စီမံချက်ရေးဆွဲခြင်း
မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း ၁)
ဆွန်ဇူးရဲ့အဆိုအမိန့်ကို စီးပွားရေးမန်နေဂျာတစ်ဦးရဲ့ ရှုထောင့်ကနေ သုံးသပ်ချက် . . .
လုပ်ငန်းအောင်မြင်ရေးရဲ့အခြေခံလိုအပ်ချက်ကတော့ အကဲဖြတ်သုံးသပ်မှုကောင်းခြင်းပဲဖြစ်တယ်။
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ကုန်ပစ္စည်းပိုကောင်းလာအောင် လုပ်တာတွေ နည်းပါးလာတာကို မန်နေဂျာပိုင်းက ပုဂ္ဂိုလ်တွေက တွေ့သွားကြတယ်။ ဒီအချက်ကို အကဲဖြတ်သုံးသပ်ကြည့်တဲ့အခါ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလာရတယ်။ ကုန်ပစ္စည်းအရည်အသွေးတွေ ပိုကောင်းလာအောင် လုပ်ရတဲ့အလုပ်ဟာ စုပေါင်းလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်လို့ မန်နေဂျာပိုင်းက ပုဂ္ဂိုလ်တွေက ပြောနေကြပေမယ့် အကဲဖြတ်သုံးသပ်ကြည့်တဲ့အခါ အဲဒီအလုပ်တွေထဲ အလုပ်ဆယ်ခုကို လူနှစ်ယောက်က ဦးဆောင် စတင်လုပ်ကိုင်ခဲ့ကြတာဖြစ်ကြောင်း သိရတယ်။ ပိုကောင်းအောင်လုပ်တဲ့လုပ်ငန်းတွေ နည်းပါးလာရတဲ့အကြောင်းရင်းက အဲဒီလူနှစ်ယောက်ဟာ ဒီအလုပ်နဲ့မဆိုင်တဲ့ ရာထူးနေရာကို ရွှေ့ပြောင်းသွားကြလို့ ဆိုတာတွေ့ရတယ်။
သုံးသပ်အကဲဖြတ်မှုလုပ်တိုင်း လက်ရှိဖောက်သည်တွေနဲ့ပဲ လုပ်ငန်းကို တိုးပြီးလုပ်နိုင်ရေးအတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့အချက်ကို ထည့်တွက်ရမှာဖြစ်တယ်။ Ogilvy & Mather ကုမ္ပဏီဟာ အဲဒီလို အကဲဖြတ်သုံးသပ်ခဲ့ဖူးတယ်။ ကုန်အရောင်းပမာဏအများဆုံးကုမ္ပဏီနဲ့ အမြတ်ပမာဏအများဆုံးဟာ ဖောက်သည်ဟောင်းတွေကြောင့်ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရတယ်။
ဒီခေတ်စီးပွားရေးလုပ်ငန်းလောကမှာ လုပ်ချင်ဇောကြီးပြီး စီမံချက်မရေးဆွဲခင် အခြေအနေကို ကြိုတင်အကဲဖြတ် သုံးသပ်ခြင်းမပြုကြတာများတယ်။ ဒါကြောင့် မလုပ်သင့်တာတွေ လုပ်မိတတ်ကြကာ အများကြီး ကြိုးစားအားထုတ်လုပ်ကိုင်ထားတာတွေဟာ အလဟဿဖြစ်ကြရမှာပါပဲ။
