မဟာဗျူဟာများ သာနေအောင်ကြိုးစားပါ

ဆွန်ဇူးက အောက်ပါအတိုင်း မိန့်ကြားပါတယ် . . .

အောင်မြင်ရေးကို သာမန်လူတွေ မြင်သလောက်သာ ကြိုမြင်နိုင်တာဟာ အတော်ဆုံးအမြင် မဟုတ်ပါဘူး။ အပြင်းအထန်တိုက်ပွဲဆင်နွှဲလို့ အောင်ပွဲခံသွားကာ တစ်တိုင်းပြည်လုံးကလည်း ကောင်းချီသြဘာပေးကြရုံမျှနဲ့လဲ တော်လှပြီ ဟုတ်လှပြီလို့ မဆိုနိုင်ဘူး။ ဥပမာ- ခိုင်းနှိုင်းပြောရရင် ယုန်လေးတွေ အမွှေးနုနုပေါက်ခါစမှ အဲဒီအမွှေးလေးတွေကို ဆွဲမပြနိုင်တာ (ပေါ့ပါးတာကို မပြနိုင်တာ) ဟာ ဧရာမစွမ်းအားကြီး မဟုတ်ပါဘူး။ နေနဲ့လကို မြင်နိုင်ကာမျှနဲ့ အမြင်စွမ်းအားကောင်းလှပြီလို့ မဆိုနိုင်ဘူး။ မိုးကြိုးပစ်သံကြားလိုက်နိုင်တာကို အကြားအာရုံကောင်းလှပြီလို့ မဆိုနိုင်ဘူး။

ရှေးခေတ်တုန်းက စစ်တိုက်ကျွမ်းကျင်သူများလို့ အခေါ်ခံခဲ့ကြရသူတွေဟာ ရန်သူကို လွယ်လွယ်ကူကူ အောင်နိုင်ချေရှိနေလို့ အောင်ပွဲခံနိုင်ကြသူတွေ ဖြစ်ကြတယ်။ တိုက်ရေးခိုက်ရေး ကျွမ်းကျင်သူဆိုတာ အောင်မြင်အောင် တိုက်ခိုက်နိုင်တဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်ကိုလည်းပြမနေဘူး။ သူရသတ္တိတို့၊ ဉာဏ်အမြော်အမြင်တို့ဆိုတာတွေနဲ့ပဲ ပတ်သက်လို့လည်း နာမည်ကျော်ကြားနေသူ မဟုတ်ဘူး။ အဲဒါတွေမရှိဘဲ အောင်ပွဲခံနိုင်သူဟာ တိုက်ရေးခိုက်ရေး ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ တိုက်ခိုက်ရေးအတွက် အမှားအယွင်းကင်းစင်အောင် ဆောင်ရွက်နိုင်ခြင်းဟာ အောင်မြင်မှုကို သေချာပေါက်ရရှိစေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်နိုင်ရင် အရေးနိမ့်ပြီးသားဖြစ်နေတဲ့ ရန်သူကို အောင်မြင်သွားနိုင်တော့တာပါပဲ။

soonzuuoct1

ဒါကြောင့် ဉာဏ်အမျော်အမြင်ရှိတဲ့ တပ်မှူးဟာ ရန်သူများရဲ့ အနိုင်မခံရနိုင်တဲ့အနေအထားမှာ ရှိနေအောင် အမြဲဆောင်ရွက်တယ်။ ရန်သူကို နှိမ်နင်းနိုင်တဲ့ အခွင့်အလမ်းမှန်သမျှကိုလည်း လက်မလွတ်နိုင်အောင် ဂရုစိုက်ဆောင်ရွက်တယ်။ အောင်ပွဲခံရတဲ့တပ်ဆိုတာ ရန်သူကို ကျိန်းသေပေါက်ချေမှုန်းနိုင်တယ်ဆိုတာ သေသေချာချာ မသိရမချင်း စတင်တိုက်ခိုက်ခြင်းပြုမှာ မဟုတ်ဘူး။ ရှုံးဖို့သေချာနေတဲ့ တပ်ဆိုရင်တော့ ကံကောင်းထောက်မရင်နိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုက်မှာပါပဲ။ ဒီအချက်ကို တချို့သောဘာသာပြန်ဆိုချက်များမှာ မဟာဗျူဟာ စီမံချက်ရေးဆွဲခြင်းရဲ့ အရေးကြီးပုံအဖြစ် အထူးထောက်ပြရေးသားထားကြတယ်။ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ တပ်မှူးဟာ သူ့တပ်ကို စိတ်အားတက်ကြွစေနိုင်တယ်။ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာတယ်။ ဒါကြောင့် သူ့မှာစစ်ပွဲအောင်နိုင်ရေးအတွက် လိုသလိုဆောင်ရွက်နိုင်တဲ့ အစွမ်းတွေရှိနေပါတယ်။

