စူပါဝူးမင်း အန်တီကရန်

auntykaryan

ဆရာမက ကျောင်းသားကျောင်းသူတွေကို မိဘတွေဆီက မိသားစုပုံပြင်တစ်ပုဒ်စီ နားထောင်လာပြီး အတန်းထဲမှာ ပြန်ပြောရမယ်၊ ပုံပြင်တိုင်းမှာလည်း သင်ခန်းစာ တစ်ခုစီပါစေရမယ်လို့ မှာလိုက်ပါသတဲ့။ နောက်နေ့ကျ ဂျွန်စပြောတဲ့ပုံပြင်က သူ့ဖေဖေက လယ်သမားဖြစ်ပြီး ကြက်တွေမွေးထားပါသတဲ့။ တစ်နေ့မှာ ကြက်ဥတွေ တော်တော်ရလို့ သွားရောင်းဖို့ရာ ခြင်းတစ်ခုထဲထည့်ပြီး ကုန်တင်ကားရှေ့ခန်းမှာထားပြီး ဈေးကို မောင်းရာလမ်းမှာ လမ်းကြမ်းတော့ ကားဆောင့်တာနဲ့ ခြင်းအောက် ပြုတ်ကျပြီး ကြက်ဥတွေ ကွဲကုန်သတဲ့။ သင်ခန်းစာကတော့ ရသမျှကြက်ဥအားလုံးကို ခြင်းတစ်ခုထဲ ထည့်မယူသင့်ဘူးတဲ့။ ဆရာမက ကောင်းတယ်လို့ မှတ်ချက်ပေးပြီး မေရီပြောအလှည့်မှာတော့ သူ့ဖေဖေကလည်း လယ်သမားပဲတဲ့။ သူတို့ မိသားစုက ကြက်ဥအလုံး ၂၀ ကနေ ကြက်ကလေးတွေ ပေါက်လာဖို့ တွက်ချက်စောင့်ကြည့်နေကြသတဲ့။ ဒါပေမဲ့ တကယ်ပေါက်တော့ ကြက်ဥ ၂၀ ကနေ ကြက်ကလေး ဆယ်ကောင်သာ ပေါက်သတဲ့။ သင်ခန်းစာကတော့ ကြက်ဥက ကြက်ကလေးတွေမပေါက်ခင် ကြိုမရေတွက်သင့်ဘူးတဲ့။ ဒါလည်း ကောင်းတဲ့ပုံပြင်ပဲလို့ ဆရာမကဆိုပြီး ဘန်နီကလေးရဲ့အလှည့်ကျတော့ ဘန်နီက ''ဒါက ကျွန်တော့်ဖေဖေ ပြောတဲ့ပုံပြင်ဖြစ်ပြီး ကျွန်တော့်အဒေါ် အန်တီကရန် အကြောင်းပါ'' လို့ အစချီသတဲ့။ အန်တီကရန်ဟာ လေတပ်စစ်သမီးတစ်ယောက်ဖြစ်ပြီး ရန်သူ့နယ်မြေထဲမှာ သူ့လေယာဉ်ပစ်ချခံရလို့ လေထီးနဲ့ ခုန်ဆင်းရသတဲ့။  သူ့မှာက ဝီစကီတစ်ပုလင်း၊ စက်သေနတ်တစ်လက်နဲ့ ဓားရှည်တစ်လက်ပဲပါပြီး ရန်သူအယောက်တစ်ရာလောက် ကြားထဲရောက်သွားတယ်လို့ ဘန်နီကပြောသတဲ့။ ဆရာမက စိတ်ဝင်စားသွားပြီး ''အေး၊ ဆက်ပါဦး'' လို့ ပြောလိုက်သတဲ့။ ဘန်နီက ပုံပြင်ကို ဆက်ရာမှာ အန်တီကရန်ဟာ ဝီစကီတစ်ပုလင်းလုံးသောက်လို့ ရဲဆေးတင်လိုက်ပြီး စက်သေနတ်နဲ့ ကျည်ဆန်တွေကုန်တဲ့အထိ ပစ်လိုက်တာ ရန်သူ ၇၀ သေသွားသတဲ့။ နောက်တော့ ရန်သူ ၂၀ ကို ဓားရှည်နဲ့ ခုတ်သတ်လိုက်တာ ဓားတောင်ကျိုးသွားတယ်တဲ့။ ကျန်ဆယ်ယောက်ကိုတော့ အန်တီကရန်က လည်ပင်းညှစ်သတ်ပစ်လိုက်တာ ရန်သူတွေ အကုန်သေကုန်ရောဆိုပြီး ပုံပြင်ကိုအဆုံးသတ်လိုက်သတဲ့။ ဆရာမက ''အင်း၊ အဲဒီပုံပြင်ရဲ့ သင်ခန်းစာက ဘာလဲ'' ဆိုတော့ ဘန်နီလေးက... ''အင်း..၊ ဖေဖေက သင်ခန်းစာပေးတာက မင်းတို့တစ်တွေ အန်တီကရန် မူးနေရင် ဘယ်သူမှ အနားမကပ်ကြနဲ့'' တဲ့။

ဥပဒေသ ။ ။ လုပ်ရပ်ရဲ့ ရလဒ်ကိုပဲကြည့်ပြီး လူတော်လူကောင်းပဲလို့ထင်ရင် အမှားကြီးမှားတတ်ပါတယ်။

အပြုံးနှင့်စီမံ အပြုံးနှင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်