စိတ်ဖိစီးမှုနှင့် ကမ္ဘာ့အအောင်မြင်ဆုံးပုဂ္ဂိုလ် ၁၀ ဦး

တစ်ခါတလေ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့အားလုံးရင်ဆိုင်ရတတ်ပါတယ်။ လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေးနဲ့ ငွေကြေးပြဿနာတွေကတော့ စိတ်ဖိစီးမှုရဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။

လုပ်ငန်းခွင်ထဲ အလုပ်တွေပိနေတဲ့အခါမျိုးမှာ ပိုလို့တောင် အလုပ်ပေါ်အာရုံစူးစိုက်ရခက်စေနိုင်ပါတယ်။ အလုပ်ပိုလေ အာရုံမစူးစိုက်နိုင်လေနဲ့ စိတ်ဖိစီးမှုသံသရာကို ပိုလည်စေမှာပါ။ အလုပ်အမှုဆောင်အရာရှိချုပ်တွေနဲ့ ကုမ္ပဏီကြီးတွေကို တည်ထောင်ခဲ့ကြတဲ့သူတွေအားလုံးဟာလည်း စိတ်ဖိစီးမှုတွေ ပြည့်နှက်နေတဲ့ အချိန်မျိုးတွေကို အများနည်းတူရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အခုလို ခက်ခဲတဲ့အချိန်မျိုးတွေကို ရင်ဆိုင်ဖြေရှင်းကြတဲ့နည်းလမ်းတွေကတော့ မတူညီကြပါဘူး။ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ရပ်တည်နေကြပြီး စိတ်ဖိစီးမှုတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး ပုဂ္ဂိုလ်တချို့ကို နမူနာယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Stress1

1. Bill Gates

Microsoft ကို တည်ထောင်ခဲ့တဲ့ Bill Gates က အိပ်ရာမဝင်ခင် စာဖတ်ရတာကို ကြိုက်တယ်လို့ The Seattle Times မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ Bill Gates ဟာ အချိန်ဘယ်လောက်ပဲ နောက်ကျ နောက်ကျ အနည်းဆုံး တစ်နာရီတော့ စာဖတ်တယ်လို့ဆိုပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ Warren Buffet ဆီက နှစ်ပေါင်းများစွာ အကြံဉာဏ်တွေ ရယူခဲ့ပြီး Fortune မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ အရာအားလုံးကို ရိုးရိုးရှင်းရှင်းထားဖို့ Buffet ဆီက သင်ယူခဲ့တယ်လို့ Bill Gates က ပြောခဲ့ပါတယ်။ ''အရာရာကို ခြုံငုံသုံးသပ်နိုင်ပြီး ပိုင်နိုင်တဲ့အလုပ်တွေကိုသာ လုပ်တတ်သလို အခြေခံကျကျ တွေးခေါ်နိုင်တဲ့ သူ့ရဲ့အရည်အချင်းက အံမခန်းပါပဲ။ တကယ့်ကို ပါရမီထူးတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ'' လို့ Bill Gates က ပြောပါတယ်။ စိတ်ရှုပ်စရာတွေအားလုံးကို အဝေးကို မောင်းထုတ်လိုက်ပါ။ လက်ရှိအလုပ်ကို အာရုံစိုက်ဖို့ လွယ်ကူသွားပါလိမ့်မယ်။

Stress2

2. Tim Cook

Glasgow တက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီးနောက်မှာ Apple CEO Tim Cook က ကျောင်းသားတွေကို ဘဝမှာအပြုသဘောနဲ့နေထိုင်ပြီး စိတ်ရှုပ်စေမယ့်စကားတွေအတွက် နားပိတ်ထားဖို့ အကြံပေးခဲ့ပါတယ်။ လူတိုင်းရဲ့စကားကို အချိန်တိုင်း နားထောင်နေရတာက မယုံကြည်နိုင်လောက်အောင် စိတ်ဖိစီးမှုများစေပါတယ်။

''ဒီကနေ့ ကမ္ဘာကြီးမှာ ပတ်ဝန်းကျင်တစ်ခုလုံးက အတ္တဝါဒီသမားတွေနဲ့ ပြည့်နှက်နေပါတယ်။ အားလုံးကို ဥပေက္ခာပြုထားလိုက်ပါ။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေးထဲမှာ ကင်ဆာလိုဖြစ်လာပါလိမ့်မယ်။ ဘဝကြီးကို အပျက်သဘောမြင်လာပြီး ကိုယ်ဘာမှမလုပ်နိုင်တော့ဘူးလို့ တွေးမြင်လာလိမ့်မယ်'' လို့ Tim Cook က ပြောပါတယ်။