''အောင်ပွဲခံရတဲ့ စစ်တပ်ဆိုတာ စစ်တိုက်ဖို့ မကြိုးစားခင်ကတည်းက (မဟာဗျူဟာတွေ ကောင်းနေတဲ့အတွက်) အောင်ပွဲတွေ ဆွတ်ခူးရရှိနေပါပြီ။ ရှုံးနိမ့်ဖို့ ကိန်းဆိုက်နေတဲ့တပ်ကတော့ အောင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုက်နေတာဖြစ်တယ်။''

Samuel B. Griffith

''အောင်ပွဲခံရတဲ့ ပုဂ္ဂိုလ်ဆိုတာ ကျိန်းသေပေါက် အောင်ပွဲခံနိုင်ရေးအတွက် အခြေအနေများကို ကြိုတင်ဖန်တီးဆောင်ရွက်ထားသူဖြစ်ကြောင်း ကျွနု်ပ်တို့ တွေ့ရတယ်။ အဲဒီလိုလုပ်ပြီးမှ ရန်သူကို တိုက်ခိုက်ခြင်းဖြစ်တယ်။ ရှုံးနိမ့်မယ့်ပုဂ္ဂိုလ်ကတော့ ရန်သူကိုစတင်တိုက်ခိုက်တာ ကံကောင်းထောက်မလို့ အောင်နိုင်ချေရှိမှာပါလို့ပဲ မျှော်လင့်နေတာဖြစ်တယ်။''

Brian Bruya

soonzuuoct2

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

အောင်မြင်တဲ့ မဟာဗျူဟာတစ်ရပ်ဆိုတာ တိုက်ပွဲမဝင်ခင်ကကို အောင်ပွဲရရှိနေပြီး ဖြစ်တယ်။

အပြိုင်အဆိုင်နည်းပါး သို့မဟုတ် လုံးဝမရှိဘဲ ဈေးကွက်အတွင်း ကုန်ပစ္စည်းစတင်ဝင်ရောက်ရောင်းချလိုက်တာ အောင်မြင်သွားတဲ့ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပါတယ်။ စာကူးစက်ဈေးကွက်မှာ (Xerox) ကုမ္ပဏီဝင်ရောက်တာ၊ အချက်အလက်ဆန်းစစ်တဲ့ ဈေးကွက်ထဲမှာ (IBM) ဝင်ရောက်တာ၊ အိမ်သုံးကွန်ပျူတာဈေးကွက်ထဲကို (Apple) ဝင်ရောက်လာတာ၊ သွားတိုက်ဆေးဈေးကွက်ထဲကို သွားရောဂါကာကွယ်ဆေးထည့်ထားတဲ့ သွားတိုက်ဆေးတွေနဲ့ (Crest) ကုမ္ပဏီဝင်ရောက်လာတာ စတဲ့ဖြစ်ရပ်များပါဘဲ။ အဲဒီလို သူ့ထက်ငါသာအောင် အပြိုင်အဆိုင်စတင်လုပ်ကိုင်ကြတုန်းက အခုလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ဘူး။

အဝတ်အထည်စတဲ့ အပျော့စားရောင်းကုန်များကို လက်လီရောင်းချတဲ့ (Kohl's) ဆိုတဲ့ ကုမ္ပဏီဟာ အဲဒီလုပ်ငန်းမှာ နေရာကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်ခဲ့ပါတယ်။ ဦးစီးဆောင်ရွက်ကြသူများဟာ သေသေချာချာ ဂရုတစိုက် ရေးဆွဲထားတဲ့ လုပ်ငန်းဆိုင်ရာမဟာဗျူဟာတစ်ရပ်ကို ဇောက်ချလုပ်ကိုင်ခဲ့တယ်။ စတော့ဈေးကွက်ကို လေ့လာဆန်းစစ်သူတစ်ဦးက '' (Kohl's) ဟာ လျှော့ဈေးနဲ့ရောင်းတဲ့ဆိုင်တွေ ဘယ်လိုတွက်ခြေကိုက်လာအောင် လုပ်နိုင်နေကြတယ်ဆိုတာနဲ့ လက်လီစတိုးဆိုင်တစ်ဆိုင်ရဲ့ နာမည်ရ ကုန်ပစ္စည်းများကိုလေ့လာပြီး ပေါင်းစပ်ဆောင်ရွက်ခဲ့တာဖြစ်တယ်'' လို့ ဆိုတယ်။ ဈေးဝယ်လာကြသူများဟာ သန့်ရှင်းတောက်ပြောင်နေတဲ့ အဲဒီဆိုင်ထဲမှာ ဘာမဆို အလွယ်တကူတွေ့မြင်နိုင်တယ်။ ဝန်ဆောင်မှုလည်း ကောင်းတယ်။ ပစ္စည်းဈေးလည်း အများကြီးတန်တယ်။

