မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးအနုပညာ
ဆွန်ဇူးက အောက်ပါအတိုင်း မိန့်ကြားပါတယ်။
ကျောက်တုံးကြီးတွေကို ဒလဟော စီးဆင်းနေတဲ့ ရေတွေက တိုက်စားသယ်ယူသွားနိုင်တာဟာ ရေရဲ့အရှိန်အဟုန်ကြောင့် ဖြစ်တယ်။ သားကောင်ကို သိန်းငှက်က ထိုးသုတ်ယူသွားနိုင်တာဟာ ဒီငှက်ရဲ့အချိန်ကိုက်လှုပ်ရှား လုပ်ကိုင်နိုင်လို့ဖြစ်တယ်။ စစ်ပွဲများလည်း ဒီလိုပါပဲ။ တပ်မှူးကောင်းတစ်ယောက်ဟာ ရန်သူပြန်မခုခံနိုင်လောက်အောင် ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ တိုက်ခိုက်နိုင်တဲ့အနေအထားရအောင် ဖန်တီးယူတာပါပဲ။ ဒီလိုဆောင်ရွက်လိုက်တဲ့အခါမှာလဲ မြန်မြန်ဆန်ဆန် အချိန်ကိုက်လုပ်ကိုင်တယ်။ သားကောင်ကိုပစ်ခတ်တော့မလို့ လေးကြိုးကိုတင်းနေအောင် ဆွဲတင်ထားလိုက်တဲ့အခါ စွမ်းအင်ဖြစ်ပေါ်လာတာမျိုးပါ။ ပြီးရင် မှန်အောင်ပစ်ဖို့အတွက် အဲဒီဒူးလေးရဲ့ ခလုတ်ကို အချိန်ကိုက်ဖြုတ်လိုက်ရတယ်။ စစ်ပွဲမှာ ရုတ်ရုတ်သည်းသည်းတွေ ဖြစ်လာနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ မိမိရဲ့တပ်ဖွဲ့တွေမှာတော့ ရုတ်ရုတ်သည်းသည်း ကစဉ့်ကလျားဖြစ်နေတာ မဟုတ်ဘူး။ စစ်မြေပြင်တစ်ခုလုံး ရှုပ်ရှုပ်ထွေးထွေးတွေ ရုတ်တရက်တွေဖြစ်နေတဲ့ကြားမှာ သူ့တပ်ဖွဲ့တွေဟာ ဟိုတစ်စ ဒီတစ်စုဖြစ်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဒါဟာ ရန်သူရဲ့အနိုင်တိုက်ခိုက်မှုကို ခုခံနေနိုင်တယ်ဆိုတဲ့ အချက်ကိုပြတာ ဖြစ်ပါတယ်။
ဖရိုဖရဲဖြစ်နေတယ်လို့ ထင်ရတာဟာ တကယ်တော့ စနစ်တကျရှိနေလို့ ထင်နေရတာဖြစ်တယ်။ သူရဲဘောကြောင်တယ်လို့ ထင်ရတာဟာလည်း တကယ်တော့ သတ္တိပါပဲ။ အားနည်းချက်လို့ ထင်ရတာဟာလည်း တကယ်တော့ ခွန်အားရှိနေခြင်းပါပဲ။ ပိပိရိရိစနစ်တကျရှိခြင်း၊ ဖရိုဖရဲဖြစ်နေခြင်းဆိုတာတွေဟာ တပ်ဖွဲ့ကို ဘယ်လိုဖွဲ့စည်းလုပ်ကိုင်နေတယ်၊ ဘာကိုဦးတည်လုပ်ကိုင်နေတယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်။ သတ္တိရှိခြင်း၊ သတ္တိနည်းခြင်းဆိုတာလည်း မိမိရဲ့အနေအထားပေါ်မှာ မူတည်တယ်။ အားရှိခြင်း၊ အားနည်းခြင်းဆိုတာဟာလည်း စစ်မြေပြင်မှာ မိမိတို့တပ်ဖွဲ့တွေ နေရာချာထားပုံပေါ်မှာ မူတည်တယ်။
ဒါကြောင့် ရန်သူကို အမြဲအလုပ်ရှုပ်နေအောင် လုပ်ထားရေးမှာ ကျွမ်းကျင်သူဟာ မိမိရဲ့အလိုကျရန်သူက လိုက်လုပ်နေမယ့် မာယာပရိယာယ်ကို သုံးလေ့ရှိတယ်။ ရန်သူကြိုက်မယ်ဟာနဲ့ များတယ်။ ဖြားယောင်းတယ် အဲဒီလိုလုပ်တော့ ရန်သူကအလုပ်တွေ ရှုပ်ကုန်တယ်။ အဲဒီလိုဖြစ်နေချိန်မှာ မိမိရဲ့ရွေးချယ်ထားတဲ့တပ်တွေက ရန်သူကို အလစ်အငိုက် လျှပ်တပြတ်ခြုံခိုတိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်နေတယ်။
