အခွန် (Tax)

Degressive Tax နှုန်းထားတိုးမှု လျော့နည်းအခွန် . . .

ရေမြင့်ကြာမြင့် ဝင်ငွေမြင့် အခွန်မြှင့်ကောက်ရာတွင် နှုန်းထားလျှော့ကောက်သည့်စနစ်ဖြစ်သည်။ ပုဂ္ဂိုလ်များအပေါ် ကောက်ခံသည့်အခွန်များ ဝင်ငွေမြင့်လျှင် အခွန်တိုးကောက်သော်လည်း အခွန်နှုန်းထားတိုးမှု လျှော့၍ ကောက်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပုဂ္ဂိုလ်များအတွက် အမြင့်ဆုံးအခွန်နှုန်းသည် ၅၀ ရာခိုင်နှုန်း ဖြစ်သည်။ စုစုပေါင်းဝင်ငွေသည် ဒေါ်လာသုံးသိန်းဖြစ်စေ၊ ဒေါ်လာငါးသိန်းဖြစ်စေ၊ သို့မဟုတ် ဒေါ်လာ တစ်သန်းဖြစ်စေ၊ နှုန်းသည် ၅၀ ရာခိုင်နှုန်းချည်း ဖြစ်သည်။

Delayed Opening အချိန်နောက်ဆုတ်ဖွင့်ခြင်း . . .

စတော့တစ်ခု၏ အရောင်းအဝယ်ကို ပုံမှန်ဖွင့်ချိန်မှ ရွှေ့ဆိုင်းနောက်ကျဆောင်ရွက်ခြင်းကို ဒိုင်ကြီးကြပ်အရာရှိများက ဈေးကွက်အခြေအနေများအရ လိုအပ်သည်ဟု ယုံကြည်သဖြင့် ပြုလုပ်သည်။ ဥပမာ- ပုံမှန်မဟုတ်သည့် အလွန်များပြားသော ဝယ်ရောင်းအမိန့်စာ၊ သို့မဟုတ် အချိန်ပေးရန်လိုသော ကော်ပိုရေးရှင်းသတင်း (ကုမ္ပဏီကို အခြားကုမ္ပဏီသို့ လွှဲပြောင်းမည်၊ တင်ဒါခေါ်မည် စသဖြင့်) ကြောင့်ဖြစ်သည်။ အချိန်နောက်ဆုတ်ဈေးကွက်ဖွင့်ခြင်းကို ကုမ္ပဏီ၏ကမကထဖြင့် အရေးကြီးသော ကြေညာရန်ရှိသည့်အခါမျိုးတွင် ဖြစ်တတ်သည်။

Delinquent Tax ပေးရန်ကျန် (ပျက်ကွက်) အခွန် . . .

စေ့ရောက်ချိန် မပေးသောအခွန်ဖြစ်သည်။ ဒဏ်ကြေးများပါရှိပြီး အခြေပစ္စည်းခွန်တွင် ပိုင်ဆိုင်ပစ္စည်းပေါ် ပေါင်နှံသဘော TAX LIEN သက်ရောက်သည်။

Delisting စာရင်းမှ ပယ်ဖျက်ခြင်း . . .

စတော့ဒိုင်တွင် ယခင်ကစာရင်းပါသည့် စတော့တစ်ခုကို စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်သည်။ စာရင်းတွင်ပါရှိရန် စတော့ထုတ်ရောင်းမည့် ကုမ္ပဏီသည် ဒိုင်ကသတ်မှတ်ထားသော အရည်အချင်းများ ဖြည့်ဆည်းရသည်။ (အသေးစိတ်ကို စတော့ဒိုင် Stock Exchange အောက်ကြည့်ပါ။) ယင်းလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းရပြီး ဆောင်ရွက်ပါက စတော့ကို ယာယီရပ်ဆိုင်းခြင်း၊ သို့မဟုတ် အပြီးအပိုင်ပယ်ဖျက်ခံရသည်။

Delivered Pricing အရောက်ဈေး . . .

ပို့ဆောင်သယ်ယူခပါခွင့်ပြုဈေး Freight-allowed လည်းဖြစ်သည်။ ကုန်ဖိုးငွေတွင် ဝယ်သူလုပ်ငန်း ရှိရာအရပ်၊ သို့မဟုတ် အနီးဆုံးစခန်းထိ သယ်ယူပို့ဆောင်ခ ပါဝင်သောဈေးနှုန်းသတ်မှတ်သည့်စနစ်ဖြစ်သည်။ အရောက်ဈေးကို ကုန်ဖိုးတွင် သယ်ယူပို့ဆောင်ခပါ ရိုးရိုးလေးပေါင်းထည့်နိုင်၏။ ယင်းသို့ဆိုပါက အရောက်ဈေးသည် သင်္ဘောပေါ်ရောက်ဈေး FOB နှင့်မတူခြားနားသည်မှာ ကုန်စည်လမ်းခုလတ်တွင်ရှိစဉ် ပိုင်ရှင်၏အမည်သာပေါက်ပြီး လမ်းခုလတ်တွင် ပျက်စီးဆုံးရှုံးငွေအတွက် ပိုင်ရှင်ကသာ အာမခံအတွက် တောင်းခံပေးရသည်။ သို့ရာတွင် ရောင်းသူသည် ပုံသေအရောက်ဈေးဖြင့်လည်း ဈေးဖော်ပြနိုင်သည်။ ထိုသို့ဖြစ်ပါက မည်သည့်အရပ်သို့ပို့ရမည်ဖြစ်စေ ဈေးအတူတူပင်ဖြစ်သည်။ ဈေးနူန်းတွင် ရောင်းသူက ကုန်ကျမည့် ပျမ်းမျှသယ်ယူပို့ဆောင်ကုန်ကျငွေကို ကာမိစေမည်။ ရပ်ဝေးရှိဝယ်သူကို အနီးရှိ ဝယ်သူထက် ပိုအခွင့်ပေးသော ခွဲခြားဆက်ဆံမှုဖြစ်စေ၏။ သယ်ယူပို့ဆောင်ခ အလွန်ကြီးမားက တစ်ပြည်လုံးအတွက် တူညီသော အရောက်ဈေးနှုန်းကျင့်သုံးရာတွင် တစ်ပြည်လုံးကို ဇုန်များခွဲ၍ ဇုန်အလိုက် တူညီသောအရောက်ဈေး သတ်မှတ်နိုင်၏။ ဇုန်တစ်ခုအတွင်း ဝယ်သူရှိရာ အကွာအဝေးအလိုက် ခွဲခြားမှုဖြစ်စေပြန်၏။ ရောင်းသူအနေဖြင့် အရောက်ဈေးထုတ်ပြန်ကြော်ငြာရာ၌ မိမိစက်ရုံမှ ဝေးကွာမှုထက်ပိုနီးသော ပြိုင်ဘက်စက်ရုံမှ အကွာအဝေးပေါ်အခြေခံပြီး ခြားနားသယ်ပို့စရိတ်ကို ကိုယ်တိုင်ကျခံသည်။ Freight Absorption ကျင့်စဉ်ကို သယ်ယူစရိတ်ညှိနှိုင်းညီမျှခြင်း (Freight Equalization) ဟုခေါ်သည်။ သယ်ယူစရိတ် ညီမျှစေရာမှာလည်း ရောင်းသူ၏ တူညီသောကုန်စည်အပေါ် အမြတ်အစွန်းမှာလည်း ဝယ်သူ၏ အရပ်အနီးအဝေးပေါ်တည်၍ ပြောင်းလဲကွာခြားသဖြင့် ခွဲခြားမှုရှိ၏။ အရောက်ဈေးနှုန်း အခြားပုံစံတစ်ခုကို အခြေခံအမှတ်ပေါ် အခြေပြုစနစ် (BASING POINT SYSTEM) ကို ကြည့်ပါ။

taxumawthan

Delivery အရောက်ပို့ဆောင်ပေးခြင်း . . .

၁။ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဝယ်ယူသည့်ကုန် သယ်ယူပို့ဆောင်ပေးပြီး သတ်မှတ်နေရာအရပ်သို့ ဆိုက်ရောက်ခြင်းဖြစ်သည်။ ပို့ဆောင်မှုအတွက် သတ်မှတ်ချက်သည် အဝယ်စာချုပ်တွင် များစွာအရေးကြီးသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများက ဝယ်ယူသောကုန်များတွင် ပစ္စည်းကို ကတိအတိုင်း လက်ခံမရပါက များစွာထိခိုက်နစ်နာ၏။ ကုမ္ပဏီများကပို့ဆောင်ရန် ပျက်ကွက်တတ်သဖြင့် ကုန်စည်ပြတ်လပ်မှုမရှိစေရန် အမြန်ဆောင်ရွက်ပေးသူများ ခန့်ထားဆောင်ရွက်ကြသည်။

၂။ ဥပဒေကြောင်းတွင် နာမည်လွှဲပြောင်းပြီး ကုန်စည်၊ သို့မဟုတ် အခြားပိုင်ဆိုင်ပစ္စည်း အပြီးသတ် အပ်နှံခြင်းဖြစ်သည်။ အိမ်ရာမြေ အရောင်းအဝယ်များတွင် စာချုပ်ကို ဝယ်သူ၏လက်ဝယ်ရောက်ရှိမှသာ အမည်ပေါက်သည်။ ကုန်စည်ရောင်းချရာ၌ အရောင်းအဝယ်စာချုပ်က ရောင်းသူအား ကုန်စည်ကို အရောက်ပို့ရန်၊ သို့မဟုတ် သတ်မှတ်နေရာပို့ရန် ပို့ဆောင်ခကို ကျခံရမည်ဟုပါရှိပါက အမည်ပေါက် ပိုင်ဆိုင်မှု ထိုသို့ဆောင်ရွက်ပြီးမှ အထမြောက်သည်။

Delphi Forecast ဒယ်ဖီကြိုတင်မှန်းခြေ . . .

