ဖိစီးမှု (Stress) ဆိုတဲ့ စကားလုံးကို အကောင်အထည်ပြနိုင်တဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေအတွက် ရူပဗေဒပညာရှင်တွေက ရာစုနှစ်အတော်များများ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုန်းမညီမျှမှု ကုသတဲ့ ဟန်ဂေရီနွယ်ဖွားဆရာဝန် Hans Selye က သက်ရှိလူသားတွေအတွက် ဖိစီးမှု (Stress) ကို စတင်အသုံးပြုခဲ့တဲ့ ၁၉၃၀ ပြည့်နှစ် အချိန်အထိတော့ မဟုတ်ခဲ့ပါဘူး။ Selye ဟာ ကြွက်ကိုယ်ထဲကို နွားရဲ့ဟော်မုန်းထိုးပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ နွားဟော်မုန်း အထိုးခံရတဲ့ ကြွက်တွေဟာ အပူချိန် ပြင်းပြင်းထန်ထန် မြင့်တက်လာခဲ့ပြီး ကျောရိုးရောင်ရမ်းတာနဲ့ အစာအိမ်ပြည်တည်နာကအစ ကိုယ်ခံအားစနစ် ပျက်စီးလာတဲ့အထိ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းမညီမျှမှု လက္ခဏာတွေအတွက် Selye က ဖိစီးမှုဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်ပါ ဖိစီးမှု (Stress) အသုံးပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
မျက်မှောက်ကာလ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာတော့ Stress ဆိုတဲ့ စကားလုံးကို ပတ်ဝန်းကျင် အခြေအနေအချိန်အခါ ပြောင်းလဲသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုအခြေအနေလို့ အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်အတွက် အကြောင်းအရင်းကလည်း အများကြီး ရှိနေပါတယ်။
လူတစ်ယောက်ဟာ စာမေးပွဲတွေကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်ပေမယ့် ငါးမန်းတွေနဲ့အတူ ရေကူးပြနိုင်ပါတယ်။ အလားတူ တချို့ကလည်း လေယာဉ်ပေါ်မတက်ခင် စိတ်မလှုပ်ရှားဖို့ ထိန်းချုပ်ဖို့ လိုအပ်ပေမယ့် လူတွေနဲ့ အာလာပ သလ္လာပ စကားပြောနေနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း စိတ်ဖိစီးမှုဆိုတာကို တိုင်းတာနိုင်ဖို့ ခက်ခဲစေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အခြေအနေအားလုံးအတွက် သုတေသနပြုလုပ်နေတဲ့ အမေရိကန်အခြေစိုက် Gallup အဖွဲ့ရဲ့ စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ဆိုးကျိုးများ စစ်တမ်းညွှန်းကိန်းမှာတော့ ကမ္ဘာကြီးမှာ အဆိုးမြင်မှုတွေ မြင့်တက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါဟာ စိတ်ဖိစီးမှု အဆင့်တိုးလာတယ်ဆိုတာကို ညွှန်းဆိုပြသနေတာပါ။ တခြားလေ့လာမှု စစ်တမ်းတွေကလည်း ကမ္ဘာမှာစိတ်ဖိစီးမှုဖြစ်စဉ်တွေ သိသိသာသာ တိုးလာတာကို လက်ခံအတည်ပြုပေးခဲ့ကြပါတယ်။