အကဲဖြတ်သုံးသပ်ခြင်းဆိုတာ အချက်အလက်တွေနဲ့ အတွေးအမြင်တွေ ရရှိရေးအတွက် လုပ်ကိုင်ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ အကဲဖြတ်ဆုံးဖြတ်တဲ့အလုပ်ကို အဖွဲ့အစည်းအတွင်းမှာရော အပြင်ကပါ လုပ်လို့ ရပါတယ်။ လူတွေတစ်ယောက်ချင်း လုပ်လို့ရသလို လူတစ်ဦးတည်းကလည်း လုပ်လို့ရတယ်။ ဒါအပြင် အဖွဲ့အစည်းရဲ့ အောက်ခြေပိုင်းကစပြီး ထိပ်ဆုံးပိုင်းအထိ တွေ့ဆုံမေးမြန်းကြည့်ခြင်းဖြင့် လုပ်လို့ရပါသေးတယ်။
အကဲဖြတ်သုံးသပ်ခြင်းပြုလုပ်တဲ့အခါ လက်ရှိ အခြေအနေကိုသာမက နောင်ဖြစ်နိုင်တဲ့အခြေအနေကိုလည်း သုံးသပ်နိုင်မှ ကောင်းမွန်တဲ့သုံးသပ်ချက်ဖြစ်တယ်။ ဒီလိုကောင်းမွန်တဲ့ သုံးသပ်အကဲဖြတ်ချက်တွေ လုပ်တယ်ဆိုတာ အဓိကအကြောင်းရင်းတွေကို ရှာဖွေကြည့်တယ်။ ပြီးရင် အောင်မြင်မှုရအောင် ပိုမိုကောင်းမွန်တဲ့နည်းတွေကို ရှာဖွေကြည့်တာဖြစ်တယ်။ အကဲဖြတ်သုံးသပ်ရာမှာ ရလဒ်ကောင်းတွေရဖို့အတွက် မေးခွန်းတွေကို နှစ်ခုတွဲမေးပါ။ ပထမမေးခွန်းက လက်ရှိအခြေအနေကို ဘယ်လိုမြင်သလဲဆိုတဲ့အချက်ကို မေးခြင်းဖြစ်ပြီး ဒုတိယမေးခွန်းကတော့ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေကို သိလာနိုင်အောင် ထားခြင်းဖြစ်တယ်။ ဥပမာအနေနဲ့ ပထမမေးခွန်းမှာ ရည်ရွယ်ချက်တို့ ၊ ဦးတည်ချက်တို့ဆိုတာ တိတိကျကျဘာကိုဆိုလိုသလဲဆိုတာ သိရအောင် မေးခြင်းဖြစ်နိုင်တယ်။ ဒုတိယမေးခွန်းကတော့ အဲဒီရည်ရွယ်ချက်အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာ မေးခြင်းမျိုး ဖြစ်နိုင်တယ်။
ပြည်ပအဖွဲ့အစည်းကလာပြီး အကဲဖြတ်သုံးသပ်ချက်ပြုလုပ်တဲ့အခါမျိုးမှာဆိုရင် အဖွဲ့အစည်းအတွင်းထဲက လူတွေဟာ မိမိတို့နာမည် ဘယ်သူဘယ်ဝါဆိုတာတွေ မဖော်ပြဘဲ လွတ်လွတ်လပ်လပ် ဖြေဆိုနိုင်ကြတဲ့အတွက် ပိုပြီးခိုင်လုံမှန်ကန်တဲ့ အချက်အလက်တွေကို ရရှိနိုင်တယ်။ အဖွဲ့အစည်းအတွင်းထဲမှာ အကဲဖြတ်သုံးသပ်ချက်တွေလုပ်ရင် အားသာချက်တွေနဲ့ အားနည်းချက်တွေကို သိရှိလာနိုင်ပြီး ပြုပြင်စရာတွေကို ပြုပြင်သွားဖို့ အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်။ အပြင်အဖွဲ့အစည်းက ဝင်အကဲဖြတ်ရင်တော့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေနဲ့ ရရှိနိုင်မယ့်အခွင့်အလမ်းတွေကို တွေ့မြင်လာနိုင်ပါတယ်။
အရည်အချင်းကို နှိုင်းယှဉ်ကြည့်ပါ . . .
ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်ပြောတယ်။
စစ်ပွဲအနိုင်အရှုံးကို ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် ဆန့်ကျင်ဘက်နှစ်ဖက်စလုံးရဲ့ အရည်အချင်းတွေကို အောက်ပါအချက် ခုနစ်ချက်နဲ့ နှိုင်းယှဉ်စိစစ်ထားသင့်တယ်။
၁။ ဘယ်ဘက်က (နိုင်ငံဥသျှောင်) ဘုရင်က စိတ်ဓာတ်ရေးရာအရ သြဇာလွှမ်းမိုးမှု ပိုရှိနေသလဲ။
၂။ ဘယ်ဘက်ကတပ်မှူးက ပိုပြီးကျွမ်းကျင်နေသလဲ။
၃။ ရာသီဥတုအခြေအနေနဲ့ မြေပြင်အနေအထားတွေမှာ ဘယ်ဘက်က အသာရနေသလဲ။
၄။ အမိန့်တွေကို ဘယ်ဘက်ကပိုပြီး လိုက်နာဆောင်ရွက်နိုင်သလဲ။
၅။ ဘယ်ဘက်က လက်နက်အင်အားသာနေသလဲ။
၆။ ဘယ်ဘက်က အရာရှိအရာခံတပ်သားတွေ စစ်ရေးလေ့ကျင့်ထားမှု ပိုရှိနေသလဲ။
၇။ ဆုပေး၊ ဒဏ်ပေးကိစ္စတွေမှာ ဘယ်ဘက်က ပိုပြီးတိတိကျကျနဲ့ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးနိုင်သလဲ။
ဒီအချက် ခုနစ်ချက်ကိုကြည့်ပြီး စစ်ပွဲအနိုင်အရှုံးကို ကျွန်ုပ်ကြိုတင်ပြောနိုင်တယ်။
နိုင်ငံဥသျှောင် (ဘုရင်) ဟာ အခု ကျွန်ုပ်ပြောခဲ့တဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပရိယာယ်တွေကို ဂရုစိုက်ဆောင်ရွက်ခြင်းပြုရင် သူကျိန်းသေပေါက်စစ်နိုင်မှာပဲ။ ဒါဆိုရင် ကျွန်ုပ်သူနဲ့နေမယ်။ ဂရုလည်းမစိုက်၊ ဆောင်ရွက်ခြင်းလည်း မရှိရင်တော့ ကျွန်ုပ်သူ့ဆီက ထွက်သွားမယ်။
''ကျုပ်တို့ဟာ ရန်သူနဲ့ နှိုင်းယှဉ်ကြည့်ကြရမယ်''
အေ၊ အယ်လ်၊ ဆက်ဒလာ
နည်းပရိယာယ်နဲ့ပတ်သက်တဲ့သင်ခန်းစာတစ်ခု . . .
ပြင်သစ်နဲ့ပရပ်ရှားစစ်ပွဲမှာ ပရပ်ရှားစစ်တပ်က အနိုင်ရပြီးနောက်ပိုင်း ဗြိတိသျှစစ်ဦးစီးအဖွဲ့ဟာ မင်းမျိုးမင်းနွယ် အစရှိတဲ့ အထက်တန်းလွှာက ပုဂ္ဂိုလ်တစ်စုကို စစ်ပွဲအောင်နိုင်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ရှာကြည့်ကြဖို့ လွှတ်လိုက်ပါတယ်။ ပရပ်ရှားစစ်တပ်က စစ်သားတွေအားလုံးဟာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကို ပြောင်နေအောင် ရိတ်ထားကြကြောင်း၊ ဆံပင်တွေကိုလည်း တိုတိုလေးပဲညှပ်ထားကြကြောင်း ဒီလေ့လာရေးအဖွဲ့က လာပြီးသတင်းပို့တယ်။ ဗြိတိသျှစစ်တပ်ဟာ အဲဒါကို အတုယူခဲ့တယ်။ ဒီကနေ့အထိ အဲဒီလိုပဲ ဥပဒေတစ်ရပ်အနေနဲ့ တည်ရှိနေတယ်။
ဒီဖြစ်ရပ်နဲ့ သင်ခန်းစာကတော့ ''တလွဲအတု မယူကြပါနဲ့'' ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ပြိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အချက်အလက်တွေ လေ့လာဖို့ဆိုရင် မင်းစိုးရာဇာအသိုင်းအဝိုင်းကလူတွေ၊ အထက်တန်းလွှာက လူတွေကို မလွှတ်ပါနဲ့။
ညွန့်သောင်း