သမိုင်းကြောင်းနဲ့ လုပ်ငန်းဆက်ခံမှု . . .
Hennes လို့ခေါ်တဲ့ အမျိုးသမီးဝတ်အထည်ဆိုင်ကို Stefan Persson ရဲ့အဖေ Erling Persson က သူ့ကိုမွေးဖွားတဲ့ ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဆွီဒင်လူမျိုး စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အဖေဟာ ၁၉၆၈ ခုနှစ်မှာ သူ့ရဲ့လုပ်ငန်းကိုတိုးချဲ့တဲ့အနေနဲ့ Mauritz Widforss ဆိုတဲ့ အမဲလိုက်ပစ္စည်း၊ သေနတ်နဲ့ အဝတ်အစားလက်လီဆိုင်လုပ်ငန်းကို ဝယ်ယူခဲ့ပြီး Hennes & Mauritz (H&M) ဆိုတဲ့ ကုမ္ပဏီကြီးကို ဖန်တီးခဲ့ပါတယ်။ Mauritz Widforss က သူတို့ကို အမျိုးသားတွေရဲ့ အဝတ်အထည်တွေနဲ့ပတ်သက်တဲ့ လမ်းကြောင်းတစ်ခုကိုပေးခဲ့ပါတယ်။ ပြီးတဲ့နောက် Hennes ဟာ ပြည်ပမှာ သတိကြီးကြီးနဲ့ စွန့်စားပြီး နော်ဝေနဲ့ဒိန်းမတ်နိုင်ငံတွေမှာ စတိုးဆိုင်တွေ ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Persson ဟာ Lund တက္ကသိုလ်နဲ့ Stockholm တက္ကသိုလ်တွေမှာ ကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်။ နောက်ခြောက်နှစ်ကြာတဲ့အခါ အဲဒီကုမ္ပဏီကို အများပိုင်ကုမ္ပဏီ လုပ်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ Persson ဟာ သူတက်ခဲ့တဲ့ တက္ကသိုလ်တွေက ဘွဲ့တွေရခဲ့ပြီး သူ့အဖေရဲ့နေရာကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ ဗြိတိန်နိုင်ငံက သူတို့ရဲ့လုပ်ငန်းတွေမှာ အကြီးအကဲအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် မကြာခင်မှာပဲ သူ့အဖေရဲ့ CEO ရာထူးကို ဆက်ခံခဲ့ပါတယ်။
လုပ်ငန်းတွေ စဉ်ဆက်မပြတ်တိုးချဲ့ခဲ့တဲ့ H&M . . .
ဆိုင်အသစ်တွေမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးတက်ဖို့ဆိုတဲ့ ကုမ္ပဏီရဲ့ရည်မှန်းချက်ကို ပြည့်မီဖို့အတွက် H&M ဟာ တစ်ရက်ကို ဆိုင်တစ်ဆိုင်နှုန်းနဲ့ ဖွင့်ခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခု တစ်လျှောက်လုံးမှာ H&M ဟာ သူ့ရဲ့လုပ်ငန်းတွေကို တစ်ကမ္ဘာလုံးမှာ တိုးချဲ့ခဲ့ပြီး အခုဆိုရင် ဟောင်ကောင်၊ တရုတ်၊ တိုကျို၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန်လိုနေရာတွေမှာ ဆိုင်ပေါင်းလေးထောင်နီးပါးကို ဖွင့်ထားပြီဖြစ်ပါတယ်။ နောက်ထပ် ဈေးကွက်အသစ် တော်တော်များများမှာလည်း ဆိုင်သစ်တွေကို ဖွင့်ခဲ့ပါတယ်။ အဲဒီဈေးကွက်အသစ်တွေထဲမှာ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတွေ ပါဝင်ပေမဲ့ ဆိုင်သစ်အများစုကိုတော့ တရုတ်နိုင်ငံမှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ H&M ဟာ သူ့ရဲ့ လုပ်ငန်းတိုးချဲ့မှုကို ဆက်လုပ်ခဲ့ပြီး အဲဒီနောက်မှာတော့ တိုးတက်မှုဟာ ဆတိုးကိန်းနဲ့ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ ကုန်ရောင်းတန်ဖိုးဟာ ဒေါ်လာ ၂၂.၄ ဘီလီယံအထိ ရှိနေပါပြီ။
CEO ကနေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ . . .
Stefan ဟာ ၁၉၉၈ ခုနှစ်အထိ ၁၆ နှစ်ကြာအောင် CEO လုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Stefan ဟာ သူ့ရဲ့ CEO ရာထူးကို သူတို့ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ သူ့သား Karl-Johan ကို လွှဲပြောင်းပေးခဲ့ပါတယ်။
အမေရိကားဘက် ခြေဆန့်ခဲ့တဲ့ H&M ရဲ့ အောင်မြင်မှုများ . . .
၁၉၉၈ ခုနှစ်တုန်းက Persson က CEO ရာထူးကို လွှဲပြောင်းပေးခဲ့တဲ့ အသက် ၃၀ လောက်ပဲရှိတဲ့ Fabian Mansson အလုပ်က ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့အတွက် နောက်ထပ် လအနည်းငယ်ကြာတဲ့အခါမှာ အဲဒီကျော်ကြားတဲ့ ဂုဏ်သတင်းဟာ ကျဆင်းသွားခဲ့ပါသေးတယ်။ အဲဒီနောက် ဒါရိုက်တာအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ Persson နဲ့ သူ့ရဲ့ဒါရိုက်တာတွေဟာ Mansson ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကုမ္ပဏီထဲက ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Rolf Eriksen ကို ရွေးချယ်ခဲ့ပြီး ပိုပြီးအရေးတကြီးဖြစ်နေတဲ့ ကိစ္စတစ်ခုဆီကို ပြန်လှည့်ခဲ့ပါတယ်။ အဲဒီကိစ္စကတော့ အမေရိကန်နိုင်ငံမှာ H&M ရဲ့ ပထမဆုံးဆိုင်ကို စဖွင့်ဖို့ကိစ္စပဲဖြစ်ပါတယ်။ ''အစဉ်အလာအရတော့ လောဘကြီးတဲ့ ဥရောပထုတ်လုပ်သူတွေနဲ့ လက်လီဆိုင်လုပ်သူတွေက အမေရိကန်မှာ သွားဖွင့်တဲ့ဆိုင်ဟာ သူတို့အတွက်သင်္ချိုင်းပါပဲ'' လို့ Independent သတင်းစာကြီးရဲ့ ဆောင်းပါးထဲမှာ Sanai က မှတ်ချက်ပြုခဲ့ပါတယ်။
H&M ဟာ Rockefeller Center နဲ့မျက်နှာချင်းဆိုင်က Fifth Avenue လမ်းပေါ်မှာရှိတဲ့ အဓိကအိမ်ခြံမြေတစ်ခုကို ငှားလိုက်ပြီး ၂၀၀၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့မှာ ဖွင့်ပွဲလုပ်ဖို့အတွက် ကြိုတင်ကြော်ငြာလှုပ်ရှားမှုမှာ စရိတ်တွေ အကြီးအကျယ် ထုတ်သုံးခဲ့ပါတယ်။ နယူးယောက်က အဓိကအရောင်းဆိုင်ကြီးကို လူထုအတွက် မဖွင့်ခင်ညမှာ WWD ဖက်ရှင်မဂ္ဂဇင်းကြီးရဲ့ စာရေးဆရာ Anne D'Innocenzio နဲ့ သူစကားပြောတဲ့အချိန်မှာ ဒီလိုခိုင်မာပြီးအခြေကျနေတဲ့ ဈေးကွက်တစ်ခုထဲကို ဝင်ခဲ့တာနဲ့ပတ်သက်ပြီး သူ့မှာယုံကြည်မှုရှိကြောင်း Persson က ပြောခဲ့ပါတယ်။ ''ဖက်ရှင်နဲ့ပတ်သက်လာရင် ကျွန်တော်တို့က နှာတစ်ဖျားသာနေပါတယ်။ ကျွန်တော်တို့ကို ပေးရတဲ့ငွေအတွက် ကျွန်တော်တို့က တန်ဖိုးတွေ ပြန်ပေးနေပါတယ်။ အမေရိကန်တွေက အပေးအယူ ကောင်းကောင်းလုပ်ချင်ကြပါတယ်'' လို့ သူက D'Innocenzio ကို ပြောခဲ့ပါတယ်။ သူ့ရဲ့မွေးရာပါဗီဇဉာဏ်ဟာ မှန်ကန်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဆိုင်တံခါးတွေကို ဖွင့်လိုက်တဲ့အခါ အထပ်တွေအများကြီးရှိတဲ့ ကုန်ပဒေသာတိုက်ကြီးတစ်ခုလုံးကို ဈေးဝယ်သူတွေက ဝင်ရောက်သိမ်းပိုက်လိုက်ကြပြီး အဲဒီနေရာတစ်ခုလုံးမှာ လက်ခံနိုင်တဲ့ လူအရေအတွက်ထက် ကျော်လွန်သွားတဲ့အတွက် လုံခြုံရေးဝန်ထမ်းတွေက တံခါးတွေကိုတောင် ခဏပိတ်ထားခဲ့ရပါတယ်။
ဆွီဒင်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီး . . .
Stefan Persson ဟာ ဈေးချိုချိုနဲ့ရောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ ခေတ်မီဖက်ရှင်အဝတ်အထည် လက်လီဆိုင်လုပ်ငန်းကြီး H&M နဲ့ပဲ ဆွီဒင်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပါပြီ။ သူဟာ ကုမ္ပဏီရဲ့အစုရှယ်ယာတွေကို ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး လက်ရှိမှာ ကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ အခုအချိန်မှာ ဒီလုပ်ငန်းကြီးရဲ့ ထိပ်ပိုင်းနေရာကို ရောက်နေတာကတော့ နောက်ထပ်ဘီလီယံနာ တစ်ယောက်လည်းဖြစ်တဲ့ သူ့ရဲ့သား Karl-Johan ပဲဖြစ်ပါတယ်။ ကျန်တဲ့သားတစ်ယောက်ဖြစ်တဲ့ Tom Persson နဲ့ သမီး Char-lotte Söderström တို့ဟာလည်း ဘီလီယံတွေဖြစ်ကြသလို သူ့ရဲ့ညီမဖြစ်တဲ့ Lottie ဟာလည်း ဘီလီယံနာတစ်ယောက်ပါပဲ။ Persson ဟာ H&M ရဲ့ ပြင်ပက လုပ်ငန်းတစ်ခုအနေနဲ့လည်း ဥရောပတစ်ဝန်းမှာ ပထမတန်းစား လက်လီအိမ်ခြံမြေလုပ်ငန်းစုကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ သူဟာ Ramsbury အိမ်ခြံမြေ လုပ်ငန်းကြီးကတစ်ဆင့် ဥရောပကမက်မောစရာ အကောင်းဆုံးဈေးရပ်ကွက်ဒေသတွေမှာ အိမ်ခြံမြေတွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ လန်ဒန်မြို့ Oxford လမ်းကနေ ရောမမြို့လယ်က Via del Corso လမ်းနဲ့ ပါရီမြို့က Champs-Elysée လမ်းမကြီးအထိ ပါပါတယ်။ ဗြိတိန်နိုင်ငံ Wiltshire စီရင်စုက ဧက ၈,၇၀၀ ကျယ်ဝန်းတဲ့ Savernake အိမ်ခြံမြေကြီးနဲ့ ၂၀၀၉ ခုနှစ်မှာ ဝယ်ထားခဲ့တဲ့ Hampshire စီရင်စုက Linkenholt ရွာကိုလည်း သူက ပိုင်ဆိုင်ထားပါတယ်။ သူဟာ ၁၉၈၂ ခုနှစ်က ၉၈ ခုနှစ်အထိ Stockholm စွန့်ဦးတီထွင်လုပ်ငန်းရှင်ကျောင်း၊ Electrolux ဆွီဒင်လျှပ်စစ်ပစ္စည်းကုမ္ပဏီကြီးနဲ့ INGKA Holding B.V. အိမ်ဆောက်ပစ္စည်း ကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့တွေမှာလည်း ဝင်ပြီးလုပ်ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံရဲ့အချမ်းသာဆုံး