ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးမှာဖြစ်ဖြစ်၊ လူမှန်၊ နေရာမှန် ဖြစ်ဖို့ဟာ လုပ်ငန်းအောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေထဲမှာ အရှားပါးဆုံး၊ ဈေးအကြီးဆုံးတွေထဲမှာ ပါဝင်နေတာကတော့ အလုပ်အတွက် သင့်တော်တဲ့ လူတွေဖြစ်တယ်။ အရည်အချင်း စီမံခန့်ခွဲတတ်ရင် ဒီလိုလူမျိုးတွေ စဉ်ဆက်မပြတ် ရရှိနေမှာဖြစ်တယ်။
အယူအဆ . . .
လူတော်တွေကို အရှာရခက်တယ်။ လူဦးရေနည်းလိုက်လာတဲ့ ကာလ၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ လူတော်တွေ၊ အရည်အချင်းရှိသူတွေကိုရဖို့ ခက်ခဲလာနေတယ်၊ ပိုပြီးယှဉ်ပြိုင်နေရတယ်။ ဒါကို ဖြေရှင်းပေးနိုင်တာကတော့ အရည်အချင်းစီမံခန့်ခွဲရေးပဲ ဖြစ်တယ်။ လူမှန်နေရာမှန် လုပ်နိုင်တဲ့လူတွေကို ဆွဲဆောင်နိုင်ရေး ၊ သူတို့ကို ပိုတော်လာအောင်လုပ်ရေး၊ တခြားကိုပြောင်းမသွားဘဲ ဆက်နေသွားအောင် ထိန်းထားနိုင်ရေးပဲဖြစ်တယ်။
အရည်အချင်းအရှိဆုံး လူတွေကို ပြုစုပျိုးထောင်ဖို့၊ ပိုပြီးတော်လာအောင်လုပ်ဖို့နဲ့ သူတို့ကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် သက်ဆိုင်ရာအကြောင်းအရာကို နက်နက်ရှိုင်းရှိုင်း ဂဃနဏ နားလည်ကျွမ်းကျင်မှုတွေ လိုတယ်။ အရည်အချင်းစီမံခန့်ခွဲမှုကို သိသိသာသာထင်ရှားစွာ အာရုံစိုက်လုပ်ကိုင်ခြင်းရဲ့ အရေးကြီးပုံကို Mellon ကုမ္ပဏီကို ကြည့်ရင် အထင်အရှားတွေ့နိုင်တယ်။ ဒီကုမ္ပဏီဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတစ်လျှောက် သမားရိုးကျ ဘဏ်လုပ်ငန်းအဆင့်ကနေ ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒီကုမ္ပဏီရဲ့ စိန်ခေါ်မှုကဘာလဲဆိုရင် လုပ်ငန်းသစ်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေကို ဖန်တီးဖို့ပဲဖြစ်တယ်။ မိမိရဲ့ဘဏ်နဲ့ ဆက်သွယ်လုပ်ကိုင်နေသူတွေရဲ့ လုပ်ငန်းတွေကိုလည်း ကူညီကြော်ငြာပေးဖို့နဲ့ ဈေးကွက်သစ်တွေ ချဲ့ထွင်ဖို့တွေပဲဖြစ်တယ်။ အဲဒီလိုလုပ်တဲ့အခါ ကျွမ်းကျင်မှုအသစ်တွေကို လိုတယ်။ လုပ်နည်းလုပ်ဟန်လည်း ပြောင်းဖို့လိုလာတယ်။ ဒါ့ကြောင့်ဒီကုမ္ပဏီဟာ CEO ဖြစ်သူ Marty Miguim ရဲ့ ဦးဆောင်မှုနဲ့ ကုမ္ပဏီအတွင်းမှာပဲ အရည်အချင်းစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ချက်အတော်များများကို စတင်လုပ်ကိုင်ပါတော့တယ်။ ဦးဆောင်မှုဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေကို အထူးကျွမ်းကျင်သူတွေ ပို့ချကြတယ်။ ကုမ္ပဏီရဲ့ ဌာနစိတ်တွေက ဝန်ထမ်းဟောင်းတွေကို သင်ကြားပေးတယ်။ စီမံခန့်ခွဲရေး အထက်တန်းအဆင့်ဝန်ထမ်းတွေကို သင်ကြားပေးတယ်။ စီမံခန့်ခွဲရေး အထက်တန်းအဆင့် ဝန်ထမ်းတွေ၊ မန်နေဂျာတွေက ခေါင်းဆောင်ဖြစ်လာစ ဝန်ထမ်းတွေ ရှိအပ်တဲ့အရည်အချင်း ကျွမ်းကျင်မှုများ အကြောင်းရှင်းပြပြီး အကူအညီတွေလည်းပေးတယ်၊ အရည်အချင်းစီမံခန့်ခွဲမှုဟာ ဒီကုမ္ပဏီရဲ့ အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန် . . .