အမှုဆောင်ဂျူရီသဘောထား Jury-of-executive opinion လည်းဖြစ်သည်။ ကနဦး စစ်ဘက်တွင် နည်းပညာစီမံမှုတွင် ကျယ်ပြန့်စွာသုံးပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများနှင့် ဘောဂဗေဒပညာရပ်တွင် သုံးသော ကြိုတင်ခန့်မှန်းနည်းတစ်ခုဖြစ်သည်။ ကျွမ်းကျင်ပညာရှင်တစ်ဖွဲ့ကို ရွေးချယ်ပြီး တစ်ဦးချင်းအား မှန်းခြေပြုလုပ်မှုဆိုင်ရာ သတင်းအချက်အလက်များပေး၍ တစ်ဦးချင်း မှန်းခြေပြုလုပ်စေသည်။ တစ်ဦးချင်းသည် အခြားကျွမ်းကျင်သူများ ပြုလုပ်ထားသော မှန်းခြေများဖတ်ရှုခွင့်ရပြီး မိမိ၏မှန်းခြေကို ဆန္ဒရှိပါက ပြန်လည်ပြင်ဆင်စေသည်။ ထွက်ပေါ်လာသည့်ရလဒ်သည် ပိုမိုမြင့်မားမှန်ကန်သော ရှေ့ကာလတွက်ချက်မှု ဖြစ်သည်ဟု မှတ်ယူသည်။

Demand ဝယ်လိုအား . . .

ဘောဂဗေဒသီအိုရီတွင် ဖော်ပြပါကုန်စည်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုး၏ဦးရေကို ဖော်ပြပါဈေးနှင့် ဖော်ပြပါအချိန်ကာလတစ်ခုအတွင်း ဝယ်သူများ ဝယ်ယူလိုခြင်း ဖြစ်သည်။ စီးပွားရေးပညာရှင်များ စိတ်ဝင်စားသော ဝယ်လိုအားသည် သက်ရောက်မှုရှိ ဝယ်လိုအား ဝယ်ရန် ဆန္ဒရှိရုံမက ငွေပေးနိုင်သော ဝယ်နိုင်သော ဝယ်လိုအား ဖြစ်သည်။ ဈေးနှုန်းအသီးသီးနှင့် ဝယ်ယူမည့်ဦးရေ ပမာဏဆက်စပ်မှုကို ဝယ်လိုအားပြဇယား Demand Schedule (ပုံ ၂၀) ၊ သို့မဟုတ် ဂရပ် (ဝယ်လိုအားလျှောစောက် DEMAND CURVE ကြည့်) ဖြင့် ပြနိုင်သည်။ ဥပဒေတစ်ရပ်အဖြစ် ဈေးနှုန်းလျှော့သည်နှင့် ကုန်စည်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် ဝယ်ယူလိုသော စီးရေအမှတ်တစ်ခုထိ တိုးမြှင့်သွားမည်။

ဤဥပဒေသကို ဝယ်လိုအားဥပဒေသ Law of Demand ဟုသိထားကြသည်။ သို့ရာတွင် အချို့ကုန်စည်အတွက် ဝယ်လိုအားသည် ဈေးနှုန်းမည်မျှနိမ့်နိမ့် တိုးမည်မဟုတ်ပေ။ ပေါင်မုန့်တစ်လုံး၏ ဈေးသည် ဆင့် ၅၀ မှ လျှော့၍သက်သာသည့်တိုင် အနည်းငယ်သာ ပိုဝယ်မည်။ အလားတူ အင်ဆူလင်ကဲ့သို့ ဆီးချိုအတွက် ဆေး ဈေးလျှော့သည့်တိုင် ဝယ်လိုအားပေါ် သက်ရောက်မှုရှိမည်မဟုတ်၍ ဆေးထုတ်သူများက ဈေးလျှော့ခြင်း မပြုကြ။ ဈေးနှုန်းအပြောင်းအလဲနှင့် ဝယ်လိုအားတုံ့ပြန်ချက် အတိုင်းအတာကို ပျော့ပျောင်းမှု ELASCITY def 1 ကြည့်ပါ။ စုစုပေါင်းဝယ်လိုအား AGGREGATE DEMAND; ဝယ်လိုအားတွင်ရှိအပိုင်း COMPOSITE DEMAND; ရွှေ့ဆိုင်းဝယ်လိုအား DEFERRED DEMAND; ဆင့်ပွားဝယ်လိုအား DER-IVED DEMAND; ကြိုတင်ခန့်မှန်းခြင်း FORECA-STING; အရည်သွေးညံ့ကုန် INERIOR GOOD; ပူးတွဲဝယ်လိုအား JOINT DEMAND; ရောင်းလိုအား SUPPLY တို့တွင်လည်း ကြည့်ပါ။

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း) )