အမေရိကန်စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ APA က အမေရိကန်မှာ စိတ်ဖိစီးမှုအများဆုံးက ငွေကြေး၊ အလုပ်အကိုင်နဲ့ မိသားစုအရေးတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှုနှစ်ဆပိုများပြီး မူမမှန်တဲ့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်တဲ့ စိတ်ဝေဒနာမျိုးကို ခံစားနေကြရတယ်လို့လည်း သိရပါတယ်။ ကြွက်တွေနဲ့စမ်းသပ်မှုမှာတော့ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Oestrogen နဲ့ Progesterone တို့ဟာ စိတ်ဖိစီးမှုအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး လူတွေမှာတော့ မိသားစုအရေးက စိတ်ဖိစီးမှုကို နှစ်ဆတိုးလာစေပါတယ်။ ဒါအပြင် အမျိုးသားတွေကတော့ အမျိုးသမီးတွေထက် စိတ်ဖိစီးမှုကိုပိုပြီး ထိန်းချုပ်နိုင်ကြတာကိုလည်း လေ့လာမှုတွေအရ တွေ့ရှိခဲ့ရပါတယ်။
လေ့လာချက်တွေအရတော့ အမေရိကန်မှာ လူမည်းနဲ့ ကပြားအမေရိကန်တွေ၊ ဆင်းရဲချို့တဲ့သူတွေနဲ့ လူကြီးမိဘတွေဟာ ပိုပြီးစိတ်ဖိစီးမှုတွေမြင့်မားကြတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တက္ကသိုလ် စတင်တက်ရောက်တဲ့ အမေရိကန်တစ်ဝက်လောက်ဟာ စိတ်ဖိစီးမှုအများဆုံး ဖြစ်ခဲ့ကြပါတယ်။ လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး စိတ်ဖိစီးမှုများတဲ့ စစ်တမ်းတွေက ပိုများလာတယ်လို့ တက္ကဆပ်တက္ကသိုလ်က Mary McNaughton- Cassill က ပြောပြပါတယ်။ Cassill ကတော့ ယနေ့ခေတ်ကာလမှာ လူငယ်တွေမှာ စိတ်ဖိစီးမှု အရင်ကထက် ပိုများတယ်လို့ ယုံကြည်နေပါတယ်။ ယနေ့ခေတ်မှာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ အဓိပ္ပာယ်က လုပ်ငန်းခွင်နဲ့ကုမ္ပဏီတွေမှာ လျင်မြန်တဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့ပြီး လုပ်သားအင်အားကို အမြဲမပြတ်လိုအပ်လာပါတယ်။ အားကောင်းတဲ့ မီဒီယာရေစီးကြောင်း ဆိုတာကလည်း စိတ်ဓာတ်လှုံ့ဆော်နိုးကြားမှုတွေကို ရရှိနိုင်ဖို့ မရေရာ မသေချာသေးခင်အချိန်မှာပဲ ကျွန်တော်တို့ဆီသတင်းဆိုးတွေကို သယ်ဆောင်လာခဲ့ကြပါတယ်။ တစ်ချိန်က အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် စိတ်ဖိစီးမှုတွေကိုလျော့နည်းစေပါတယ်ဆိုတဲ့ ဆိုရှယ်မီဒီယာဆိုတာကလည်း အခုတော့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှုတွေ၊ မတော်တဆထိခိုက်မှုတွေစတဲ့ အရေးမပါတဲ့ သတင်းတွေကို ဆောင်ကြဉ်းလာခဲ့ကြပါတယ်။
လေ့လာဆန်းစစ်မှုတွေအရတော့ စိတ်ဖိစီးမှုဆိုတာဟာ Selye ရဲ့ကြွက်တွေလိုပဲ လူတွေကိုအလားတူ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတာကို ပြသလို့နေပါတယ်။ စိတ်ဖိစီးမှုဆိုတာဟာ သွေးပေါင်ချိန်တက်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာနဲ့ အိပ်မပျော်နိုင်တာစတဲ့ ရောဂါလက္ခဏာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ APA ရဲ့ အဆိုအရတော့ နာတာရှည်စိတ်ဖိစီးမှုဟာ လူတွေရဲ့ခုခံအားစနစ်ကိုပျက်စီးစေပြီး အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ အမူအကျင့်တွေကိုလည်း တိုးလာစေတယ်လို့ သိရပါတယ်။
