Yangon Stock Exchange မှာ မတ်လ ၂၅ ရက်က စတင်ရောင်းဝယ်ကြတာနဲ့ ပတ်သက်လို့ . . .
ရန်ကုန်မှာ မတ်လ ၂၅ ရက်က စတော့ဈေးကွက် စတင်ဖွင့်လှစ်ရောင်းချတဲ့အခါ လူတွေအားလုံးက မျှော်လင့်ချက်ကြီးကြီးနဲ့ FMI က Share တွေကို ဝယ်ကြတယ်လို့ သိရပါတယ်။ တကယ့်ကို အံ့သြလောက်အောင် အောင်မြင်တယ်လို့ဆိုကြပါတယ်။ ဒါက တကယ်အရေးကြီးတာပါ။ ဒါပေမဲ့ Stock Exchange ပီပီပြင်ပြင်ဖြစ်ဖို့ဆိုရင် ဒါက အစပဲရှိပါသေးတယ်။
FMI က Stock Exchange ထဲ ပါသွားပြီဆိုတော့ FMI ကို ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခြင်းခံလိုက်ရတာပါပဲ။ FMI နည်းတူ တခြားအများပိုင်ကုမ္ပဏီတွေကလည်း ကြိုးစားနေကြပါပြီ။ MAPCO (Myanmar Agribusiness Public Company) ၊ သီလဝါ (Myanmar Thilawa SEZ Holdings) တို့လို ကုမ္ပဏီတွေကလည်း ကြိုးစားနေကြတာပါ။ အဲဒီ ကြိုးစားမှုတွေ များလာလေလေ၊ Stock Exchange မှာ ကုမ္ပဏီတွေ များလာလေလေ နိုင်ငံရဲ့စီးပွားရေးရှင်သန်လာလေ ဖြစ်ပါတယ်။ ဒီ Capital Market ကနေတစ်ဆင့် Stock အရောင်းအဝယ်တင် မကဘူး။ ကုမ္ပဏီတွေရဲ့ ရင်းနှီးမှုတွေကို မြှင့်တင်နိုင်တဲ့ အနေအထားရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။
New York Stock Exchange ၊ Singapore Stock Exchange တို့တွေအပြင် ဂျာမနီ၊ လန်ဒန်နဲ့ ဘန်ကောက် တို့လိုနေရာတွေမှာရှိတဲ့ Stock Exchange တွေမှာ Listed Company တွေ အများကြီးရှိပါတယ်။ အခု မြန်မာနိုင်ငံမှာတော့ ကုမ္ပဏီတစ်ခုနဲ့ စပါတယ်။ ဒီလို စတာကို အားပေးရမှာပါ။ ကမ္ဘောဒီးယားမှာ Stock Exchange စတုန်းက ကုမ္ပဏီတစ်ခုနဲ့ပဲ စတာဖြစ်ပါတယ်။ လုပ်တဲ့ကိုင်တဲ့ ကုမ္ပဏီရော၊ Stock Exchange ကရော စနစ်တကျ လုပ်ဖို့တော့လိုပါတယ်။ အခု မြန်မာပြည်မှာ Multi Level Markeing လိုမျိုးဖြစ်မှာ သိပ်ကြောက်ပါတယ်။ စိတ်မချ၊ မယုံရတာတွေ လက်သိပ်ထိုးရောင်းတာမျိုးဖြစ်ရင်တော့ အင်မတန်မှ နစ်နာနိုင်တဲ့ အနေအထားရှိပါတယ်။ အဲဒါလေးကိုတော့ ဆင်ခြင်ရမှာပါ။
