Stock Index နဲ့ Stock Share ဝယ်မယ့်သူတွေ သိထားသင့်တဲ့အချက်များ

UAungThuRa

ဒေါက်တာအောင်သူရ

CEO

Thura Swiss Co Ltd

Stock Index အကြောင်းရှင်းပြပေးပါ . . .

မြန်မာနိုင်ငံမှာတော့ Stock Index က သီးသန့်ကြီး မရှိသေးဘူး။ Stock Index ဆိုတာကတော့ Stock Exchange မှာတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ Performance ကို ခြုံပြီးတော့ကြည့်နိုင်တဲ့ အညွှန်းကိန်းပါ။ Stock Index တက်လာတယ်ဆိုရင် စီးပွားရေးအခြေအနေ ကောင်းနေတယ်လို့ ပြောလို့ရတယ်။ ကျသွားတယ်ဆိုရင်တော့ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောလို့ရတယ်။ နောက်ပြီး Market ကိုဖော်ပြတဲ့ Bull & Bear ဆိုတဲ့ သင်္ကေတရှိတယ်။ Bull နဲ့ Stock ဈေးတက်နေတာကိုပြပြီး Bear ဆိုရင် ဈေးကျနေတာ ကိုပြတယ်။ Share တစ်ခုချင်းစီကို ကြည့်စရာမလိုဘဲ အားလုံးကိုခြုံပြီး ကြည့်လို့ရပါတယ်။

Stock Index မှာဆိုရင်လည်း တိုင်းပြည်တစ်ခုလုံးရဲ့ Stock Market ကြီးတစ်ခုလုံးကို ခြုံပြီးဖော်ပြတဲ့ Stock Index ရှိတယ်။ ဥရောပတစ်ခုလုံး၊ ဒါမှမဟုတ် အာရှတိုက်တစ်ခုလုံးရဲ့ Market ကို ခြုံပြီး ဖော်ပြတဲ့ Index ၊ BRICS Index ၊ Sector by Sector ခြုံပြီးဖော်ပြတဲ့ Index တွေ စသဖြင့် အမျိုးမျိုးရှိတယ်။

Index တွေသတ်မှတ်ပေးတဲ့ ကုမ္ပဏီတွေရှိပါတယ်။ သူတို့က Index တွေကို နေ့စဉ်နေ့တိုင်းတွက်သွားပြီး Update လုပ်သွားတယ်။ ပုံမှန်အားဖြင့် Index တွေကို လိုင်စင်နဲ့ ဝယ်ကြည့်ရတယ်။

Index တွက်တဲ့နေရာမှာ Weighting နဲ့သွားတယ်။ Weighting ဆိုတာက ဥပမာ - မြန်မာနိုင်ငံမှာ Stock Exchange တက်တဲ့ FMI နဲ့ သီလဝါကုမ္ပဏီနှစ်ခု ရှိတယ်။ အဲဒီကုမ္ပဏီနှစ်ခုကို Index တစ်ခုစဖွဲ့လို့ရတယ်။ နည်းနည်းများလာရင်တော့ Index ဖွဲ့လို့ ပိုအဆင်ပြေတာပေါ့။ Index ဖွဲ့မယ်ဆိုရင် FMI တစ်ခုလုံးရဲ့ Market Capital က ဘယ်လောက်လဲဆိုတာ တွက်လိုက်တယ်။ သီလဝါကိုလည်း အဲဒီလိုပဲ တွက်လိုက်တယ်။ အဲဒီမှာရတဲ့ တန်ဖိုးအချိုးအဆကို ပြန်တွက်လိုက်ရင် Index ရတယ်။

Stock Index က အဓိကနှစ်မျိုးရှိပါတယ်။ Market Index နဲ့ Performance Index ဖြစ်ပါတယ်။ ဘာကွာသလဲဆိုရင် ကုမ္ပဏီတစ်ခုက Dividend တွေ ပေးလိုက်ရင် တန်ဖိုးက အပြင်ရောက်သွားပြီး သူ့ရဲ့ Share က ကျသွားမယ်။ အဲဒါကိုပါ တွက်ချက်ပြီးပြတဲ့ Index က Market Index ဖြစ်ပါတယ်။ Performance Index ကကျတော့ Dividend ထွက်လာရင်တောင် Dividend ကို ပြန်ပြီးရင်းနှီးလိုက်တယ်ဆိုတဲ့ သဘောထားပြီး တွက်ထားတာဖြစ်ပါတယ်။ ဒါက ကုမ္ပဏီရဲ့ အောင်မြင်မှုက ဘယ်လောက်လဲဆိုပြီး တွက်တဲ့သဘောမျိုး ဖြစ်ပါတယ်။

နိုင်ငံတကာမှာ လူအများကြည့်တဲ့ Stock Index တွေဆိုရင် Downs Jones ၊ S&P ၊ Nikkei တို့ရှိပါတယ်။

downsjones

Stock Share ဝယ်မယ့်သူက ဘာတွေသိထားသင့်ပါသလဲ . . .

ပထမဦးဆုံး ကိုယ်ရင်းနှီးမြှုပ်နှံဖို့ Share ဝယ်မယ့်ကုမ္ပဏီအကြောင်း လေ့လာရမယ်။ Management ပိုင်းက ဘယ်သူတွေလဲဆိုတာ လေ့လာရမယ်။ နောက်ပြီး Financial Statement တွေကို လေ့လာရမယ်။ နောက်ပိုင်းနှစ်တွေမှာ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ရမယ်။ Cash Flow အခြေအနေ၊ Market အခြေအနေကို လေ့လာရမယ်။ အားလုံးလေ့လာပြီးရင် လက်ရှိ Share ဈေးက ကိုက်လား၊ မကိုက်လားဆိုတာ ပြန်ချိန်ဆရမယ်။ နောက်ပြီး သတိထားရမှာက ရင်းနှီးမြှုပ်နှံလိုက်လို့ ရှုံးသွားတဲ့အခါ Share တွေ ထပ်ဝယ်တာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါ တဖြည်းဖြည်းနဲ့ ပိုရှုံးတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ်က ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။ Emotion တအားများပြီးလုပ်ရင်  အဆင်မပြေတတ်ပါဘူး။

မြန်မာနိုင်ငံမှာတော့ Stock ဈေးကွက်မှာ ကုမ္ပဏီ၂၀ ကျော်လောက်ရှိလာမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာမှာပါ။