အလစ်အငိုက်တိုက်ခိုက်ရေး အစီအစဉ်ရေးဆွဲပါ

sunzu2018apr1

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်

------------------------------

ရန်သူက အေးအေးဆေးဆေးဖြစ်နေတဲ့အချိန်မှာ သူ့ကို မောပန်းသွားအောင် လုပ်လို့ရတယ်။ အစားအသောက် ပြည့်စုံနေတဲ့အခါ ငတ်သွားအောင် လုပ်လို့ရတယ်။ အဲသလို ဘာကြောင့်လုပ်နိုင်ရသလဲဆိုရင် ရန်သူက မြန်မြန်ဆန်ဆန် ခုခံရတော့မယ့်အခြေအနေမှာ သင်ရောက်နေလို့ဖြစ်တယ်။

သင်ဟာ မမောမပန်းဘဲ ခရီးရှည်ချီတက်သွားနိုင်တယ်ဆိုရင် ဒါဟာ အဲဒီနေရာမှာ ရန်သူမရှိလို့ဖြစ်တယ်။

တိုက်ခိုက်ကာ ရန်သူကို သိမ်းပိုက်နိုင်တယ်ဆိုတာ ရန်သူက မခုခံလို့၊ ဒါမှမဟုတ် မခုခံနိုင်လို့ဖြစ်တယ်။

သင်တိုက်ခိုက်တဲ့နေရာကို ဆက်လက်ထိန်းထားနိုင်တာဟာ ရန်သူက အလျင်အမြန်မတိုက်ခိုက်နိုင်လို့ ဖြစ်တယ်။

ဒါကြောင့် စီးနင်းဝင်ရောက်တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ကြသူများနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ရန်သူဟာ ဘယ်နေရာမှာ ခုခံကာကွယ်ရမှန်း မသိတော့ဘူး။ ခုခံတိုက်ခိုက်ရေးမှာ ကျွမ်းကျင်ကြတဲ့သူများနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြရတဲ့ ရန်သူများဟာ ဘယ်နေရာမှာ တိုက်ခိုက်ရမှန်းမသိတော့ဘူး။

ရန်သူရဲ့ ပျော့ကွက်ကို ထိုးနှက်တိုက်နိုင်ရင် ရန်သူဟာ သင့်ရဲ့ထိုးစစ်ကို ခုခံနိုင်မှာ မဟုတ်ဘူး။ ဆုတ်ခွာရတဲ့အခါ မြန်မြန်ဆုတ်ခွာရင် လိုက်လို့လည်း မီမှာမဟုတ်ဘူး။

sunzu2018apr2

မန်နေဂျာရဲ့ရှုထောင့်မှ သုံးသပ်ချက်

------------------------

(Southwest Airlines) ဟာ သူပျံသန်းမယ့် ခရီးစဉ်လမ်းကြောင်းများကို ကြိုတင်ကြေညာခြင်းမပြုဘဲ အနားကပ်ပြီး ကြေညာလေ့ရှိပါတယ်။ ဒီတော့ ယှဉ်ပြိုင်ဘက်လေကြောင်းလုပ်ငန်းတွေဟာ အငိုက်မိသွားကြတယ်။ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စဉ်းစားဖို့ အချိန်မရလိုက်ဘူး ဖြစ်သွားတယ်။

မိမိလှုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်တွေကို ဘယ်သူမှမသိအောင် လျှို့ဝှက်ထားခြင်းဟာ ပေါ်ပေါ်ထင်ထင် ဆောင်ရွက်လုပ်ကိုင်ခြင်းထက်ပိုပြီး ပြိုင်ဘက်တွေကို ကြောက်လန့်သွားစေတယ်။ ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းရှင်များဟာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်မတင်မီ အများပြည်သူများကို ကြိုတင်အသိပေးကြေညာခြင်း မပြုကြဘူး။ လျှို့ဝှက်ထားခြင်းဟာ ဖော်ထုတ်ကြေညာခြင်းထက် ပြိုင်ဘက်တွေကို ကြောက်လန့်စေတာ ဖြစ်တယ်။ ဒီလိုလုပ်တာမျိုးနဲ့ပတ်သက်ပြီး (Rupert Murdoch) ကို နမူနာထားပြီး စတော့ဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ''Rupert Murdoch ရဲ့ လုပ်ငန်းလုပ်ကိုင်နည်းတွေထဲက တစ်ခုကတော့ သူဟာ ဝှက်ဖဲနဲ့ ကစားလေ့ရှိတဲ့နည်းဖြစ်တယ်'' လို့ ပြောပါတယ်။

sunzu2018apr3

လျှို့ဝှက်ထားခြင်းဟာ မိမိရဲ့လုပ်ငန်းစဉ်ကို အကာအကွယ်ယူထားခြင်းဖြစ်တယ်။ ရုတ်တရက်ထပြီး လုပ်ကိုင်လိုက်ခြင်းဟာ ပြိုင်ဘက်ကို စိတ်ရှုပ်သွားစေနိုင်တယ်။ အဲသလိုဖြစ်သွားတဲ့အခါ အဲဒီပြိုင်ဘက်က ''ကျုပ်က ဈေးကွက်ကို အကဲခတ်ရာမှာ လွဲသွားတယ်ဗျာ'' လို့ ပြောကောင်းပြောလာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ပြိုင်ဘက်တွေကို အလစ်အငိုက်ဖမ်းရမယ်လို့ မဆိုလိုပါဘူး။ ပြိုင်ဘက်ဟာ သိတာနောက်ကျသွားလို့ ထိထိရောက်ရောက် မတုံ့ပြန်နိုင်ဘဲဖြစ်သွားအောင်သာ လုပ်ဖို့လိုတာဖြစ်တယ်။

သင့်ရဲ့ လက်ရှိလုပ်ငန်းအနေအထားဟာ အားပျော့ကောင်း ပျော့နေနိုင်တယ်။ ဒါပေမယ့် သင့်ရဲ့အနေအထားကနေ ရန်သူကို အာရုံလွှဲပစ်လိုက်နိုင်တဲ့နည်းတွေ ရှိတယ်။ ဥပမာ- သင့်ကိုအကျိုးရှိစေမယ့် ကောလဟလတွေကို လွှင့်ထုတ်ခြင်းပါပဲ။ အမေရိကန်ပြည်တွင်းစစ်မှာ စစ်ဗိုလ်ချုပ် (Grant) ဟာ အောင်ပွဲတွေခံရတာဟာ သူတို့ဘာသာ ဘာလုပ်မယ်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးဘဲ နေခဲ့လို့ဖြစ်တယ်။

အလစ်အငိုက် လုပ်ကိုင်ဆောင်ရွက်ခြင်းများ မြန်ဆန်နိုင်ဖို့လိုပါတယ်။ ဆောင်ရွက်ဖို့ အချိန်အကြာကြီးဆွဲနေရင်၊ ပြိုင်ဘက်က ရိပ်မိသွားမှာဖြစ်တယ်။ ဒါကြောင့် မိမိရဲ့ပြိုင်ဘက်မှာရှိနေတဲ့ အားနည်းချက်ကို အာရုံစိုက်ပြီး လျင်လျင်မြန်မြန် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပါ။

ညွန့်သောင်း