နိုင်ငံသားအဖြစ် သတ်မှတ်ထားတဲ့ Persson ဟာ ၁၉၈၂ ခုနှစ်မှာ CEO အဖြစ် သူ့အဖေရဲ့အရိုက်အရာကို ဆက်ခံခဲ့ပြီး ကုမ္ပဏီကို တစ်ကမ္ဘာလုံးကိုရောက်သွားအောင် လုပ်နိုင်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။ BusinessWeek မဂ္ဂဇင်းကြီးရဲ့ စာရေးဆရာတွေ ဖြစ်ကြတဲ့ Kerry Capell နဲ့ Gerry Khermouch တို့က ၂၀၀၂ ခုနှစ်ရဲ့ ကုမ္ပဏီသတင်းဆောင်းပါးတစ်ပုဒ်ထဲမှာ H&M ရဲ့အောင်မြင်တဲ့ မဟာဗျူဟာကို ရေးသားဖော်ပြခဲ့ကြပါတယ်။
''ဖက်ရှင်ကို ပုပ်သိုးလွယ်တဲ့ ပစ္စည်းလို သဘောထားပါ။ ဖက်ရှင်ကို လတ်ဆတ်နေအောင်လုပ်ပါ။ ပြောင်းလဲနေအောင်လုပ်ပါ။ ဒါဟာ ဖက်ရှင်ကို အရူးအမူးဖြစ်နေတဲ့လူတွေက ဖက်ရှင်ကို ရှာလို့မတွေ့ခင် ကိုယ်က အရင်ဦးအောင်တွေ့အောင် ရှာတာ၊ စိတ်ကူးတွေကို လူတွေဝယ်ဝတ်နိုင်တဲ့ အဝတ်အစားတွေ ဖြစ်လာအောင် ပြောင်းလဲပေးတာ၊ အဝတ်အစားတွေကို ဘယ်သူမဆို ဝတ်လို့ရအောင် လုပ်ပေးတာတွေကို ဆိုလိုတာပါပဲ'' လို့ သူတို့က ပြောကြပါတယ်။
တန်ဖိုးတွေတက်လာတဲ့ H&M ရဲ့ရှယ်ယာများ . . .
၁၉၇၄ ခုနှစ်ကစပြီး Stockholm စတော့ရှယ်ယာဒိုင်မှာ စာရင်းသွင်းခဲ့ပြီး အဲဒီလုပ်ရပ်ဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆွီဒင်နိုင်ငံရဲ့ကြီးလေးတဲ့ အမွေဆက်ခံမှုဆိုင်ရာ အခွန်တွေကိုရှောင်ဖို့ဖြစ်ပါတယ်။ လုပ်ငန်းတွေက တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းနဲ့ နှစ်တော်တော်ကြာ အံ့သြလောက်အောင်တိုးတက်ခဲ့တဲ့အတွက် H&M ရှယ်ယာတွေရဲ့တန်ဖိုးဟာ မှန်မှန်ကြီးတိုးတက်လာခဲ့ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ဆိုင်တွေထဲမှာ ကလေးတွေနဲ့ ကလေးမိခင်တွေအတွက် အထည်တွေကို စပြီးလုပ်ခဲ့တဲ့အတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့နောက်ပိုင်းမှာ ပြိုင်ဘက်တွေကိုအနိုင်ရပြီး ဥရောပရဲ့အကြီးမားဆုံး အဝတ်အထည် လက်လီဆိုင်လုပ်ငန်းကြီး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ရဲ့ စောစောပိုင်းအချိန်တစ်ချိန်မှာ ဘဏ္ဍာရေး သရုပ်ခွဲစိစစ်သူတချို့က H&M ရဲ့ ရှယ်ယာတွေကို လက်လီဆိုင်ကဏ္ဍမှာ တန်ဖိုးအကြီးမားဆုံး စတော့တွေဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ H&M ရဲ့အစုရှယ်ယာတွေဟာ လက်လီလုပ်ငန်းကဏ္ဍမှာ တန်ဖိုးအမြင့်ဆုံးဖြစ်နေပြီး ဆက်ပြီးတော့လည်း တိုးပွားနေတယ်လို့ ဘဏ္ဍာရေးသရုပ်ခွဲ စိစစ်သူတော်တော်များများက ယူဆခဲ့ကြပါတယ်။
ဒီဇိုင်းပိုင်းနဲ့ပတ်သက်တဲ့ အရေးကြီးဆုံးဖြတ်ချက် . . .