Stock Exchange က ကြီးထွားလာဖို့ပဲ ရှိပါတယ်။ ကျွန်တော့်အမြင် နောက်နှစ် ၅၀ လောက်ဆိုရင် မန္တလေးမှာလည်း Stock Exchange ရှိလောက်တယ်။ မော်လမြိုင်မှာလည်း ရှိနိုင်တယ်။ သူ့ဒေသနဲ့ သူရှိနိုင်ပါတယ်။ အရေးကြီးတာက ဒီအစမှာ သေချာဖို့လိုပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပါ။ စိတ်ရှည်ရှည်နဲ့ Stock Exchange ကို လှုပ်ရှားရမှာပါပဲ။ အခုဆိုရင် Stock Exchange မှာ ဂျပန်အကူအညီနဲ့ လှုပ်ရှားနေတယ်။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းကလူတွေ နိုးကြားဖို့လိုပါတယ်။
Stock Exchange က Financial Institution ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိပါတယ်။ အခု Security Company တွေလည်း ရှိလာပါပြီ။ Stock Exchange မှာ ပွဲစားတွေ လိုပါတယ်။ ဒီ Security ကုမ္ပဏီတွေက Share တွေ အရောင်းအဝယ်လုပ်ဖို့ အနေအထား ဖန်တီးပေးပါတယ်။ ဒါကို ဆရာတို့က အားပေးရမှာပါ။
Stock Exchange မှာ တင်ထားတဲ့ ကုမ္ပဏီတွေရဲ့တာဝန် . . .
Stock Exchange လို့ပြောရင် အခြေခံကတော့ Public Listed ပါ။ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ရုံနဲ့ မလုံလောက်ပါဘူး။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီနှစ်ရာကျော်ကျော်လောက် ရှိပါတယ်။ ဒါပေမဲ့ အဲဒီအများပိုင်တိုင်း Listed မလုပ်နိုင်ပါဘူး။ ရန်ကုန်စတော့အိတ်ချိန်းမှာ တင်နိုင်ဖို့သတ်မှတ်ထားတဲ့ Listing Criteria တွေရှိပါတယ်။ New York Stock Exchange မှာ၊ Singapore Stock Exchange မှာသွားပြီး List လုပ်ချင်ရင် မလွယ်ပါဘူး။ စစ်စစ်ဆေးဆေးလုပ်တာပါပဲ။ မြန်မာနိုင်ငံမှာလည်း Stock Exchange စလုပ်တဲ့အခါမှာ ဝင်ချင်တဲ့ ကုမ္ပဏီတွေကို စံ ၁၇ ချက်နဲ့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ ဒီ ၁၇ ချက်ကိုကြည့်လိုက်ရင် ဒီ ၁၇ ချက် ပြည့်စုံတဲ့ကုမ္ပဏီတွေဟာ တကယ့်ကို ယုံကြည်စိတ်ချရတဲ့ တာဝန်ကျေတဲ့ကုမ္ပဏီတွေ ဖြစ်တယ်ဆိုတာကို ပြောစရာကိုမလိုတော့ပါဘူး။ ဒီလိုဖြစ်ဖို့ဆိုရင် ကုမ္ပဏီကို စီမံအုပ်ချုပ်တဲ့ပုံစံ Corporate Governance က အဓိက ကျပါတယ်။
ကုမ္ပဏီတစ်ခုကို Stock Exchange မှာ တင်လိုက်တဲ့အခါ Public Company လို့ ပြောလိုက်တာနဲ့ Owner နဲ့ Management ကွဲသွားပါတယ်။ Share ဝယ်တဲ့သူတွေဟာ Share ဝယ်ပြီးတော့ ကုမ္ပဏီမှာ ဝင်လုပ်တဲ့သူတွေ မဟုတ်ပါဘူး။ အဲဒီတော့ ကုမ္ပဏီရဲ့ Share ဝယ်ထားတဲ့သူတွေက ပိုင်ရှင်တွေဖြစ်ပြီးတော့ တကယ်စီမံခန့်ခွဲမှုတွေအတွက် တော်တဲ့၊ ကျွမ်းကျင်တဲ့ Management ကို ခေါ်လုပ်ခိုင်းပါတယ်။ ဒီနှစ်ခုကို ခွဲလိုက်တာပါ။
Share ဝယ်တဲ့သူက ဒီကုမ္ပဏီဟာ တကယ့်ကို စနစ်တကျ BOD နဲ့ ဖွဲ့ထားတယ်။ ဒီကုမ္ပဏီဟာ တကယ့်ကိုကျွမ်းကျင်တဲ့ CEO ဦးဆောင်နေတယ်ဆိုတဲ့ Trust ရှိပါတယ်။ Stock Exchange ရဲ့ တာဝန်က တကယ်ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတွေသာ List လုပ်ထားတာ သေချာအောင်လုပ်ပေးရတာပါ။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ မရိုးမသားလှုပ်ရှားမှုတွေလုပ်တဲ့ ကုမ္ပဏီတွေကို Delisted လုပ်ကြတယ်။ (Stock Exchange ကနေ Blacklist လုပ်လိုက်ပါတယ်။) အဓိပ္ပာယ်က Stock Exchange ထဲမှာ List လုပ်ထားတဲ့ ကုမ္ပဏီတွေက ယုံကြည်စိတ်ချရတယ်လို့ ယေဘုယျအနေနဲ့ ပြောလို့ရပါတယ်။ အဲဒီလိုပြောလို့ရတဲ့အတွက် Stock ကို ဝယ်တဲ့သူကလည်း စိတ်ချလက်ချဝယ်လို့ရပါတယ်။
Stock Exchange က Regulatory Body ဖြစ်ပါတယ်။ သူက ကြီးကြပ်စီမံတယ်၊ မဟုတ်တာတွေ မဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ Exchange ဆိုတဲ့ စကားလုံးကလည်း အရေးကြီးပါတယ်။ Exchange ဆိုတာက Share တွေကို ဝယ်ချင်တဲ့သူနဲ့ ရောင်းချင်တဲ့သူနဲ့ အလဲအလှယ်လုပ်တာပါ။ တကယ်တမ်းတော့ Stock Exchange ဆိုတဲ့ စကားလုံးထက် ပိုပြီးပြည့်စုံတာက Capital Market (အရင်းအနှီးဈေးကွက်) ပါ။ Stock Exchange ကနေ ကုမ္ပဏီတွေအနေနဲ့ အရင်းအနှီး ထပ်တိုးချင်ရင် Share တွေ ထုတ်ရောင်းနိုင်ပါတယ်။ အရင်တုန်းက ကုမ္ပဏီတွေ ချဲ့ချင်ရင် ချဲ့ဖို့ အခွင့်အလမ်းသိပ်မရှိဘူး။ မရှိတာက ပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုက အကန့်အသတ်ဖြစ်နေတာကြောင့်ပါ။ အခုကတော့ အဲဒီလိုမရှိတော့ပါဘူး။ ဒီ Stock Exchange ထဲမှာဝင်ပြီး Stock ထုတ်ရောင်းလို့ရတယ်။
Healthy Stock Exchange Environment ဖြစ်လာဖို့ ဘာတွေလိုအပ်ပါသလဲ . . .