(Tide) ဆိုတဲ့ တံဆိပ်ပါ အဝတ်လျှော်ဆပ်ပြာမှုန့်ကို ထုတ်လုပ်တဲ့ (Procter + Gamble) ကုမ္ပဏီဟာ ပြိုင်ဘက်တွေထက်သာတဲ့ ကုန်ပစ္စည်းနာမည်ရအောင် မဟာဗျူဟာ တစ်ရပ်ချမှတ်ဆောင်ရွက်ခဲ့တယ်။ အလိုအလျောက် အဝတ်လျှော်စက်တွေ ဈေးကွက်မှာ စတင်ရောင်းချကြတုန်းက၊ အဲဒီစက်တွေကို ထုတ်လုပ်ကြသူများဟာ စက်တွေကိုသုံးတဲ့အခါ ဆပ်ပြာအစား အဝတ်လျှော်ဆပ်ပြာမှုန့်ကိုသာသုံးစွဲကြဖို့ ပြောပြကြရတယ်။ ဆပ်ပြာခဲက အဝတ်အစားတွေကြားထဲမှာ အညစ်အကြေးတွေ ဖြစ်တတ်တယ်။ အဲဒါတွေကို စက်ကရှင်းပေးလို့မရဘူး။ ဒီတော့ (P+G) ကုမ္ပဏီဟာ အဝတ်လျှော်စက်ထုတ်လုပ်တဲ့ကုမ္ပဏီများကို (Tide) ဆပ်ပြာမှုန့်ထုပ်များကို အခမဲ့ပေးကာ အဝတ်လျှော်စက်နဲ့အတူ ထည့်ပေးပါတယ်။ ဒီလို အခမဲ့စမ်းသပ်ပေးလိုက်တော့ ဝယ်သူတွေဟာ နောက်ထပ်လာဝယ်ကြတယ်။ ဒီတော့ (Tide) ကုမ္ပဏီဟာလည်း ဘယ်ယှဉ်ပြိုင်ဘက်နဲ့မှ ပဋိပက္ခမလုပ်ရဘဲ နာမည်ကြီးအမှတ်တံဆိပ် ဖြစ်လာတယ်။

ပဋိပက္ခဆိုတာ အားလုံးတော့ ရှောင်လွှဲလို့တော့ မရဘူး။ ဒါပေမယ့် မဟာဗျူဟာကောင်းသွားရင် ဆန့်ကျင်ဘက်တွေ တော်တော်များလည်းမရှိနိုင်ဘူး။

ဖော်ပြပါအခြေအနေများကိုသုံးပြီး မဟာဗျူဟာဆိုင်ရာ အသာရမှုတို့အတွက် ဆောင်ရွက်နိုင်တယ်။

- ထွက်ကုန်ပစ္စည်း သို့မဟုတ် ပေးတဲ့ဝန်ဆောင်မှုဟာ သိသိသာသာထူးခြားကာ ဦးတည်ရည်ရွယ်ချက်ကိုလည်း အသေအချာဆောင်ရွက်သွားတဲ့အတွက် ပြိုင်ဆိုင်မှုတွေ မပေါ်ပေါက်နိုင်တော့ဘူး ဖြစ်သွားတယ်။

- အယူအဆတစ်ရပ်ဟာ ပြည့်ပြည့်စုံစုံလည်း သုတေသနလုပ်ထားတော့ လက်တွေ့လည်း အလုပ်ဖြစ်တဲ့အခါ တခြားအယူအဆတွေဟာ အလုပ်မဖြစ်ဘူးဆိုတာ သိလာရတယ်။ ရုန်းကန်တဲ့အဓိကအချက်ကို စိတ်ရင်းစေတနာမှန်မှန်နဲ့ ရိုးရိုးသားသား တင်ပြနိုင်တယ်။ တခြားနည်းနဲ့တင်ပြတာဟာ မရိုးမသားသလိုဖြစ်သွားတယ်။

မဟာဗျူဟာရဲ့ အဓိကအချက်ကတော့ ဖောက်သည်ရရှိရေးနဲ့ သူများတွေက ကိုယ့်ကိုမပြိုင်နိုင်ရေးဖြစ်တယ်။ ပြိုင်ဘက်ရဲ့ အားသာချက်များကို ဦးတည်စတင်ထိုးနှက်တိုက်ခိုက်ခြင်း ဘယ်တော့မှ မလုပ်သင့်ပါ။ ဖောက်သည်များရဲ့ လိုအပ်ချက်များနဲ့ ပြိုင်ဘက်များရဲ့ အားနည်းချက်များကို အဓိကအာရုံစိုက်လုပ်ကိုင်သွားရင် အောင်မြင်နိုင်ခြေအများဆုံးဖြစ်မှာပါ။

ညွန့်သောင်း