Online မှ အစပြုထူထောင်နိုင်သော မြန်မာ့စီးပွားရေးဈေးကွက်

၂၀၁၃ ခုနှစ် ကမ္ဘာ့ကုမ္ပဏီကြီး များကို စီမံခန့်ခွဲရေးနည်းပညာ ပေးဆိုင်ရာ မစ်ကင်ဆီ (Mckinsey Global Institute) က မြန်မာ့စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြေခံ ယန္တရား လေးချက်ကို အရေးကြီး မဏ္ဍိုင်အဖြစ် ထားပြီး မြန်မာနိုင်ငံစီးပွားရေးကို ကမ္ဘာ့ စီးပွားရေးဆိုင်ရာ စင်မြင့်ပေါ်သို့ လက်လှမ်းမီနိုင်ဖို့ စုစည်းသုံးသပ် အကြံပေးခဲ့ပါတယ်။ ဒီအရေးကြီးဆိုင်ရာ နည်းလမ်းလေးသွယ် ကတော့         ၁။ ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး၊ ၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊ ၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့ ၄။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ ကျင့်သုံးရေး ဖြစ်ပါတယ်။ ဒီလေးချက်နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ နံပါတ်တစ်အချက်ဖြစ်တဲ့ Transformation of Digital Infrastructure လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲမှုကို အခြေခံပြီး ကိုးကားတဲ့ နည်းလမ်းအမြင်သစ် အနည်းငယ်ကို သုံးသပ်တင်ပြလိုပါတယ်။  