H&M ရဲ့အောင်မြင်မှုတစ်စိတ်တစ်ပိုင်းဟာ ကုမ္ပဏီတွင်းဒီဇိုင်းအဖွဲ့ဆီက လာခဲ့ပါတယ်။ အဲဒီအဖွဲ့ကို Persson က ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းတုန်းက ဒီဇိုင်းကျောင်းက ဆင်းလာတာမကြာသေးသူတွေနဲ့ Stockholm မှာရှိတဲ့ ကုမ္ပဏီရုံးချုပ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုအတွက် လိုအပ်ချက်တွေကို ရဖို့အတွက် အလုပ်သမားစရိတ် သက်သာတဲ့ ဘင်္ဂလားဒေ့ချ်၊ တရုတ်နဲ့တူရကီလို နိုင်ငံတွေက ပစ္စည်းပေးသွင်းသူပေါင်း ၁,၆၀၀ လောက်ရှိတဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်ကြီးတစ်ခုနဲ့ ချိတ်ဆက်ထားခဲ့ပါတယ်။ ကုန်ပစ္စည်းတွေကို နိုင်ငံတစ်နိုင်ငံစီနဲ့ ပိုပြီးကိုက်ညီအောင် အလိုက်သင့်ပြောင်းပေးဖို့ Persson က ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုကြိုးစားဖို့ မထိုက်တန်ဘူးဆိုတာကို မကြာခင်မှာ သူသဘောပေါက်သွားခဲ့ပါတယ်။ ရောင်းကုန်တွေကို နိုင်ငံအမျိုးမျိုးနဲ့ ကိုက်ညီအောင် လိုက်လုပ်တာဟာ ကုမ္ပဏီရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးနေတာသာဖြစ်တယ်လို့ Persson က ယုံကြည်သွားပါတယ်။ ''လူတိုင်းက တူညီတဲ့တေးဂီတပုံစံကို နားထောင်ကြသလို တူညီတဲ့ရုပ်ရှင်တွေကိုပဲ ကြည့်ကြတာမဟုတ်လား'' လို့ WWD မဂ္ဂဇင်းထဲမှာ D'Innocenzio ကို သူက ပြောခဲ့ပါတယ်။
ဒီဇိုင်းတိုးတက်စေဖို့ ပူးပေါင်းဆောင်ရွက်မှုများ . . .