ဒါကတော့ နိုင်ငံရေးအနေအထားလည်း လိုပါတယ်။ နိုင်ငံရေးအနေအထားက ပွင့်လင်းမြင်သာလာသလောက် လုပ်ရကိုင်ရလွယ်သွားပါမယ်။ Transperancy မရှိရင်တော့ လုပ်ရကိုင်ရခက်ပါမယ်။ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး၊ Culture ကြီးတစ်ခုလုံးက ပွင့်လင်းမြင်သာတဲ့ အနေအထားရောက်အောင် ပြောင်းလဲရမှာပါ။ နောက်တစ်ခုက Rule of Law ပါ။ Bankrupt ဖြစ်ပြီး ကုမ္ပဏီပျက်စီးသွားရင် Share Holder တွေ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အခြေခံတစ်ခုပါပဲ။ ဒါကို အစကတည်းက အခြေခံတစ်ခုအနေနဲ့ ဝိုင်းစဉ်းစားကြရပါမယ်။ မဟုတ်ဘဲနဲ့ မျက်စိမှိတ်ပြီး သွားလုပ်ပြန်ရင်လည်း အဆင်မပြေပါဘူး။ အဲဒါလေးကလည်း သတိထားရမယ့်ကိစ္စပါ။ ဒါအတွက်လည်း Stock Exchange ကို အပေါ်ကနေ ကြီးကြပ်တဲ့ Security Exchange Commission (SEC) ရှိပါတယ်။ သူက Public Company တွေကို စနစ်တကျ စီမံနိုင်သရွေ့ အဆင်ပြေနေမယ်ထင်ပါတယ်။
Stock Share ဝယ်မယ့်သူတွေအတွက် အကြံပေးစကား . . .
Buyer Beware ပါ။ ဝယ်တဲ့သူက အလိမ်မခံရအောင် ကြိုးစားရမှာပါ။ အခုဖြစ်နေတာက ကိုယ့်မှာ တာဝန်မယူဘဲနဲ့ အဲဒီလိုမဟုတ်ဘဲ မျက်စိမှိတ်ပြီး အရာရာကို ယုံနေရင်တော့ ကိုယ်ပဲခံရမှာပါပဲ။ လိမ်တဲ့သူကတော့ ရှိနေဦးမှာပါပဲ။ ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် သေချာစစ်ဆေးရမှာပါ။ မျက်စိမှိတ်ပြီး အပေါ်ယံကြည့်လို့ မဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒါကို အာမခံပေးတာကတော့ SEC က အာမခံပေးမှာပါ။ Stock Exchange မှာ တင်ထားတဲ့ ကုမဏီတွေက ဖြူစင်တယ်၊ ရိုးသားတယ်၊ သပ်ရပ်တယ်ဆိုတာ ရှိရမှာ။ အဲဒါကြောင့်လည်း Initial Public Offering (IPO) ဆိုတာလုပ်ကြတာပါ။ ကုမ္ပဏီကို လူတွေ ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာသိဖို့ မြေစမ်းခရမ်းပျိုးအနေနဲ့ List လုပ်ကြည့်တယ်။ လူတွေက စိတ်ဝင်စားရင် Share တက်လာတာပါပဲ။
Stock ဈေးကွက်မှာ ဝင်ကစားတဲ့လူတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာခဲ့ရင် တရုတ်ပြည်မှာ မကြာခင်က ဖြစ်လိုက်တဲ့ အင်မတန်မှ ချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေ မွဲသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဝယ်ထားတဲ့ Share တွေ တစ်ခါတည်း ဈေးတွေပြုတ်ကျသွားတာမျိုးကလည်း Stock Exchange နဲ့ မဆိုင်ဘူး။ အရောင်း၊ အဝယ်ပေါ်မှာဆိုင်တာပါ။ သူ့ကုမ္ပဏီပေါ်မှာ ယုံကြည်မှု အားနည်းလာတဲ့အခါကျတော့ သူ့ကုမ္ပဏီက Share တွေ ထုတ်ရောင်းကြမှာပါပဲ။