Stress3

3. Meg Whitman

Meg Whitman ဟာ P&G ၊ eBay နဲ့ လက်ရှိ Hewlett-Packard အပါအဝင် ကုမ္ပဏီကြီးတွေ အတော်များများမှာ အံမခန်းစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။ စီးပွားရေးမီဒီယာတစ်ခုဖြစ်တဲ့ Fast Company နဲ့ အင်တာဗျူးမှာ ငါးများရတာကို နှစ်သက်တဲ့အကြောင်းနဲ့ သားဖြစ်သူနဲ့ တစ်နှစ်ကို ခြောက်ကြိမ်လောက် ငါးများထွက်ဖြစ်တဲ့အကြောင်း Whitman ပြောပြပါတယ်။

California တက္ကသိုလ်ရဲ့ သုတေသနလေ့လာတွေ့ရှိချက်အရ အပန်းဖြေခရီးထွက်ခြင်းက စိတ်ဖိစီးမှုကို သိသိသာသာလျှော့ချပေးနိုင်ပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေတယ်လို့သိရပါတယ်။ အမေရိကန်ပြည်ထောင်စု National Library of Medicine ရဲ့ သုတေသနလေ့လာတွေ့ရှိချက်ထဲမှာ အပန်းဖြေခရီး ပုံမှန်ထွက်ခြင်းဟာ စိတ်ဖိစီးမှုလိုမျိုး အပြုသဘောမဆောင်တဲ့ စိတ်ခံစားမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Stress4

4. Sheryl Sandberg

Facebook ရဲ့ COO Sheryl Sandberg ရဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ လုပ်ဆောင်မှုက အများကြီးတော့မဟုတ်ပါဘူး။ ဘာမှကို မလုပ်ရုံတင်ပါ။ သူဟာ ညပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်ဖတ်တာတွေ မလုပ်မိအောင် ဖုန်းပိတ်တတ်ပါတယ်။

အခုလို ညပိုင်းဖုန်းပိတ်ထားဖို့က မလွယ်ပါဘူးလို့ USA Today မဂ္ဂဇင်းကို Sheryl Sandberg က ပြောပြပါတယ်။ ဒါပေမဲ့ တစ်ညလုံး အနှောင့်အယှက်မဖြစ်တဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပြီး နှစ်ခြိုက်စွာအိပ်ပျော်ခဲ့တဲ့ ညတစ်ညက နောက်တစ်နေ့မှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်တယ်လို့ Sheryl Sandberg က ပြောပါတယ်။ လက်ပ်တော့ပ်နဲ့ ဖုန်းတွေကို ညနက်တဲ့အထိ သုံးနေတာဟာ ကျွန်တော်တို့အတွက် အတော်လေးဆိုးပါတယ်။ ကျွန်တော်တို့ အိပ်ပျော်ဖို့အတွက် ခန္ဓာကိုယ်ကထုတ်ပေးတဲ့ ဟော်မုန်းဓာတ် Melatonin ကို အလင်းရောင်က အဟန့်အတားဖြစ်စေတယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။

အခြေခံအားဖြင့်တော့ ညနက်ပိုင်း ဖုန်းနဲ့လက်ပ်တော့ပ်အသုံးပြုချိန်တွေ နည်းလေလေ ကိုယ့်ရဲ့ အိပ်ချိန်စက်ဝန်းကို မှန်ကန်လေလေပါပဲ။

Stress5

5. Warren Buffet

ကမ္ဘာမှာ အောင်မြင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ Warren Buffet ဟာ ဝါသနာအမျိုးမျိုးရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လေးကြိုးဂစ်တာ (Ukulele) တီးရတာနှစ်ခြိုက်တဲ့ Warren Buffet ဟာ ရုပ်သံလိုင်းမှာတောင် ဖျော်ဖြေတီးခတ်ပြခဲ့သူ ဖြစ်ပါတယ်။

California တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ တူရိယာပစ္စည်းတွေ တီးခတ်ဖို့ သင်ယူခြင်းလို စိတ်ကိုလှုံ့ဆော်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