H&M ဟာ သူတို့ရဲ့ အဝတ်အထည်တွေရဲ့ ဒီဇိုင်းတွေကို အထောက်အကူဖြစ်ဖို့အတွက် နာမည်ကျော်ဒီဇိုင်းပညာရှင်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကုမ္ပဏီက ဖိတ်ခေါ်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကုမ္ပဏီရဲ့ဆိုင်တွေက နာမည်ကျော် ဂျာမန်ဒီဇိုင်းပညာရှင် Karl Lagerfeld ပုံစံထုတ်ပေးတဲ့ အထူးအဝတ်အထည် အသစ်အဆန်းတွေကို ရောင်းပေးခဲ့ပါတယ်။ အစပိုင်းမှာ တစ်နာရီအတွင်း ပစ္စည်းတွေရောင်းလို့ ကုန်သွားခဲ့ပြီး ဒီစွန့်စားလုပ်ဆောင်မှုဟာ အကြီးအကျယ်အောင်မြင်သွားခဲ့ပါတယ်။ အဲဒီ ဒီဇိုင်းပညာရှင်တွေထဲမှာ Stella McCartney ၊ Madonna ၊ Jimmy Choo အစရှိတဲ့ ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ Maxis ဂိမ်းဖော်ထုတ်သူတွေကလည်း Sims 2 ဆိုတဲ့ သူတို့ရဲ့ ကွန်ပျူတာဂိမ်းအတွက် ထည့်စရာပစ္စည်းကိုဖန်တီးဖို့ H&M နဲ့အတူ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ နာမည်ကျော် ဘောလုံးသမား David Beckham ဟာ H&M မှာ အတွင်းခံဘောင်းဘီပုံစံထုတ်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ တင်းနစ်ကစားသမား ဝတ်စုံသစ်တစ်မျိုးကို ဖန်တီးရာမှာ ချက်လူမျိုးကစားသမား Tomas Berdych က ပါဝင်ကူညီခဲ့ပါတယ်။
တည်ထောင်သူကွယ်လွန်ပြီးနောက် ဆက်လက်တိုးတက်ဆဲ . . .
Persson ရဲ့အဖေ Erling ဟာ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ အသက် ၈၅ နှစ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူနဲ့ သူ့ညီမတို့ရဲ့ လက်ထဲမှာ မဲပေးခွင့်ရှိတဲ့ H&M ရဲ့အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းလောက်နဲ့ မတည်ငွေရဲ့ ၃၇ ရာခိုင်နှုန်း ရှိနေခဲ့ပါတယ်။ H&Mဟာ လက်လီဆိုင်ကဏ္ဍရဲ့ စီးပွားရေးကျဆင်းမှုတွေကို တောင့်ခံရှင်သန်ခဲ့ပြီး တိုးတက်မှုတောင်ရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကုမ္ပဏီရဲ့ အရောင်းတန်ဖိုးဟာ ဒေါ်လာ ၅.၈ ဘီလီယံ ရှိခဲ့ပါတယ်။ အဲဒီငွေတွေရအောင် ရောင်းချနိုင်ခဲ့တဲ့ ပစ္စည်းအရေအတွက်ပေါင်းဟာ သန်းပေါင်း ၅၅၀ တောင် ရှိခဲ့ပြီး အဲဒီအတွက်ရခဲ့တဲ့အမြတ်က ဒေါ်လာ ၈၃၃ သန်းရှိပါတယ်။
ဥက္ကဋ္ဌရဲ့ ခြိုးခြံတတ်တဲ့ အလေ့အကျင့် . . .
