိတ်ကူးမိကြတော့မယ် မဟုတ်ပါဘူး။ အမေရိကန်မှာဆိုရင် ကိုယ်ပိုင်ကားဝယ်ယူစီးနင်းဖို့ စိတ်ကူးတွေဟာ စပြီးပြောင်းလဲလာတာကို တွေ့နေရပါပြီ။ အသက် ၃၀ အောက် Uber ပုံမှန်စီးနင်းလေ့ရှိသူ ခရီးသည်ရဲ့ ၁၀ ရာခိုင်နှုန်းက သူတို့ရဲ့ကားတွေကို အသုံးမပြုတော့တဲ့အပြင် ဝယ်ဖို့လည်း မစဉ်းစားတော့ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးနှုန်းလည်း မဆိုးတဲ့၊ အဆင်ပြေကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို လက်ခံလာကြလို့ပါပဲ။
အနာဂတ်အစီအစဉ် . . .
ခုလက်ရှိထိကတော့ ကျွန်မတို့အနေနဲ့ ခရီးသည်တွေကိုအကောင်းဆုံးအတွေ့အကြုံတွေပေးနိုင်ဖို့နဲ့ ယာဉ်မောင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ဖို့ပဲ အာရုံစိုက်လုပ်ဆောင်နေပါတယ်။
Oway Ride ရဲ့လက်ရှိလုပ်ငန်းအခြေအနေ . . .
Oway Ride Taxi Service ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အခုလက်ရှိ Register လုပ်ထားတဲ့ ယာဉ်မောင်း ၅,၀၀၀ ကျော်နဲ့ Register လုပ်ထားတဲ့ အသုံးပြုသူပေါင်း ၂ နှစ်သိန်းကျော် ရှိပါတယ်။ ယာဉ်ငှားရမ်းခကတော့ 3KM အတွင်းဆိုရင် ၁,၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး 3KM ကျော်သွားမယ်ဆိုရင် 1 KM ကို ၂၇၀ ကျပ်စီ ထပ်မံကောက်ယူသွားမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းအနေနဲ့ ခရီးသည်ကို စောင့်ပေးရမယ်ဆိုရင် စောင့်ဆိုင်းခအနေနဲ့ တစ်မိနစ်ကို ၅၄ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ . . .
ခရီးသည်တွေအနေနဲ့ ကားငှားတဲ့နေရာမှာ လွယ်ကူအဆင်ပြေမှုရှိတဲ့အပြင် လုံခြုံစိတ်ချရမှုလည်း ရှိပါတယ်။ ယာဉ်ငှားရမ်းခကို ကြိုတင်သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ ကိုယ်သွားတဲ့ ခရီးအကွာအဝေးအလိုက်သာ ကျသင့်မှာဖြစ်တဲ့အတွက် ကိုယ်သွားမယ့်ခရီးစဉ် အပြောင်းအလဲဖြစ်ခဲ့ရင်တောင် ခရီးသည်အနေနဲ့ ယာဉ်မောင်းနဲ့ အငြင်းပွားရမယ့်ကိစ္စမျိုးအတွက် စိတ်ပူနေစရာမလိုပါဘူး။
ယာဉ်မောင်းတွေဘက်ကကြည့်မယ်ဆိုရင်လည်း ခရီးသည်ကို စောင့်ဆိုင်းရမယ့်အချိန်အတွက် စိတ်ပူစရာ မလိုတာ၊ ဒါမှမဟုတ် ခရီးစဉ်အပြောင်းအလဲ ဖြစ်သွားရင်တောင်မှ စိတ်ပူစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယာဉ်ငှားရမ်းခကို ကြိုတင်သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ ခရီးအကွာအဝေးပေါ်မူတည်ပြီးတော့သာ ယာဉ်ငှားရမ်းခကောက်ခံတဲ့အတွက် ဖြစ်ပါတယ်။
နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်နှိုင်းယှဉ်ချက် . . .
နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်မှာတော့ တူညီမှုတချို့ရှိပြီး ကွဲပြားခြားနားမှုကတော့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအပေါ်မူတည်ပြီး အများကြီးရှိပါတယ်။
အနာဂတ်အစီအစဉ် . . .
ဒီနှစ်ကုန်ပိုင်းလောက်မှာ Oway Ride Service က ဝန်ဆောင်မှုပေးမယ့် မတူညီတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုးကို မြန်မာနိုင်ငံအတွင်းက Second and Third Tier မြို့တွေမှာရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
[caption id="attachment_30770" align="alignnone" width="370"]Co Founder
Grab[/caption]
Grab Myanmar ရဲ့လက်ရှိလုပ်ငန်းအခြေအနေ . . .
Grab ကို မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလက စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်ကာလလေးလမှာ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပြီး အခုအချိန်မှာတော့ ရန်ကုန်မြို့မှာ အပြည့်အ၀၀န်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။ လေးလတာ စမ်းသပ်ပြေးဆွဲပြီးတဲ့နောက်မှာ Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ လစဉ်ဝင်ငွေဟာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ပြီး အခုဆိုရင် Grab နဲ့ ပူးပေါင်းပြီး ပြေးဆွဲနေတဲ့ ယာဉ်မောင်းအရေအတွက် ၅,၀၀၀ ကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ ယာဉ်ငှားရမ်းခဈေးနှုန်းတွေကတော့ ခရီးသည်တွေ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းအပေါ်မူတည်ပြီး ကြိုတင်သတ်မှတ်ထားပေးပြီးသား ဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ သူတို့ရွေးချယ်ထားတဲ့ လမ်းကြောင်းအလိုက် ကျသင့်မယ့် ယာဉ်ငှားရမ်းခကို Application မှာ ဖော်ပြပေးထားတဲ့အတွက် ကားမငှားခင်မှာ ယာဉ်ငှားရမ်းခကို ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါ တယ်။
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ စိတ်ကျေနပ်မှုရရှိစေဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ပြီး Grab Application ကို ပိုပြီးလွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် စီစဉ်ပေးတာ၊ မိတ်ဖက်ယာဉ်မောင်းတွေကို အတတ်ပညာအသစ်တွေ တတ်မြောက်လာစေပြီး အပိုဝင်ငွေတွေ ရရှိလာအောင် အလေးပေးဆောင်ရွက်ပေးမယ့် Driver Care Programe ပြုလုပ်ပေးတာ၊ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေဆီက မေးမြန်းမှုတွေ၊ အကြံပေးမှုတွေကို အချိန်မရွေးလက်ခံဖြေကြားသွားမယ့် 24/7 Customer Call Center အသစ်တည်ထောင်တာတို့ ပါဝင်ပါတယ်။
မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ . . .
ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့ အစိုးရရဲ့ Vision ကို ကူညီထောက်ပံ့ပေးဖို့ အရှေ့တောင်အာရှမှာဦးဆောင်နေတဲ့ အငှားယာဉ်ဝန်ဆောင်မှုတစ်ခုအနေနဲ့ Grab က သူ့ရဲ့အငှားယာဉ်ဝန်ဆောင်မှုကို မြန်မာနိုင်ငံဆီ ဆောင်ကျဉ်းလာခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ Grab Mobile Application ကိုသုံးပြီး ကိုယ်သွားချင်တဲ့နေရာဆီ Booking တင်ပြီး ငှားရမ်းနိုင်ပါတယ်။ Application က သုံးရတာလွယ်ကူပြီး ခရီးသည်တွေအနေနဲ့ဘေးကင်းလုံခြုံပြီး စိတ်ချယုံကြည်ရတဲ့ ခရီးသွားအတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ မိတ်ဖက်ယာဉ်မောင်းတွေအနေနဲ့လည်း Grab Application ကို သုံးပြီး ခရီးသည်တွေ ပိုမိုရရှိစေနိုင်ကာ လူနေမှုဘဝတွေ ပိုပြီး တိုးတက်လာစေနိုင်ပါတယ်။ အခုဆိုရင် Grab က မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဖြစ်စဉ်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ကောင်းမွန်တဲ့အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ စမ်းသပ်ကာလ ၄ လတာအတွင်းမှာ အငှားယာဉ်ဝန်ဆောင်မှု အဆင့်အတန်း၊ သယ်ယူပို့ဆောင်ရေး အခြေအနေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ဝင်ငွေတို့ဟာ တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ နောက်ပြီး ကျွန်မတို့က CB Bank နဲ့ Wave Money တို့နဲ့လည်း ပူးပေါင်းထားတဲ့အတွက် Grab ယာဉ်မောင်းတွေ အားလုံးဟာ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ခံစားခွင့်ရရှိနေကြပြီဖြစ်ပါတယ်။ လက်ရှိမှာ Grab အငှားယာဉ်မောင်းတွေဟာ Telenor ရဲ့ အင်တာနက်ဒေတာ Plan တွေကို ပိုမိုသက်သာတဲ့ဈေးနှုန်းတွေနဲ့ သုံးစွဲနိုင်ပြီး တစ်ကိုယ်ရည် ထိခိုက်မှုအာမခံကို ငွေကြေးတစ်စုံတစ်ရာ ပေးအပ်ရန်မလိုဘဲ အခမဲ့ရရှိနိုင်ပါတယ်။ Grab ရဲ့ တစ်ကိုယ်ရည်ထိခိုက်မှု အာမခံဟာ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ မတော်တဆဖြစ်ရပ်တစ်ခုအတွင်း သေဆုံးတာ၊ ခြေလက်အင်္ဂါ ချို့ယွင်းတာနဲ့ ဆေးဝါးကုသဖို့ ကုန်ကျတာတွေအတွက် ခံစားခွင့်ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်နှိုင်းယှဉ်ချက် . . .
Smartphone ကနေတဆင့် Application အသုံးပြုပြီး အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကနေ ကားငှားရမ်းတယ်ဆိုတာက အခုအချိန်ထိမြန်မာနိုင်ငံက ခရီးသည်တွေအတွက် အသစ်အဆန်းတစ်ခုဖြစ်နေပါသေးတယ်။ ဒါပေမဲ့လည်း ဒီမှာက နည်းပညာအသစ်တစ်ခုကို လက်ခံအသုံးပြုလာဖို့ဆိုတာ အလားအလာတွေ အများကြီးတွေ့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် မြန်မာနိုင်ငံက အင်တာနက်အသုံးပြုမှုနှုန်းလည်း မြင့်တက်လာနေပါတယ်။ ကျွန်မတို့အနေနဲ့လည်း လာမယ့်လတွေ၊ နှစ်တွေအတွင်းမှာ Application တွေ အသုံးပြုမှုမြင့်တက်လာဖို့ မျှော်မှန်းထားပါတယ်။ မြန်မာပြည်က အသုံးပြုသူတွေနဲ့ ကိုက်ညီအောင် ပြုလုပ်ပေးထားတဲ့ Product တစ်ခုလည်း ဖြစ်မယ်။ Product အကြောင်းကိုလည်း နားလည်အောင် သေချာပညာပေးရှင်းပြထားမယ်ဆိုရင် အငှားယာဉ်ငှားရမ်းဖို့အတွက် Grab Application ကိုအသုံးပြုတဲ့ ခရီးသည်တွေ ပိုမိုများပြားလာမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အခုဆိုရင် Grab Application ကို ဇော်ဂျီနဲ့ရော ယူနီကုဒ်နဲ့ပါအသုံးပြုနိုင်အောင် စီစဉ်ပေးထားတာကြောင့် Application ကို အသုံးပြုဖို့အတွက် ဘာသာစကားက အခက်အခဲတစ်ခု ဖြစ်မနေတော့ပါဘူး။
ပြည်တွင်းမှာ ဘယ်လို Strategy တွေသုံးပြီး ယှဉ်ပြိုင်သွားမလဲ . . .