ဒီဂျစ်တယ်အခြေခံ လုပ်ငန်းဆောင်တာများ

ဒီဂျစ်တယ်အင်တာနက်ကိုအခြေခံပြီး ယနေ့ ပြောင်းလဲနေတဲ့ လုပ်ဆောင်ချက်တွေကို စာဖတ်သူ အနေနဲ့ ကြားဖူး မြင်ဖူးကြမှာပါ။  နိုင်ငံရေးကဏ္ဍတွေမှာ E-Govenment  လို့ခေါ်တဲ့ အစိုးရတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအကြား၊ လူမှုကွန်ရက်တွေနဲ့ စေတနာ့လုပ်ငန်းအဖွဲ့အစည်း(NGO)တွေ အကြားတွေမှာ အင်တာနက်ကတစ်ဆင့် လွယ်ကူစွာ စီမံခန့်ခွဲတဲ့စနစ်ဖြစ်ပါတယ်။ ဥပမာအားဖြင့်  အစိုးရရဲ့ရှင်းတမ်းလုပ်ဆောင်ချက် ဒါမှမဟုတ် နိုင်ငံ့ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်များကို လူတိုင်း အင်တာနက်ကတစ်ဆင့် သက်ဆိုင်ရာဌာနဝက်ဆိုဒ်တွေမှာ ပြည်သူတွေတွေ့နိုင်အောင် စီစဉ်ထား ပြီး ပြည်သူတို့က မည်ကဲ့သို့ပါဝင်နိုင်ရန် လွယ်ကူစွာ လုပ်ဆောင်ပေးတဲ့စနစ် ဖြစ်ပါတယ်။ လိုရင်းပြောရရင် အခွန် ဝန်ဆောင်မှု၊ ရှင်းတမ်းဆိုင်ရာလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ အားလုံးကို အွန်လိုင်းကတစ်ဆင့် လုပ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ ဈေးသက်သာ၊ အချိန်ကို ပိုပြီးသက်သာ စုဆောင်းပေးနိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်သစ်ကို  တိုးတက်လာဆဲ နိုင်ငံတွေ တော်တော်များများမှာလည်း အသုံးပြုနေပါပြီ။ နိုင်ငံကြီးများဖြစ်တဲ့ အမေရိက၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က လုပ်ဆောင်ခဲ့ပါတယ်။ ပြည်သူလူထုကို အစိုးရက ဘယ်လို ဦးဆောင်လုပ်ပေးနေပြီး Power to People ဆိုတဲ့ ပြောင်းလဲမှုစနစ်ကို Information Revolution ဆိုတဲ့ (ဆက်သွယ်ပြန်ကြားရေးတော်လှန်မှုစနစ်) နဲ့ ထူထောင်သွားတဲ့ လုပ်ငန်းမျိုးလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဥပမာ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ လစဉ်ဝင်ငွေကို တိုင်းသူပြည်သားများ သိနိုင်သလို  စင်ကာပူသွားမယ့် သူတွေအားလုံးအတွက် လည်း နိုင်ငံဝင်ခွင့် လက်မှတ်များလိုအပ်ပါကလည်း အွန်လိုင်းကနေ အလွယ်တကူလုပ်နိုင်တဲ့ ကိစ္စမျိုးပါ။ ဒစ်ဂျစ်တယ်ကွန်ရက်ရဲ့ လုပ်ဆောင်ချက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများ၊ အသေးစားဝန်ဆောင်မှုလုပ်ငန်းများနဲ့ လက်လီလက်ကားဖြန့်ဖြူးတဲ့ လုပ်ငန်းတွေအတွက် အင်မတန် အထောက်အကူပေးနိုင်တဲ့ စနစ်လည်း ဟုတ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လေ့လာသုံးသပ်ချက်အရ ၁၉၈၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း (Middle Income) အလယ်အလတ်တန်းစားဝင်ငွေရှိနိုင်ငံ ၁၂၀ ကို အင်တာနက်ရဲ့ စွန်းဆောင်မှုနဲ့ပတ်သက်ပြီး  ဓန ရှုထောင့်မှ သုံးသပ်ကြည့်ရာ နိုင်ငံတစ်နိုင်ငံအတွင်း Internet Broadband ၁၀ ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ရုံနဲ့ ပြည်သူ တွေရဲ့ နိုင်ငံ့ဝင်ငွေ ၁.၃၈ ရာခိုင် နှုန်း တိုးမြင့်လာကြောင်းသုံးသပ် သွားပါတယ်။ ဒီပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေပါ။ ၂၀၀၃ ခုနှစ်မှ ၂၀၁၄ အတွင်း  အင်တာနက်ပိုင်းဆိုင်ရာ နည်းစနစ်တွေ ပိုပြီးပြောင်းလဲနေပါပြီ။ Wifi နဲ့ Fiber Optics တွေတစ်ဆင့် သတင်းပြန်ကြားရေး လုပ်ငန်းပိုင်းဆိုင်ရာများနဲ့ စီးပွားရေးကဏ္ဍများ မှာ လျှင်မြန်ထိရောက်စွာ လုပ်နိုင်ပါပြီ။ စက်မှုပိုင်းဆိုင်ရာ တိုးတက်လာတယ်ဆိုတော့ လုပ်ငန်းပိုင်း ဆိုင်ရာ ဝန်ဆောင်မှုတွေလည်း ပြောင်းလဲသင့်တာပေါ့။ ဒီတော့ အမိမြန်မာနိုင်ငံမှာ အင်တာနက် ကိုအခြေခံပြီး ဘယ်လိုစီးပွားရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်မှာလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။  