H&M ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Persson ဟာ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်းပေါင်း ၃၉,၀၀၀ နဲ့ အလုပ်လုပ်နေပေမဲ့ အင်မတန်ခြိုးခြံချွေတာတယ်လို့ လူသိများပါတယ်။ သူ့ဆီက အမှုဆောင်နည်းနည်းလောက်မှာပဲ လက်ကိုင်ဖုန်းကိုင်နိုင်တဲ့ အထူးအခွင့်အရေး ရှိကြပါတယ်။ နိုင်ငံ ၁၇ နိုင်ငံမှာ လုပ်ငန်းတွေလုပ်နေပြီး ၂၀၀၃ ခုနှစ်ကစပြီး အရှေ့ဥရောပအထိ လုပ်ငန်းတွေ တိုးချဲ့ခဲ့တဲ့ ဒီကုမ္ပဏီက လူတွေဟာ လေယာဉ်နဲ့ ခရီးသွားရင် ဈေးအပေါဆုံးအတန်းကပဲ စီးကြရပြီး အငှားကားစီးတဲ့ ကုန်ကျစရိတ်တွေကိုလည်း ကုမ္ပဏီဆီက ပြန်တောင်းပိုင်ခွင့်မရှိပါဘူး။ ဒီလိုဘတ်ဂျက်ကိစ္စတွေဟာ သိပ်အရေးကြီးတယ်လို့ Financial Times သတင်းစာကြီးက George နဲ့ အင်တာဗျူးလုပ်တုန်းက Persson ကပြောခဲ့ပါတယ်။ ''ဈေးနှုန်းအလိုက် အကောင်းဆုံးတန်ဖိုးကို ရဖို့ဆိုတဲ့ ကျွန်တော်တို့ လုပ်ငန်းရဲ့ခံယူချက်နဲ့ ရပ်တည်ရှင်သန်ဖို့အတွက်ဆိုရင် မလိုအပ်ဘဲ သုံးလိုက်တဲ့ ခရိုနာ (ဆွီဒင်နိုင်ငံသုံးငွေ)တိုင်းက နောက်ဆုံးမှာ ဈေးနှုန်းအပေါ်ကို ဝန်သွားပိပြီး လုပ်ငန်းရဲ့ခံယူချက်တစ်ခုလုံးကို ခြိမ်းခြောက်လာပါလိမ့်မယ်'' လို့ သူက ပြောပါတယ်။
ပိုင်ဆိုင်မှုနဲ့ အများအကျိုးဆောင်ရွက်မှုများ . . .
H&M ဟာ ဒီနေ့ ဥရောပမှာ ဒုတိယအကြီးဆုံး Brand ကြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် Stefan Persson ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာ ဒေါ်လာ ၂၀.၄ ဘီလီယံရှိပါတယ်။ Persson ဟာ ပရဟိတလုပ်ငန်းအမျိုးမျိုးကိုလည်း လုပ်ကိုင်နေပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ Erling Perssons မိသားစု ဖောင်ဒေးရှင်းကြီးထဲကို ဒေါ်လာ ၁၅၁ သန်းထည့်ပေးခဲ့သလို လူငယ်တွေရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတိုက်ဖျက်ရေးကို လုပ်ဆောင်နေတဲ့ Mentor ဖောင်ဒေးရှင်းကြီးကို တည်ထောင်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ Djurgardens IF ဘောလုံးအသင်းကို ထောက်ခံအားပေးသူတစ်ယောက်လည်းဖြစ်ပြီး အဲဒီဘောလုံးအသင်းအတွက် ဖောင်ဒေးရှင်းတစ်ခုကိုလည်း ပူးတွဲတည်ထောင်ပေးခဲ့ပါတယ်။
ကိုယ်ပိုင်ဘ၀ . . .
သူ့ရဲ့ကိုယ်ရေးကိုယ်တာအနေနဲ့ကတော့ သူဟာ ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့သား Karl Johan Persson ကို H&M ရဲ့ President နဲ့ CEO အဖြစ်လွှဲအပ်ပေးပြီး သူ့ဇနီး၊ သူ့သားသမီးသုံးယောက်နဲ့အတူ Stockholm မြို့မှာ နေထိုင်လျက်ရှိပါတယ်။ သူဟာ တောင်ပေါ်မှာ စကိတ်စီးတဲ့ အားကစား၊ တင်းနစ်နဲ့ ဂေါက်သီးအားကစားတွေကို နှစ်သက်ပါတယ်။ သူဟာ ၂,၀၀၀ ပြည့်နှစ်မှာ အမေရိကန် လက်လီဆိုင်အဖွဲ့ချုပ်က ချီးမြှင့်တဲ့ အပြည်ပြည်ဆိုင်ရာ ဆုကိုရခဲ့ပါတယ်။
ဇော်ဝင်းကြူ(ပျဉ်းမနား)