ဒီလိုအမူအကျင့်တွေကတော့ ဆီးချိုသွေးချိုနဲ့ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ နယူးယောက်မြို့ ရော့ကီဖယ်လ်လာတက္ကသိုလ်က အာရုံကြောပါရဂူ Bruce McEwen ရဲ့လတ်တလော လေ့လာမှုမှာတော့ ကြွက်တွေကို သီတင်းသုံးပတ်လောက် စိတ်ဖိစီးမှုဖြစ်စေတဲ့ အလုပ်တွေ လုပ်စေပြီး စမ်းသပ်ခဲ့ရာမှာ ဦးနှောက်လုပ်ဆောင်မှုပိုင်းတွေ ပြောင်းလဲခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ကြွက်တွေကို ရေထဲချပြီး ရေကူးစေတာလို ဖိအားပေးတဲ့ အလုပ်တွေလုပ်ခိုင်းပြီးတဲ့နောက်မှာ ကြွက်တွေရဲ့ စိတ်ခံစားတုံ့ပြန်မှု၊ ဆုံးဖြတ်ချက်ချမှုတွေနဲ့ မှတ်ဉာဏ်ပိုင်းတွေကို ထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းတွေဟာ ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
လူတွေမှာလည်း အလားတူဖြစ်ရပ်က မူမမှန်တဲ့ စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။
Selye ဟာ သူ့ရဲ့ နောက်ပိုင်းလေ့လာမှုတွေမှာတော့ စိတ်ဖိစီးမှုကို ကောင်းသောစိတ်ဖိစီးမှု (Eustress)နဲ့ မကောင်းတဲ့စိတ်ဖိစီးမှုဆိုပြီး ခွဲခြားဖို့ကြိုးစားလာခဲ့ပါတယ်။ ဥပမာ- အချစ်စိတ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ တခြားအခြေအနေတစ်ရပ်ရပ်ကြောင့် ပူပန်သောကရောက်မှုမျိုးတွေကို ကောင်းတဲ့ဘက်က စိတ်ဖိစီးမှုအနေနဲ့ ခွဲခြားဖို့ Selye ကလေ့လာခဲ့ပါတယ်။ တခြားသိပ္ပံပညာရှင်တွေကလည်း မူလရူပဗေဒသဘောတရားကို ချဲ့ထွင်သုံးသပ်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ဥပမာ- ဒြပ်ဝတ္ထုပစ္စည်းတွေမှာ ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ပကတိအမှတ် သတ်မှတ်ချက် ရှိပါတယ်။ ဒီလိုပဲ လူသားတွေမှာလည်း စိတ်ဖိစီးမှုဆိုတာ မပြင်းထန်ခဲ့ရင် ပြန်လည်ကုစားနိုင်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ ရှိလာခဲ့ကြပါတယ်။
သင့်တင့်မျှတတဲ့ စိတ်ဖိစီးမှုဆိုတာ ကောင်းတဲ့အရာတစ်ခုဆိုတဲ့ အယူအဆကိုလည်း သိပ္ပံပညာရှင်တွေက ဆုပ်ကိုင်လာခဲ့ကြပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ လန်ဒန် Charing Cross ဆေးရုံအတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ Peter Nixon က နောက်ဆုံးခွင့်ပြုချိန် (Deadline) နဲ့ ပြိုင်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ သင့်တင့်တဲ့ စိတ်ဖိစီးမှုမျိုးတွေက ထိခိုက်မှုမရှိစေဘဲ အကျိုးဖြစ်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တချို့စိတ်ဖိစီးမှုဒဏ် မခံနိုင်တဲ့ သူတွေအတွက်တော့ ဒီအဆိုကို တရားသေကိုင်စွဲဖို့ ခက်ပြန်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဒီအချက်ဟာ စိတ်ဖိစီးမှုဆိုင်ရာ လေ့လာရေးသုတေသီအဖွဲ့အသစ်အတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ သိပ္ပံပညာရှင်တချို့ကလည်း ဘယ်လိုအကြောင်းတရား၊ ဘယ်လိုအခြေအနေမျိုးကိုမှ စိတ်ဖိစီးမှုကို အဆင့်ခွဲခြားလို့ မရဘူးလို့ ထောက်ပြလာကြပါတယ်။ ဒါဆို ဘယ်လိုယူဆသတ်မှတ်ကြမလဲ။ တူညီတဲ့စိတ်ဖိစီးမှုဆိုတာဟာ ကွဲပြားတဲ့ အခြေအနေတွေကြောင့် ဖြစ်လာနိုင်ပါတယ်။ ဒါအပြင် မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးပိုင်းမှာလည်း မတူညီတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေနဲ့ ပတ်သက်ပြီး လက်ခံနိုင်တဲ့ အချက်နှစ်ချက်ကတော့ နည်းလမ်းနှစ်သွယ်နဲ့လူတွေကို အထောက်အကူ ဖြစ်စေနိုင်တာပါ။ စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ဒဿနိကနှင့် ဇီဝဗေဒသုတေသနဌာနက Alia Crum ရဲ့ လေ့လာချက်တစ်ခုအရတော့ စိတ်ဖိစီးမှုအပေါ်မှာ အကောင်းမြင်တဲ့သူတွေက ပိုပြီးအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေရရှိကြတယ်လို့ သိရပါတယ်။ တချို့ကလည်း စိတ်ဖိစီးမှုဟာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ ယုံကြည်ကြတဲ့ကျောင်းသားတွေကို စိတ်လှုပ်ရှားရတဲ့ ဟောပြောပွဲလို လေ့ကျင့်ခန်းတွေ လုပ်ပြီးနောက် လေ့လာမေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စိတ်ဖိစီးမှုကို ခြောက်လှန့်မှုထက် စိန်ခေါ်မှုလို့ မြင်ကြတဲ့သူတွေဟာ အတွေးအခေါ်နဲ့ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေမှာ တိုးတက်မှုရှိကြတာကို တွေ့ရှိခဲ့ကြပါတယ်။
လူသားတွေဟာ စိတ်ဖိစီးမှုကို မတူညီတဲ့နည်းလမ်းအသွယ်သွယ်နဲ့ တုံ့ပြန်တတ်ကြပါတယ်။ အခုလို တုံ့ပြန်မှုမျိုးတွေကိုတော့ ကြောက်အားလန့်အားနဲ့ တုံ့ပြန်မှု (Fight or Flight) လို့ အသိများကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ နှလုံးခုန်နှုန်းက မြင့်တက်လာပြီး သွေးပြန်ကြောတွေဟာ သွေးလွှတ်မှုတွေကို ထိန်းချုပ်မှုကြောင့် ကြွက်သားတွေထဲကို သွေးပိုပြီး ရောက်သွားစေပါတယ်။ သက်ရောက်မှုအနေနဲ့ကတော့ ဦးနှောက်ကအရာရာကို အသေးစိတ်မခံစားနိုင်တော့ပါဘူး။ စိတ်ဖိစီးမှု မပြင်းထန်တဲ့ အခြေအနေမျိုးမှာတော့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့တုံ့ပြန်မှုက ကွဲပြားခြားနားမှု ရှိလာပါတယ်။ လူတွေဟာ ထိတ်လန့်မှုထက် စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ရပြီလို့ အသိရှိလာတဲ့ အချိန်မျိုးမှာ နှလုံးခုန်နှုန်းက မြန်နေဆဲဖြစ်ပေမယ့် အက်ဒရင်နဲလ်လင်လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုးကိုတော့ ထုတ်လွှတ်နေဆဲဖြစ်ပါတယ်။