Stress6

6. Jack Dorsey

Twitter တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး Twitter ရဲ့ CEO တစ်ဦးလည်းဖြစ်တဲ့ Jack Dorsey က များစွာသော အလုပ်တွေကို အစီအစဉ်တကျ လုပ်ဆောင်တယ်လို့ ပြောပြပါတယ်။ Dorsey ဟာ သီတင်းပတ်ရဲ့ တစ်နေ့ချင်းစီတာဝန်ကို ခွဲဝေပိုင်းခြားပြီး လုပ်ကိုင်ရတာကို နှစ်သက်သူပါ။ တနင်္လာနေ့ဆို အစည်းအဝေးတွေလုပ်မယ်။ အင်္ဂါနေ့မှာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးတွေ လုပ်မယ်။ ဗုဒ္ဓဟူးနေ့က ဈေးကွက်လုပ်ငန်းတွေအတွက်နဲ့ ကြာသပတေးနေ့မှာတော့ အင်တာနက်ကွန်ရက်လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ သောကြာနေ့မှာ ကုမ္ပဏီနဲ့သက်ဆိုင်တာတွေကို လုပ်ကိုင်ပြီး စနေနေ့မှာတော့ အနားယူပါတယ်။ တနင်္ဂနွေနေ့မှာတော့ အလုပ်ပြန်စပြီး ဝန်ထမ်းခန့်အပ်ရေးကို ဆောင်ရွက်ပါတယ်။

ယေဘုယျအားဖြင့် မမျှော်လင့်ထားတဲ့အရာတွေက စိတ်ဖိစီးမှုဖြစ်ပေါ်စေတယ်လို့ ယူဆတဲ့အကြောင်း Dorsey က Forbes မဂ္ဂဇင်းကို ပြောပြပါတယ်။ ကိုယ့်ရဲ့အလုပ်တွေကို အချိန်ဇယားဆွဲပြီး လုပ်ကိုင်တာက စိတ်ဖိစီးမှုကို လျော့နည်းစေတယ်လို့ Dorsey က ဆိုပါတယ်။ New York Magazine ရဲ့ ဖော်ပြချက်အရ Dorsey ဟာ မနက်တိုင်း ခြောက်မိုင်ပြေးတယ်လို့လည်း သိရပါတယ်။

Stress7

7. Jeff Bezos

Amazon ကို တည်ထောင်ခဲ့သူ Jeff Bezos က စိတ်ဖိစီးမှုအတွက် သူ့အနေနဲ့ကတော့ အများကြီး ရယ်မောပစ်လိုက်တယ်လို့ Academy of Achievement နဲ့ ပြုလုပ်တဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

စိတ်ခံစားမှုရဲ့ အကြီးမားဆုံးအပိုင်းဖြစ်တဲ့ စိတ်ဖိစီးမှုဟာ ဥပေက္ခာမပြုသင့်တာတွေကို ဥပေက္ခာပြုမိစေတယ်လို့လည်း Bezos က ပြောပါတယ်။ ဒါအပြင် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာ လက်တွေ့လုပ်ဆောင်ခြင်းမရှိတာက စိတ်ဖိစီးမှုကို အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းလို့လည်း Bezos က သုံးသပ်ချက်ပေးခဲ့ပါတယ်။ ''ကျွန်တော်ကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရင်းကို ချက်ချင်းအဖြေရှာမှာပါ။ ပြီးတော့ ဖုန်းဆက်မယ်။ ဒါမှမဟုတ် အီးမေးလ်ပို့မယ်။ မဖြေရှင်းနိုင်ဘူးဆိုရင်တောင် စတင်လုပ်ဆောင်ဖို့ လိုအပ်တာကို စလုပ်မယ်။ အခုလိုလုပ်ဆောင်တာက စိတ်ဖိစီးမှုဖြစ်စေတဲ့အရာကို တဖြည်းဖြည်းနဲ့ လျှော့ချသွားစေနိုင်ပါတယ်'' လို့ Bezos က ပြောပါတယ်။ နောက်တစ်နည်းပြောရရင်တော့ ပြဿနာကို အဖြေရှာပါ။ စတင်ဆောင်ရွက်ပါ။ ရှေ့ဆက်လုပ်ဆောင်ပါ။