တချို့ကျတော့လည်း Share ကို ကစားတာ ချမ်းသာသွားတာမျိုး ရှိပါတယ်။ Apple တို့၊ Microsoft တို့ကို သူတို့နိုင်ငံမှာ စပြီး Listing စလုပ်တုန်းက ကုမ္ပဏီက အသစ်တွေ၊ နည်းပညာတွေကလည်း အသစ်တွေပါ။ အဲဒီအခါကျတော့ ဘယ်သူမှလည်း ယုံကြည်မှုမရှိပါဘူး။ ဒါပေမဲ့ တချို့တွေကတော့ ဒီအလုပ်တွေဟာ တစ်နေ့ကျရင်တော့ တိုးတက်လာမယ့်၊ အခြေအနေကောင်းတဲ့ လုပ်ငန်းတွေပဲ။ ဒါကြောင့် Share ဝယ်ထားမယ်ဆိုပြီး ဈေးပေါပေါနဲ့ Share ဝယ်ထားလိုက်တယ်။ အဲဒီကုမ္ပဏီတွေ အောင်မြင်ကြီးထွားလာတဲ့အခါကျတော့ သူဝယ်ထားတဲ့ Share အလိုလို တက်သွားပါတယ်။
အဲဒီတော့ ဒီနေရာမှာ Stock နဲ့ပတ်သက်လို့ လူတွေ နားလည်မှုနည်းနည်းလေး လွဲနေတာရှိပါတယ်။ Share ဝယ်တဲ့လူက Dividend အမြတ်ဝေစုကို မျှော်လင့်ပြီး ဝယ်တဲ့သူများပါတယ်။ တကယ်တမ်းတော့ Share Price ဟာ ပိုပြီးအကျိုးရှိပါတယ်။ ကိုယ် Share တစ်စောင်ကို တစ်ရာနဲ့ဝယ်ထားလို့ ကိုယ့်ကုမ္ပဏီ အောင်မြင်လာတယ်၊ ဈေးကွက်ချဲ့လာတယ်၊ အမြတ်ရလာတယ်ဆိုရင် အဲဒီကနေ အမြတ်တွေ ထုတ်တာထက်ကို ဒီ Share တန်ဖိုး၊ ကုမ္ပဏီတန်ဖိုးမြင့်လာရင် ကိုယ်ကလည်း အလိုလိုချမ်းသာသွားပါတယ်။
အခုပြောနေတာက တစ်ဦးတစ်ယောက်ချင်းစီကနေ Share ဝယ်တာဖြစ်ပါတယ်။ တကယ်တမ်းတော့ တကယ်အရေးကြီးတာက Institutional Share Holder တွေရှိပါတယ်။ Security Company တွေကလည်း ရှယ်ယာဝယ်ထားတာပါပဲ။ သူတို့တွေက အလားအလာကောင်းမယ့် လူငယ်တွေထောင်တဲ့ အရင်းအနှီး အခက်အခဲရှိတဲ့ ကုမ္ပဏီတွေကိုဝယ်ထားပြီး ရင်းနှီးပေးလိုက်တာ။ အဲဒီမှာ ရင်းနှီးပေးလိုက်တော့ လူငယ်တွေအတွက် အရင်းနည်းတဲ့အချိန်မှာ အရင်းအနှီးတောင့်သွားပါတယ်။ ဒါပေမဲ့ ဒီလိုအရင်းအနှီး ရောင်းလိုက်တာ ကနဦးမှာ ငွေမရှိလို့ ရောင်းလိုက်ပေမယ့် တစ်နေ့ကျရင် ဒီကုမ္ပဏီကြီး သိပ်ကြီးထွားလာရင် နဂိုတည်ထောင်တဲ့ သူတွေက နစ်နာပါတယ်။ Founder တွေက သူ့ Share ကို ဈေးပေါပေါနဲ့ ရောင်းခဲ့ရတာကြောင့်ဖြစ်ပါတယ်။ လူငယ်တွေအတွက် ဒါသိပ်အရေးကြီးပါတယ်။ လူငယ်တွေက အပင်ပန်းခံပြီး စလုပ်ပေမယ့် တကယ်တမ်းကြီးထွားလာတဲ့အခါ ကိုယ့်အတွက်မရှိတော့ဘဲ သူများလက်ထဲပါသွားတာတွေ မကြာခဏ သာဓကတွေ အများကြီးရှိပါတယ်။ အဲဒါတွေကိုလည်း သတိထားရပါမယ်။