ခုလိုအခြေအနေမျိုးမှာတော့ ဦးနှောက်က ထက်မြက်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကတော့ စိတ်ဖိစီးမှု ဟော်မုန်းတွေနဲ့ ရောယှက်နေတဲ့ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ အဲဒီဟော်မုန်းမျိုးကတော့ သင်ယူမှုနဲ့ စိတ်ဖိစီးမှုက ပြန်လည်သက်သာလာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။
ဒါအပြင် သွေးပြန်ကြောတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပြီး ခုခံအားစနစ်ကလည်း ကွဲပြားခြားနားတဲ့ပုံစံနဲ့ လုပ်ဆောင်လာပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ လွဲမှားတဲ့တုံ့ပြန်မှုတွေရှိတတ်ပြီး ဥပမာ- စာမေးပွဲဖြေတဲ့သူ၊ မိန့်ခွန်းပြောတဲ့သူနဲ့ စီးပွားရေးစီမံကိန်းအကြောင်း ရှင်းလင်းပြတဲ့သူမျိုးတွေမှာ စွမ်းဆောင်ရည်အရရော ရေရှည်ကျန်းမာရေးအတွက်ပါ အပြုသဘောမဆောင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
Ms Crum ကတော့ စိတ်ဖိစီးမှုအပေါ်ထားတဲ့ သဘောထားအမြင်နဲ့ ယုံကြည်မှုအပေါ်မူတည်ပြီး ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုက ပြောင်းလဲသွားတယ်လို့ ယုံကြည်နေပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူဟာ အစမ်းသပ်ခံကျောင်းသားတွေနဲ့ တမင်ဖန်တီးထားတဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကို အင်တာဗျူးမပြုလုပ်ခင်မှာ ဗီဒီယိုကားနှစ်ကားထဲက တစ်ကားကိုပြသခဲ့ပါတယ်။ ပထမဗီဒီယိုကားကတော့ စိတ်ဖိစီးမှုက စွမ်းဆောင်ရည်ပိုင်းကို မြှင့်တင်ပေးနိုင်ပြီး လူမှုဆက်ဆံရေးကို ပိုပြီးကောင်းမွန်စေတဲ့အကြောင်း ဖော်ပြထားတဲ့ ဗီဒီယိုကားဖြစ်ပါတယ်။ ဒုတိယဗီဒီယိုကားကတော့ စိတ်ဖိစီးမှုရဲ့ အန္တရာယ်တွေအကြောင်းကို ဖော်ပြထားပါတယ်။ ပါဝင်အစမ်းသပ်ခံတဲ့ ကျောင်းသားတွေကိုတော့ အင်တာဗျူးမှာ ဝေဖန်ခံရနိုင်တဲ့ပုံစံမျိုး စီစဉ်ဖန်တီးထားခဲ့ပါတယ်။
လေ့လာမှုအပြီးမှာတော့ Ms Crum ဟာ စိတ်ဖိစီးမှုကိုအကောင်းမြင်တဲ့ ဗီဒီယိုကြည့်ထားတဲ့သူတွေက ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆက်နွှယ်နေတဲ့ DHEA ဟော်မုန်းကို ပိုပြီးထုတ်လွှတ်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ခုလို လေ့လာမှုအစောပိုင်းကာလတစ်ခုမှာ Ms Crum နှင့် The Happiness Advantage စာအုပ်ကိုရေးသားခဲ့တဲ့ Shawn Achor တို့ဟာ UBS ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီအချိန်က ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်ရိုက်မှု အရှိန်မြင့်တက်နေတဲ့ ကာလတစ်ခုဖြစ်ပြီး သူတို့နှစ်ဦးဟာ ဘဏ်ဝန်ထမ်းလေးရာကို အဖွဲ့သုံးဖွဲ့ခွဲပြီး ပထမအဖွဲ့ကိုတော့ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖော်ပြတဲ့ ဗီဒီယိုပြသခဲ့ပါတယ်။