ကျွန်မတို့ လုပ်ငန်းဝင်ရောက်လုပ်ကိုင်တဲ့ ဘယ်ဈေးကွက်မှာမဆို ပြည်တွင်းဈေးကွက်ရဲ့ လိုအပ်ချက်တွေကို သေချာနားလည်အောင်လုပ်ပါတယ်။ အဲဒီလိုအပ်ချက်တွေအပေါ်မူတည်ပြီးတော့မှ ကျွန်မတို့ Product ကို တည်ဆောက်ပါတယ်။ ဒါက ကျွန်မတို့နဲ့ တခြားသူတွေနဲ့ မတူညီတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း Grab က အရှေ့တောင်အာရှမှာ အငှားယာဉ်ဝန်ဆောင်မှုဈေးကွက်ဝေစုရဲ့ ၉၅ ရာခိုင်နှုန်းနဲ့ ဈေးကွက်ထဲက ကိုယ်ပိုင်ယာဉ်မောင်း ၇၁ ရာခိုင်နှုန်း ရရှိထားတဲ့ ထိပ်တန်းအငှားယာဉ်ဝန်ဆောင်မှုတစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင်လည်း Grab Taxi တွေကပေးတဲ့ အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကို ခရီးသည်တွေအနေနဲ့ နှစ်သက်လိမ့်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ Strategy ကတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် အကောင်းဆုံးသော အတွေ့အကြုံတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ယာဉ်တွေရဲ့အရည်အသွေး၊ ယာဉ်မောင်းတွေရဲ့ ဝန်ဆောင်မှုနဲ့ ဘေးကင်းလုံခြုံမှုတို့ကိုမြှင့်တင်ပြီး ရန်ကုန်မြို့ရဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း တိုးတက်အောင်ပြုလုပ်ဖို့ ရည်မှန်းထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ သန်းပေါင်းများစွာသော နေထိုင်သူတွေအတွက် အငှားယာဉ်ဝန်ဆောင်မှုရဲ့ အကျိုးကျေးဇူးတွေကို တိုးမြှင့်ဖို့အတွက် ရှေ့ဆက်လုပ်ဆောင်သွားပါမယ်။ ဒီအတွက် ရန်ကုန်မြို့က ခရီးသည်တွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ အငှားယာဉ်ငှားရမ်းစီးနင်းနိုင်မှာဖြစ်ပြီး မိတ်ဖက်ယာဉ်မောင်းတွေအနေနဲ့လည်း ဝင်ငွေတိုးတက်ဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ် . . .
အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို မြှင့်တင်ဖို့ Grab အနေနဲ့ ရန်ကုန်မှာ လုပ်ငန်းလည်ပတ်မှုတွေကို အဓိကအာရုံစိုက်ထားပါတယ်။ ရန်ကုန်မြို့မှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းအဆင့်အတန်း မြင့်မားလာအောင် အငှားယာဉ်တွေရဲ့ အရည်အသွေး၊ ယာဉ်မောင်းတွေရဲ့ ဝန်ဆောင်မှုနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံးခြုံမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာက နည်းပညာအသစ်တစ်ခုကို လက်ခံအသုံးပြုဖို့ အလားအလာကောင်းရှိတယ်ဆိုတာ ကျွန်မတို့ယုံကြည်ပါတယ်။ Grab အနေနဲ့ မြန်မာနိုင်ငံမှာ နည်းပညာရင်းနှီးမြှုပ်နှံမှုအသစ်တွေ၊ Driver Care အစီအစဉ်၊ ပြည်တွင်းမိတ်ဖက်လုပ်ငန်းတွေနဲ့ပူးပေါင်းခြင်းစသဖြင့် တိုးချဲ့လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Grab ရဲ့ တခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံကို ယူဆောင်လာဖို့ အခွင့်အရေးတွေကိုလည်း ချင့်ချိန်နေပါတယ်။
အယ်ဒီတာအဖွဲ့