ဒါကြောင့် ကျွမ်းကျင်တဲ့ တပ်မှူးဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အကောင်းဆုံးအကျိုးရှိအောင် သုံးစွဲရေးကို အလွန်တန်ဖိုးထားပါတယ်။ သူ့ရဲ့အောက်လက်ငယ်သားများကိုလည်း အလွန်အကျွံဖိအားပေးခိုင်းစေမှုမျိုး မရှိဘူး။ ဒီတော့ သူဟာ လူမှန်နေရာမှန် ရွေးတတ်သူပါပဲ။ အဲဒီလိုအခြေအနေကို လိုက်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်သူဟာ သူ့တပ်သားတွေကို လှိမ့်ဆင်းလာတဲ့ သစ်တုံးတွေ၊ ကျောက်တုံးကြီးတွေလို အသုံးချသွားတယ်။ သစ်တုံးတို့ ကျောက်တုံးတို့ဆိုတာ သဘာဝအားဖြင့် မြေပြန့်မှာ မရွေ့လျားဘဲငြိမ်နေပြီး ဆင်ခြေလျောမှာဆိုရင်တော့ ရှေ့ဘက်ကို လှိမ့်ဆင်းသွားတယ်။ အလုံးအဝန်းမဟုတ်ဘဲ ထောင့်စွန်းတွေပါရင် ရပ်သွားတယ်။ အဝိုင်းဆိုရင်တော့ ဆက်ပြီးလိမ့်သွားတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့တပ်မှူးရှိတဲ့ တပ်ဖွဲ့များဟာ ပေပေါင်းထောင်ချီမြင့်တဲ့ တောင်ပေါ်က လှိမ့်ဆင်းလာတဲ့ လုံးဝိုင်းတဲ့ကျောက်တုံးကြီးများလိုပဲ အရှိန်အဟုန်ပြင်းတဲ့ စွမ်းအင်တွေရှိကြတယ်။ စွမ်းအင်တွေရှိကြတယ်။ စွမ်းအင်ကိုအသုံးချတယ်ဆိုတာ ဒါမျိုးဖြစ်ပါတယ်။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
-------------------
အရှိန်အဟုန်ကြောင့် အင်အားဖြစ်ပေါ်လာတယ်။ အချိန်ကိုက်ဆောင်ရွက်လုပ်ကိုင်ရတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ အားသာချက်ကို အသုံးချလိုက်ရတာ ဖြစ်တယ်။
Subway ကုမ္ပဏီဟာ ၁၉၈၀ ပြည့်လွန်နဲ့ ၁၉၉၀ ပြည့်လွန်ကာလများအတွင်း စတိုးဆိုင်ပေါင်း ၁၀,၀၀၀ ကျော်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ၁၉၉၀ ပြည့်လွန်နှစ်များနဲ့ လက်ရှိရာစုနှစ်ရဲ့ ပထမဆယ်နှစ်တာကာလအတွင်း အရှိန်အဟုန်ကို ထိန်းထားကာ ကမ္ဘာ့အနှံ့ မိမိရဲ့ကုန်ပစ္စည်းများကို တခြားဆိုင်များက ရောင်းပေးနိုင်ခွင့်နှုန်းကိုလည်း ထိန်းထားနိုင်ပါတယ်။ အခုအခါမှာတော့ သူ့ရဲ့ဆိုင်ခွဲတွေဟာ ကမ္ဘာ့အနှံ့ဦးရေ ၂၅,၀၀၀ ကျော်နေပြီဖြစ်တယ်။ နိုင်ငံများစွာမှာ အဲဒီလိုဆိုင်ခွဲတွေ ဖွင့်ထားတဲ့ အရေအတွက်ဟာ McDonald's က ဖွင့်ထားတဲ့ အရေအတွက်ထက် ဆိုင်ပေါင်း ၂၅,၀၀၀ ပိုနေပါတယ်။