ဒုတိယအဖွဲ့ကိုတော့ စိတ်ဖိစီးမှုက စွမ်းဆောင်ရည်ပိုင်းကို မြှင့်တင်ပေးနိုင်တဲ့အကြောင်း ဖော်ပြထားတဲ့ ဗီဒီယိုကို ပြသခဲ့ပြီး တတိယအဖွဲ့ကိုတော့ ဘာဗီဒီယိုမှ မပြသခဲ့ပါဘူး။ သီတင်းပတ်တစ်ပတ်ကြာပြီးအချိန်မှာတော့ ဒုတိယအဖွဲ့ဟာ ပိုပြီးကောင်းမွန်တဲ့ အစီရင်ခံစာတွေကို ရေးသားတင်ပြလာနိုင်သလို ကျန်းမာရေးပြဿနာလည်း ပိုပြီးနည်းပါးခဲ့တာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကျန်တဲ့နှစ်ဖွဲ့ကတော့ ဘာမှပြောင်းလဲမှု မရှိခဲ့ပါဘူး။ ဒါကြောင့် သိပ္ပံပညာရှင်တွေက စိတ်ဖိစီးမှုရဲ့ အကျိုးကျေးဇူးကို နားလည်သိရှိရင် စွမ်းဆောင်ရည်ပိုင်းကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေနိုင်တယ်ဆိုတာကို လက်တွေ့ပြသနိုင်ခဲ့ကြပါတယ်။ နောက်ထပ်လေ့လာစမ်းသပ်မှု တစ်ခုမှာတော့ ရောချက်စတာ တက္ကသိုလ်က ဒဿနိက ဗေဒပါမောက္ခ Jeremy Jamieson ဟာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကောလိပ်ကျောင်းသားတွေကို စိတ်ဖိစီးမှုအတွက် လေ့လာစမ်းသပ်ခဲ့ပါတယ်။ Jeremy ဟာ စာမေးပွဲဖြေမယ့် ကျောင်းသားအားလုံးရဲ့ ခံတွင်းရည်နမူနာကိုရယူပြီး စိတ်ဖိစီးမှုပမာဏကို တိုင်းတာခဲ့ပါတယ်။
ပြီးတော့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ပထမအဖွဲ့ကိုတော့ စာမေးပွဲအတွက် စိတ်ဖိစီးမှုဖြစ်ပေါ်တာ သဘာဝဖြစ်ပြီး စိတ်ဖိစီးမှုက စွမ်းဆောင်ရည်ကို ပိုပြီးမြင့်တက်စေတဲ့အကြောင်း အသိပညာပေးခဲ့ပါတယ်။ ဒုတိယတစ်ဖွဲ့ကိုတော့ ဘာမှမပြောဘဲ ထားခဲ့ပါတယ်။ စာမေးပွဲအပြီးမှာတော့ စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခံရတဲ့ ကျောင်းသားတွေက အသိပညာမပေးခံရတဲ့ ကျောင်းသားတွေထက် အမှတ်ပိုကောင်းကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါအပြင် စာမေးပွဲပြီးနောက် ကျောင်းသားတွေရဲ့ ခံတွင်းရည်ကို ပြန်လည်စစ်ဆေးကြည့်ခဲ့ရာမှာလည်း စိတ်ဖိစီးမှုအတွက် အသိပညာပေးခံရတဲ့ ကျောင်းသားတွေဟာ စိတ်ဖိစီးမှု မလျော့သွားတာကို တွေ့ရှိခဲ့ရပါတယ်။ လအနည်းငယ်ကြာပြီး စာမေးပွဲရလဒ်တွေ ထွက်လာချိန်မှာတော့ စိတ်ဖိစီးမှု ရှိခဲ့ကြတဲ့သူတွေက ပိုပြီးအမှတ်ကောင်းနေကြတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ Mr Achor က စိတ်ဖိစီးမှုကို ကိုယ်ကာယလေ့ကျင့်ရေး အားကစားရုံသွားတာနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ Achor က လူတစ်ယောက်အနေနဲ့ အပင်ပန်းခံမှသာ ပိုပြီးသန်မာမှုရှိမှာ ဖြစ်ပေမယ့် အနားယူဖို့တော့ လိုအပ်လိမ့်မယ်လို့ ပြောပြပါတယ်။ အလားတူ အလုပ်မှာ စိတ်ဖိစီးမှုဟာ စွမ်းဆောင်ရည်ကို မြင့်တက်စေနိုင်တယ်ဆိုပေမယ့် အနားယူဖို့တော့လိုတယ်လို့ Achor က ရှင်းပြပါတယ်။ The Upside of Stress စာအုပ်ကိုရေးသားခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်က ဒဿနိကဗေဒပညာရှင် Kelly McGonigal က စိတ်ဖိစီးမှုအတွက် လူတွေကိုပြန်ပြီး စဉ်းစားချင့်ချိန်ဖို့ အကူအညီပေးခဲ့ပါတယ်။ Kelly က စိတ်ဖိစီးမှုဆိုတာ မိမိတို့အနေနဲ့ တစ်စုံတစ်ရာကို ဂရုတစိုက်ရှိလာချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဖြစ်ကြောင်းကိုရှင်းပြပြီး ကျိုးကြောင်းကိစ္စရပ်တွေက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဖြစ်ရပ်နဲ့ ကျိုးကြောင်းကိစ္စရပ်တွေ ရင်ဆိုင်ဖြေရှင်းတဲ့ ဖြစ်ရပ်ဆိုပြီး ခွဲခြားသိဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
Kelly က ''လူတွေက သူတို့မှာသာ စိတ်ဖိစီးမှုမရှိရင် ဘဝကြီးက အဓိပ္ပာယ်မရှိတော့ဘူးဆိုတာကို နားလည်ကြပါတယ်'' လို့ ပြောပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုမရှိတဲ့ အစစအရာရာ စိတ်ကျေနပ်မှုဆိုတာကို ကျွန်မတို့ စွန့်လွှတ်သင့်တယ်လို့ Kelly က ရှင်းပြပါတယ်။
လူတွေရဲ့စိတ်ဖိစီးမှုနဲ့ နောက်ဆက်တွဲ အမူအကျင့်တွေကို ပြောင်းလဲခြင်းက လူတွေကို ကျန်းမာသက်ရှည်စွာနေထိုင်ဖို့ အထောက်အကူပြုစေပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့က ၁၉၉၈ ခုနှစ် အမျိုးသားကျန်းမားရေးစစ်တမ်း ကောက်ယူမှုတစ်ရပ်ကိုပြန်ပြီး သုံးသပ်ခဲ့ကြပါတယ်။ စစ်တမ်းထဲမှာတော့ လွန်ခဲ့တဲ့နှစ်အတွင်း လေ့လာစမ်းသပ်ခံသူသုံးသောင်းဟာ ဘယ်လောက်အထိ စိတ်ဖိစီးမှုရှိခဲ့တယ်ဆိုတာနဲ့ သူတို့တွေဟာ စိတ်ဖိစီးမှုက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို ယုံကြည်မှုရှိမရှိဆိုတဲ့ မှတ်တမ်းတွေပါဝင်ခဲ့ပါတယ်။
ဒါအပြင် လေ့လာစမ်းသပ်ခဲ့သူတွေထဲက သေဆုံးမှု အခြေအနေကိုလည်း သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ လေ့လာချက် အစီရင်ခံစာတွေအရ သူတို့ဟာ စိတ်ဖိစီးမှုမြင့်မားတဲ့သူနဲ့ စိတ်ဖိစီးမှုဟာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ယုံကြည်တဲ့သူတွေဟာ လူ့သက်တမ်း မပြည့်ခင်သေဆုံးဖို့ ၄၃ ရာခိုင်နှုန်း ပိုများတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ စိတ်ဖိစီးမှုမြင့်မားပြီး စိတ်ဖိစီးမှုက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ မယုံကြည်တဲ့သူတွေကတော့ စိတ်ဖိစီးမှုနည်းနည်းသာရှိတဲ့ လူတွေထက်ပိုပြီး စောစောသေဆုံးနိုင်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။
လေ့လာတွေ့ရှိချက်တွေကတော့ စိတ်ဖိစီးမှုရဲ့ အဓိကအကြောင်းအရင်းထက် ဆက်နွှယ်မှုတွေကို ပြသခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် များစွာသော စိတ်ဖိစီးမှုတွေကို မရှောင်လွှဲနိုင်ရင်တောင် စိတ်ဖိစီးမှုရဲ့ အကျိုးအပြစ်ကို တွက်ဆနိုင်ခြင်းက ဆိုးကျိုးတွေကိုရှောင်ဖို့ အချည်းနှီးကြိုးစားအားထုတ်မှုထက်တော့ ပိုပြီးအသိဉာဏ်ရှိရာရောက်မှာပဲ ဖြစ်ပါတယ်။
Ref: Stress: What makes us stronger
The Economist
ကိုဇေ (ရေဦး)