အောင်မြင်မှုရဖို့လိုအပ်တဲ့ စီးပွားရေးအသုံးလက်နက် ၁၀၀

bigdyym

မိတ်ဆက် . . .

CEO  စီးပွားရေးနဲ့စီမံခန့်ခွဲမှုမဂ္ဂဇင်းရဲ့ Learn ကဏ္ဍအတွက် The 100 Business Tools You Need to Succeed ဆိုတဲ့အမည်နဲ့စာအုပ်ကို ကျွန်မအနေနဲ့ဖတ်ပြီး သင့်တော်သလို စီးပွားရေးလုပ်သူများအကျိုးအတွက် ရေးသားတင်ပြပေးဖို့ အဆိုပြုလာပါတယ်။ စာအုပ်ကို ဖတ်ကြည့်လိုက်တဲ့အခါမှာ ခေတ်သစ်နဲ့ ညီတဲ့၊ မီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လက်တွေ့ကျကျ အသုံးချနိုင်ဖို့၊ အခြေအနေကိုလိုက်ပြီး ပြောင်းလဲကျင့်သုံးဖို့၊ စီးပွားရေးစိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့၊ လုပ်နည်းလုပ်ဟန်တွေအဖြစ် အသုံးချနိုင်ဖို့ စုံလင်အောင် တင်ပြထားတာ တွေ့ရပါတယ်။

စီးပွားရေးအခြေအနေဟာ ဖွံ့ဖြိုးမှုအနိမ့်အမြင့် အမျိုးမျိုးရှိသလို ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အနေအထိုင်တွေမတူလို့ ထုတ်ကုန်တွေ၊ ဈေးကွက်တွေကိုပါ ချင့်ချိန်ဆုံးဖြတ်ဖို့လိုတယ်ဆိုတာကိုလည်း အလေးပေးဆွေးနွေးထောက်ပြထားတာတွေ တွေ့ရပါတယ်။ ထူးထူးခြားခြား အောင်မြင်နိုင်သလို ကြီးမားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရာတွေကိုတော့ နီးစပ်ရာတွေစုစည်းပြီး ဆီလျော်တဲ့ ခေါင်းစဉ်တွေတပ်ကာ အခန်းငယ် ၁၀၀ အဖြစ် စုစည်းတင်ပြထားပါတယ်။

မိမိလုပ်ငန်းအောင်မြင်မှုအတွက် အလားအလာပိုကောင်းတာကတော့ ကိုယ့်အခြေအနေ၊ အချိန်အခါနဲ့ကိုက်ညီတဲ့ အတွေးအခေါ်၊ အယူအဆနည်းဟန်တွေကို ရွေးချယ်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကအကြောင်းအရာအကျဉ်းချုပ်အနေနဲ့

- လူနဲ့ဆက်ဆံထိတွေ့ရာမှာ မှန်ကန်ဆီလျော်ဖို့

- ရင်ဆိုင်တွေ့ကြုံရတဲ့ကိစ္စ၊ ပြဿနာစိန်ခေါ်မှုနဲ့ အခွင့်အရေးကို ရှင်းရှင်းလင်းလင်း နားလည်သိရှိဖို့

- မိမိရဲ့ယူဆချက်၊ တခြားသူရဲ့ယူဆချက်တွေကို  သေချာသုံးသပ်မေးခွန်းထုတ်နိုင်ဖို့

- မိမိရဲ့စိတ်အနေအထားဟာ နည်းကောင်းလမ်းကောင်းကို ရှာတတ်ဖို့၊ ပြဿနာတွေ စိန်ခေါ်မှုတွေကို စောစောစီးစီးရင်ဆိုင်တတ်ဖို့

- အကြံကောင်းဉာဏ်ကောင်းကို ဘယ်နေရာကမဆို ရနိုင်တယ်ဆိုတာ နားလည်ဖို့

- လက်တွေ့ကျကျ မှန်မှန်ကန်ကန် အစီအစဉ်ကျကျပြီးစီးအောင် လုပ်တတ်ဖို့

- အရှိန်ရတဲ့အလုပ်ဖြစ်အောင် လူတွေကို တန်ဖိုးထားတတ်ဖို့၊ ချီးမွမ်းတတ်ဖို့

- အလုပ်ကိုမမောဘဲလုပ်နိုင်တဲ့စိတ်နဲ့ အခက်အခဲကို ကြောက်စိတ်နဲ့ ဖုံးကွယ်မထားဖို့

- ဝေဖန်သုံးသပ်မှုအသိနဲ့ Intuition စိတ်တွင်းအသိကို ချင့်ချိန်ပြီး သုံးတတ်ဖို့

- ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့ဖွဲ့လုပ်ကိုင်ရန် ဖန်တီးတတ်ဖို့

- ဆုံးဖြတ်မှုအမှားတွေကို ရှောင်ကြဉ်နိုင်ဖို့

- မိမိကိုယ်မိမိသိရှိပြီး ကိုယ်ပိုင်စွမ်းရည်တွေရှိအောင် အားထုတ်ကြိုးစားဖို့ စတာတွေပဲ ဖြစ်ပါတယ်။

ခေါင်းစဉ်မှာ ညွှန်းဆိုထားတဲ့အတိုင်း စီးပွားရေးလုပ်ရာမှာ အောင်မြင်ဖို့ဟာ တစ်လမ်းသွားမူဝါဒတစ်မျိုးတည်း၊ ကိုယ့်အတွေးတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ခေတ်အခါရဲ့အနေအထားအပြောင်းအလဲတွေကို မှန်ကန်စွာဝေဖန်သုံးသပ်ရင်ဆိုင်မှသာ အောင်မြင်မှုအလားအလာရှိမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပါဝင်တဲ့ ခေါင်းစဉ်စုစည်းမှုတွေထဲက သင့်တော်ပြီး ဒေသပတ်ဝန်းကျင်ထုံးစံဓလေ့တွေနဲ့ အထူးကိုက်ညီမယ်လို့ ယူဆတဲ့အကြောင်းအရာကျင့်စဉ်တွေကို နောက်လကနေစပြီး ရွေးချယ်တင်ပြဖို့ စိတ်ကူးထားပါကြောင်း တင်ပြလိုက်ရပါတယ်။

ရှေ့လဆက်ရန်

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)