အောင်မြင်သွားပြီဆိုရင် နောက်ထပ်အောင်မြင်ဖို့ အခွင့်အလမ်းတွေပေါ်ပေါက်လေ့ရှိပါတယ်။ အရှိန်အဟုန်လည်း ရလာတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆုတ်ယုတ်ကျဆင်းနေတဲ့ ၂၀၀၉ ခုနှစ် ခေတ်ကာလကျပ်ကြီးအတွင်းမှာတောင် Toyota ကားကုမ္ပဏီဟာ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီသုံးအင်ဂျင်စက်များကို လျှပ်စစ်မော်တာများနဲ့ တွဲဖက်သုံးရတဲ့ Prius ဆိုတဲ့ကားများရဲ့ အရောင်းအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ပြိုင်ဘက်ကားကုမ္ပဏီများရဲ့ ကားတွေက ဂဏန်းနှစ်လုံးအဆင့်အထိအရောင်းကျနေပေမယ့် Toyota ကတော့ ဝယ်မယ့်သူတွေများလွန်းလို့ စောင့်တောင်နေကြရပါတယ်။
ထုနဲ့ထည်နဲ့ ရောင်းရပြီဆိုရင် အရှိန်အဟုန်ဆိုတာတွေနဲ့ စိတ်ဓာတ်တက်ကြွမှုတွေလည်း ဖြစ်ပေါ်လာတယ်။ ရောင်းမထွက်ဘဲ ကျန်နေတဲ့ သုံးလည်းမသုံးကြတော့တဲ့ ပစ္စည်းတွေ လက်ထဲကျန်နေရင်တော့ ဆန်းသစ်တီထွင်မှုတွေလည်း သိပ်မလုပ်ကြတော့ဘူး။ စီးပွားရေးတိုးနှုန်းလည်း တက်မလာတော့ပါဘူး။ ဝင်ငွေကောင်းနေတဲ့အခါ လုပ်သမျှအမှန်ကြီးပဲလို့ ထင်ရလေ့ရှိတယ်။ ဝင်ငွေကျသွားပြီဆိုရင်တော့ အမှားလုပ်ထားတာတွေဟာ အများကြီးသိသာမြင်သာလာတယ်။
အရှိန်အဟုန်တွေ မြန်မြန်ဆန်ဆန် တိုးလာတာနဲ့အမျှ မိမိတို့ရဲ့ ဦးတည်ရည်မှန်းချက်များကို အောင်မြင်စွာတိုးဖောက်ရယူနိုင်တယ်။ အဲဒီအရှိန်အဟုန်ကိုသုံးပြီး အချိန်ကိုက်ဆောင်ရွက်လုပ်ကိုင်လိုက်ရင် အောင်မြင်မှုရတော့တာပါပဲ။ အဲဒီသဘောတရားကို စီးပွားရေးလုပ်ကိုင်ရာမှာ သုံးလို့ရလေ့ရှိတယ်။ ပြိုင်ဘက်တွေထက် ရောင်းဈေးအများကြီး သက်သာအောင်လုပ်ခြင်း၊ ကုန်စည်ပြပွဲတွေမှာ မိမိတို့ရဲ့ ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး အာမခံချက်များကို သိသိသာသာ ပြောင်းလဲတင်ပြပေးခြင်းစတာတွေကို လုပ်နိုင်တယ်။ အဲဒီလိုပွဲတွေ လုပ်ပေးလိုက်ရင် ပြိုင်ဘက်များရဲ့ အစီအမံတွေ အများကြီးဖရိုဖရဲဖြစ်သွားမှာပါပဲ။ ရာသီအလိုက်ဝယ်လိုအားနဲ့ အချိန်ကိုက်ကာ ငွေကို ပုံအောသုံးစွဲကြတဲ့ ကြော်ငြာလုပ်ဖို့တွေမှာ အထက်ဖော်ပြပါ အချက် ၂ ချက်ဖြစ်တဲ့ အရှိန်အဟုန်နဲ့ အချိန်ကိုက်လုပ်ကိုင်ခြင်းဆိုတဲ့ အချက်များကို ပူးတွဲသုံးစွဲကြတာကို အများဆုံးတွေရလေ့ရှိတယ်။
စစ်တပ်မှာဆိုရင် စစ်အင်အားကို ပိုကောင်းလာအောင်လုပ်တဲ့နည်းတွေရှိတယ်။ Force Multipliers ကို ခေါ်ကြတယ်။ အဲဒီလို နည်းတွေတပြိုင်နက်တည်း များများသုံးပေးလိုက်ရင် အရှိန်အဟုန်တိုးမြင့်လာပါတယ်။ စီးပွားရေးလောကမှာ လက်လီရောင်းလုပ်ငန်းရှင်တွေဟာ နေရာအများအပြားမှာ ဆိုင်တွေဖွင့်ပြီး ဈေးကွက်သစ်ထဲ ဝင်ကြတယ်။ ရောင်းတဲ့ကုန်ပစ္စည်းတွေကလည်း ရွေးဝယ်စရာတွေ အများကြီး။ မီဒီယာတွေထဲမှာလည်း အင်အားကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်သွားရလေအောင် လုံလုံလောက်လောက် ကြော်ငြာကြပါတယ်။
ညွန့်သောင်း