Stress8

8. Elon Musk

၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးအခြေအနေသိပ်မကောင်းလှပါဘူး။ ကားကုမ္ပဏီတွေဟာ ဒေဝါလီခံရယူနီးပါး ဖြစ်နေကြသလို Tesla အနေနဲ့လည်း ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။ အဲဒီအချိန်မှာ CEO Elon Musk ဟာလည်း အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး ခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်ခဲ့ရပါတယ်။ ဒါပေမဲ့ Musk ဟာ ဆုံးဖြတ်ချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ချမှတ်နိုင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ် နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ခုမှာတော့ အရာအားလုံးကို စိုးရိမ်ပူပင်မှုနဲ့လုပ်ခဲ့ရပုံကို Musk က ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ Silicon Valley က လုပ်ငန်းတွေက ကျဆုံးမှုကို ထိတ်လန့်မှုမရှိခဲ့ကြပါဘူး။

''အကြောက်တရားက ကန့်သတ်ချက်ရှိပေမယ့် မျှော်လင့်ချက်တွေက ကန့်သတ်ချက်မရှိပါဘူး။ ကျွန်တော်တို့ဟာ ကျဆုံးသွားမှာကို စိုးရိမ်ပူပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုကိုတော့ အကြောက်တရားက မရပ်တန့်စေပါဘူး'' လို့ Musk က ပြောခဲ့ပါတယ်။ လူတွေဟာ အခြေအမြစ်မရှိတဲ့ ကြောက်ရွံ့မှုကို လုံးဝဥပေက္ခာပြုသင့်ပါတယ်။ အခြေအမြစ်ရှိတဲ့ အကြောက်တရားမျိုးဆိုရင်တောင် ဥပေက္ခာပြုပြီး ရှေ့ဆက်ဖို့ ထိုက်တန်ပါတယ်။

Stress9

9. Susan Wojcicki

YouTubeရဲ့ CEO Susan Wojcicki က သူရဲ့စိတ်ဖိစီးမှုကို ဖြေရှင်းတဲ့ နည်းလမ်းအားလုံးက လုံလောက်တဲ့ အနားယူမှုဖြစ်ပြီး လုပ်ငန်းခွင်ပြန်မဝင်ချိန်အထိ မိသားစုဘဝဟာ သူ့အတွက် အရေးပါတယ်လို့ Today မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

''အနားယူချိန်ဟာ တကယ့်ကိုအရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ အနားယူတာက တစ်ခါတလေ စိတ်ကိုလည်း ကြည်လင်စေပါတယ်'' လို့ Susan က ပြောပြပါတယ်။

Stress10

10. Indra Nooyi

PepsiCo ရဲ့ CEO Indra Nooyi ဟာ သူ့ရဲ့ယုံကြည်ချက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားတွေကို ငယ်ရွယ်စဉ်ကတည်းက စတင်သင်ကြားခဲ့သူတစ်ယောက်ပါ။ မိခင်ဖြစ်သူက ညတိုင်းညစာထမင်းဝိုင်းမှာ ညီမနှစ်ယောက်လုံးကို သမ္မတဖြစ်ရင် ဘာလုပ်မလဲဆိုတဲ့အကြောင်း မိန့်ခွန်းရေးဖို့ စိန်ခေါ်လေ့ရှိတယ်လို့ Business Insider ကို Nooyi က ပြောပြပါတယ်။ နေ့တိုင်းမှာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဦးရဲ့ပုံစံမျိုးနဲ့ မိန့်ခွန်းရေးရမှာဖြစ်ပြီး မိခင်ဖြစ်သူက ညီမနှစ်ယောက်ထဲက တစ်ယောက်ကို မဲပေးရွေးချယ်ပါတယ်။ အဘိုးဖြစ်သူကလည်း Nooyi ကို ယုံကြည်ချက်ရှိလာဖို့ ကူညီပေးပါတယ်။ Nooyi အနေနဲ့ တစ်စုံတစ်ခုကို မလုပ်နိုင်တော့ဘူးဆိုရင် အဘိုးဖြစ်သူက ''ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ တောင်းပန်မှာမဟုတ်ဘူး'' ဆိုတဲ့ စာကြောင်းကို စာရွက်ပေါ်မှာအကြိမ်နှစ်ရာရေးခိုင်းပါတယ်။ အခုလိုသင်ယူခဲ့ရတာတွေက ဘယ်လိုပဲစိတ်ဖိစီးမှုတွေကြုံပါစေ အရာအားလုံးငါလုပ်နိုင်တဲ့အတွေးမျိုး Nooyi မှာ ရှိစေခဲ့ပါတယ်။

ကိုဇေ (ရေဦး)