သမိုင်းမှ အကြီးဆုံး Startups ကုမ္ပဏီများ  

လွန်ခဲ့တဲ့လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြန်ကြားရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲမှုများ သိသိသာသာ ရှိခဲ့ပါတယ်။ အထူးခြားဆုံးပြောင်းလဲမှု က မီဒီယာဆိုင်ရာ အခွင့်လမ်းများ တာဝန်ရှိရှိ ပြောဆိုနိုင်ခြင်းစနစ်နဲ့  နောက်ဆုံး အိုရီဒို နဲ့ တယ်လီနော် တို့ရဲ့မြန်မာပြည်အတွင်း ရင်းနှီးမြှုပ်နှံမှု ကိစ္စနဲ့ မြန်မာပြည်သူလူထုအတွက် ဘယ်လို အကျိုးပေးနိုင်တယ်ဆိုတဲ့ ကဏ္ဍကြီးတွေဖြစ်ပါတယ်။  ဒီတော့ အင်တာနက်ဆိုင်ရာ Startups လို့ခေါ် တဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ဝင်ရောက်ဖြေရှင်းနိုင်တဲ့ကိစ္စတွေ ပေါ်လာပါတယ်။ Startups Company လို့ပြောရင်  ကုမ္ပဏီတစ်ခုဟာ မဖြေရှင်းနိုင်သေးတဲ့ လ့ူကိစ္စတွေ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုပြဿနာတွေကို နောက်ဆုံးနည်းစနစ်နဲ့ ဈေးသက်သာစွာနဲ့ လူထုအများကို ထိရောက်စွာ ဖြေရှင်းပေးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ယနေ့ကမ္ဘာ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Amazon တို့ဟာ Startup ဆိုတဲ့ သူတို့ရဲ့ First Stage ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက လုပ်ငန်းအသေးစား အနေနဲ့လုပ်ခဲ့ပါတယ်။ အဲသလိုလုပ်တဲ့အခါမှာ Business Model ဒါမှမဟုတ် Business Process ရှိဖို့လိုပါတယ်။ အရေးကြီးဆုံးက Business Idea  ပါပဲ။ မိမိရဲ့ စီးပွားအမြင်ဟာ Original and Innovative Ideas ဖြစ်ဖို့လိုပါတယ်။ Google က Information အားလုံးကို နေရာတစ်ခုတည်းမှာ တစ်စုတည်း အလွယ်တကူရနိုင်အောင် လုပ်ပေးတဲ့ဝန်ဆောင်မှုကို တီထွင်ခဲ့ပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ဲ့ စီးပွားရေးအမြင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ရှေ့မှာ ဘယ်လို လုပ်ငန်း မျိုးမှလည်း မရှိခဲ့ပါဘူး။ ထိုနည်းတူစွာ Amazon လည်း ဝယ်လိုရောင်းလိုသူတွေ အားလုံးအတွက် Online Market Platform ဆိုတဲ့ အင်တာနက်ကတစ်ဆင့် ဈေးကွက်ဝန်ဆောင်မှုကို ပေးခဲ့ပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ သူတို့ရဲ့ ရိုးစင်းပြီး ထိရောက်တဲ့ အမြင်ကို အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမြင်ကောင်းတစ်ခုလေးနဲ့ ယနေ့ Google ရဲ့ Total Assets ခေါ် စုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၉၂ ဘီလီယံ ရှင်သန်နေပြီး Amazon ကတော့ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၁၅၉ ဘီလီယံ တန်ဖိုး ရှိပါတယ်။