အဓိကကျတဲ့ ကိစ္စအတော်များများကို ကိုင်တွယ်ဖြေရှင်းလုပ်ဆောင်နိုင်ရင် အရည်အချင်းစီမံခန့်ခွဲမှုကို အာရုံစိုက်လုပ်ကိုင်လာနိုင်မှာ ဖြစ်တယ်။
ကုမ္ပဏီအတွင်း ဝန်ထမ်းအချင်းချင်း ဆက်ဆံရေး၊ စနစ်နဲ့စီမံခန့်ခွဲရေးအပိုင်း၊ တစ်ဦးနဲ့တစ်ဦးအမြင် သဘောထားယုံကြည်ချက်စတာတွေနဲ့ ပတ်သက်ပြီး သိထားဖို့လိုတယ်။ မိမိဦးစားပေးချင်တာတွေက ဘာတွေလဲ ကုမ္ပဏီတွင်းမှာ လိုချင်တဲ့အတွေးအမြင်တွေရှိပြီလား၊ ဝန်ထမ်းအားလုံးဟာ သင်ရဲ့မျှော်မှန်းချက်နဲ့ အဓိကတန်ဖိုးထားတာတွေကို နားလည်နေပြီလား၊ ဝန်ထမ်းတွေ နေ့စဉ်နေ့တိုင်း အလုပ်လာလုပ်နေတာဟာ ဘာကြောင့်များပါလဲ၊ သူတို့အချင်းချင်းမှာရော၊ ဖောက်သည်တွေနဲ့ပါ အချင်းချင်းသဘောထားတွေ၊ ပြုမူဆက်ဆံနေကြတာတွေဟာ ဘာကြောင့်ပါလဲ။
ဝန်ထမ်းရွေးချယ်ခန့်ထားရေးမှာ လူမှန်နေရာမှန် ဖြစ်ရေးအတွက် ဘယ်လိုသတ်မှတ်ပြီး ရွေးသလဲ၊ အခုနဲ့နောင်တစ်ချိန် လိုအပ်တဲ့အရည်အချင်းတွေကို ပီပီပြင်ပြင် နားလည်ပါသလား။ အတော်ဆုံးလူကို ရရဲ့လား။
လုပ်ငန်းပြီးစီးမှုနဲ့ပတ်သက်ပြီး သင်ဟာ တက်ကြွစွာ စီမံခန့်ခွဲနေပါသလား။ ဝန်ထမ်းလုပ်ထားတဲ့ အလုပ်ကို စိစစ်ခြင်း၊ အကြံပေးဝေဖန်ခြင်းပြုပါသလား၊ ဝန်ထမ်းတွေ လုပ်ရည်ကိုင်ရည်တိုးတက်အောင် သင်ပေးပါသလား။
ဝန်ထမ်းတွေ အရည်အချင်းဖွံ့ဖြိုးလာအောင် လိုအပ်တဲ့အရင်းအမြစ်တွေ သင့်မှာရှိသလား။ ဝန်ထမ်းအားလုံးကရော သူတို့မှာ အရည်ချင်းတိုးတက်ရေးအတွက် ကိုယ်ပိုင်အစီအစဉ်ရှိကြသလား။
ချီးမြှင့်ငွေကို လျော်ကန်သင့်မြတ်စွာပေးရဲ့လား သင်ပေးတဲ့ဘောနပ်ဆုကြေးငွေဟာ ဝန်ထမ်းအလုပ် ဆောင်ရွက်မှုကောင်းလာရေးအတွက် အားပေးနိုင်ပါသလား။
ရာထူးဆက်ခံရေး အစီအစဉ်၊ ဦးဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေးအတွက် အထူးသဖြင့် အဓိက တာဝန်လုပ်ငန်းတွေအတွက် ဆက်ခံတာဝန်ယူရေး အစီအစဉ်တွေ ရှိပြီလား။
ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးမျိုး ထုတ်လုပ်ဆောင်ရွက်ရေး၊ လိုက်နာဆောင်ရွက်ရေးနဲ့ လုပ်နည်းလုပ်ထုံးများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမှာတွေကတော့ သင့်ရဲ့ ဝန်ထမ်းတွေဟာ ဖောက်သည်တွေ အကြိုက်လုပ်သလား၊ ဈေးကွက်နဲ့ အံဝင်ခွင်ကျရဲ့လား၊ တရားဥပဒေတွေနဲ့အညီ လုပ်ကိုင်ပါသလား၊ သင့်စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက လူတွေနဲ့ရော ဝန်ထမ်းတွေနဲ့ပါ ဆက်ဆံရေးတွေကောင်းအောင် ဆောင်ရွက်လုပ်ကိုင်နေပါသလားဆိုတာတွေကို လုပ်ရမှာ ဖြစ်ပါတယ်။
ညွှန့်သောင်း