Google နဲ့ Amazon တို့လို မဖြစ်နိုင်ပေမဲ့ ယနေ့မြန်မာပြည်အတွင်း Startups စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့အခွင့်အရေးတွေ တော်တော်များလာပါပြီ။ ရန်ကုန်အတွင်း Startups Ecosystem ဆိုတဲ့ အင်တာနက်ကိုအခြေခံပြီး လုပ်နိုင်တဲ့လုပ်ငန်းတွေ အများအပြား ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ကားအရောင်းအဝယ် လွယ်ကူစွာ လုပ်ပေးနိုင်တဲ့ လုပ်ငန်းတွေ၊ အွန်လိုင်းကတစ်ဆင့် နေ့စားနဲ့ ရေရှည်လုပ်ငန်းတွေ ရှာဖွေပေးခြင်း ၊ မိမိကြိုက်တဲ့ အစားအစာတွေကို အွန်လိုင်းမိုဘိုင်း App ကတစ်ဆင့် မှာယူခြင်း၊ ကားအငှား ဝန်ဆောင်မှုတွေ ပေးတဲ့ လုပ်ငန်းတွေ၊ အနုပညာနဲ့ပတ်သက်တဲ့ ဆိုကရေးတီးသင်တန်းတွေကို အွန်လိုင်းမှ ကြော်ငြာလုပ်ကိုင်ခြင်း၊ ရိုးရာဝတ်စုံရောင်းဝယ်တဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသားတွေလိုအပ်တဲ့ ပုံစံအတိုင်း Customized Design တွေလုပ်ပေးပြီး လက်လီလက်ကား အင်တာနက်ကတစ်ဆင့် ပြည်တွင်းနဲ့ပြည်ပကို ရောင်းဝယ်ဖြန့်ဖြူးခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ပါက အောင်မြင်မှုရမည် စာရေးသူအနေနဲ့ သုံးသပ်မိပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုကို ပေးတဲ့ စီးပွားရေးလုပ်ငန်းကြီး တွေအတွက်လည်း အင်တာနက်ကတစ်ဆင့် လူနာရဲ့ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းကတစ်ဆင့် ဆရာဝန်ပါရဂူများအကြား Data Transference တွေကို နည်းလမ်းတကျ ပေးအပ်ခြင်း စတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်ပါတယ်။ ခရီးသွားလာရေးကိစ္စတွေ အတွက်လည်း အွန်လိုင်းကတစ်ဆင့် ဝယ်ယူနိုင်တဲ့ဝန်ဆောင်မှုတွေဟာ ပြည်သူလူထုအတွက် အင်မတန်အကျိုး ပေးတဲ့ လုပ်ငန်းတွေ ဖြစ်နိုင်ပါ တယ်။ ယနေ့ ဂျာမနီနိုင်ငံမှာ Mein Fernbus ဆိုတဲ့ခရီးသွား Bus Line ဟာ တစ်နိုင်ငံလုံးမှာ ဈေးနှုန်းသက် သာစွာနဲ့ အင်တာနက်ကတစ်ဆင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေး နေပါတယ်။ စာရေးသူရဲ့ လေ့လာ သုံးသပ်ချက်အရ မြန်မာနိုင်ငံအ တွင်း လောလောဆယ် စတင်ဆဲ Ecommerce လုပ်ငန်းတွေက တော့ House နဲ့ Squar လို့ခေါ်တဲ့ ဖျော်ဖြေရေးဆိုင်ရာ Apps တွေဖြစ်ပါတယ်။

မြန်မာပြည်ဟာ ဒီဂျစ်တယ် မီဒီယာခေတ်ကို ဝင်လာတာနဲ့အမျှ နိုင်ငံအတွင်း အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မြစ်ကြီးနား၊ လားရှိုးမြို့တွေမှာ Startups Ecosystem ဆိုတဲ့ အသေးစားအင်တာနက်ဆိုင်ရာစီးပွားရေး (အင်တာနက်ဆိုင်မဟုတ်) လုပ်ငန်းတွေကို ချဲ့ထွင်ရန် အကောင်းဆုံးဖြစ်လာနိုင်ကြောင်းနဲ့ လုပ်ငန်းတွေမှာလည်း အမျိုးသမီများကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေ ပိုပြီးဝင်လာနိုင်ကြောင်း Women Empowerment ဆိုတဲ့ အမျိုးသမီးများ ကိုယ့်အရည်အသွေးကို ဦးစားပေးပြီး လုပ်နိုင်ကြောင်းတင်ပြတာ ဖြစ်ပါတယ်။ အွန်လိုင်းနည်းလမ်း တွေဖြစ်တဲ့ Pinterest ၊ Blogspot ၊ Wordpress ၊  Google+ ၊ Linkedin နဲ့ Facebook တွေကတစ်ဆင့်  မိမိရဲ့လုပ်ငန်းတွေကို စတင်လုပ်ကိုင်သင့်ကြောင်းနဲ့  IT နည်းပညာကျွမ်းကျင်တဲ့ လူငယ်မောင်မယ်တွေအတွက်လည်း အသေးစား IT ဆိုင်ရာစီးပွားလုပ်ငန်းတွေ လုပ်သင့်တဲ့အချိန် ရောက်ပြီဖြစ်ကြောင်း တင်ပြလျက် စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံး လုပ်ငန်းဆောင်တာ အ၀၀ အောင်မြင်ရန် ရည်ရွယ်ပြီး မြန်မာ့စီးပွားရေးကို Information Technology နဲ့ အခြေခံပြီး ပိုမိုတိုးတက်လာနိုင်ရန် ရည်စူးလျက်။

 

စတီဖင်ဆိုင်း

ဘာလင်၊ ဂျာမနီ