အထူးအင်အားကိုအသုံးပြုပါ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ

-----------------------

ဆွန်ဇူးက အောက်ပါအတိုင်းမိန့်ကြားခဲ့ပါတယ်။

''ရန်သူကိုအရှုံးမပေးဘဲ ကြံ့ကြံ့ခံတိုက်ခိုက်နိုင်တာဟာ ပုံမှန်စစ်အင်အားတွေရော အထူးစစ်အင်အားတွေ၊ တပ်ဖွဲ့တွေပါ အသုံးပြုတိုက်ခိုက်ဆင်နွှဲလို့ ဖြစ်တယ်။ အင်အားချည့်နဲ့သူကို အင်အားတောင့်တင်းတဲ့သူက အနိုင်ယူနိုင်တာဟာ ကြက်ဥတွေကို ဓားသွေးကျောက်နဲ့ခွဲလိုက်သလိုပါပဲ''

soonzujan1

ယေဘုယျအားဖြင့်၊ စစ်တိုက်ရပြီဆိုရင် ပုံမှန်စစ်အင်အားကိုသုံးပါ။ အောင်ပွဲခံနိုင်ဖို့အတွက်ကတော့ အထူးစစ်အင်အားကိုသုံးပါ

--------------------

အထူးစစ်အင်အားများကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ တပ်မှူးတစ်ယောက်အတွက် သူထုတ်ယူသုံးစွဲနိုင်တဲ့အရာတွေ အများကြီးပါ။ သုံးလို့ မကုန်နိုင်ဘူး။ မြစ်တွေထဲမှာ စီးနေတဲ့ရေတွေလိုပဲ။ နေတို့ လတို့ဟာ ဝင်သွားရင်လည်း ပြန်ထွက်လာကြသလိုပဲ နွေ၊ မိုး၊ ဆောင်း စတဲ့ ရာသီတွေ အမြဲပြောင်းလဲလည်ပတ်နေသလိုပဲ။ ဂီတသင်္ကေတတွေဟာ အရေအတွက်အားဖြင့် ငါးခုထက်မပိုဘူး။ ဒါပေမဲ့ အဲဒါတွေကို အမျိုးမျိုး ဆက်စပ်အသုံးပြုလိုက်ရင် နားထောင်လို့ကောင်းတဲ့ တေးသွားသံစဉ်တွေအများကြီးပေါ့။

အရောင်အမျိုးအစားဟာ ငါးမျိုးထက်မပိုဘူးပေါ့။ ဒါပေမဲ့ အဲဒါတွေကို တွဲဖက်ရောစပ်သုံးစွဲလိုက်တဲ့အခါ အရောင်အမျိုးမျိုး ထွက်လာတယ်။

အဓိကအားဖြင့် အရသာဟာ ငါးမျိုးထက်မပိုပါဘူး။ ဒါပေမဲ့ အဲဒါတွေကို ရောစပ်လိုက်တဲ့အခါ အရသာတွေ အများကြီးစားသုံးလို့ရပါတယ်။

စစ်တိုက်ရာမှာ လုပ်ကိုင်ဆောင်ရွက်ရတာ နှစ်မျိုးထက်မပိုပါဘူး။ အဲဒီနှစ်မျိုးကတော့ ရိုးရိုးတပ်အင်အားကို အသုံးပြုခြင်းနဲ့ အထူးတပ်အင်အားကို အသုံးပြုရခြင်းပါပဲ။ ဒါပေမဲ့ အဲဒါတွေကို အသုံးပြုရာမှာ လိုအပ်သလို ရွှေ့ပြောင်းလှုပ်ရှားဆောင်ရွက်ရတာတွေကတော့ အများကြီးပဲ။ ဒီအင်အားနှစ်ခုဟာ အပြန်အလှန် ဆက်စပ်နေကြလို့ ဖြစ်တယ်။ အဲဒီလို ပေါင်းစပ်ဖွဲ့စည်းလုပ်နိုင်တဲ့ အင်အားကို ကုန်ခန်းသွားအောင် ဘယ်သူတတ်နိုင်ပါ့မလဲ။

''ပုံမှန်စစ်အင်အား'' နဲ့ ''အထူးစစ်အင်အား'' ကို မူရင်းတရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာမှာ အောက်ပါအတိုင်း အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။

- ''ပုံမှန်ခါတိုင်းလုပ်သလို စစ်ဆင်ခြင်း'' နဲ့ ''အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း''

- ''ပင်မစစ်တပ်'' နဲ့ ''အရန်တပ်များ''

soonzujan2

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်

---------------------

Frito-Lay ဆိုတဲ့ သွားရည်စာအရောင်းလုပ်ငန်းဟာ ရောင်းတဲ့နေရာတွေမှာ အထက်ဖော်ပြပါ အထူးအင်အားစုတွေကို ဘယ်လိုအသုံးချရမလဲဆိုတာသိတယ်။ ဒါကြောင့် ဒီကုမ္ပဏီဟာ သူ့ဆိုင်တွေရောင်းကုန်ပြတ်မသွားရအောင် ဆက်တိုက်လိုလို ဖြည့်ဆည်းပေးတယ်။

Avon ဆိုတဲ့ ကမ္ဘာမှာ တိုက်ရိုက်အရောင်းရဆုံးလုပ်ငန်းဟာ အလှကုန်ပစ္စည်းတွေကို အထူးတပ်ဖွဲ့လို များပြားလှတဲ့ အရောင်းကိုယ်စားလှယ်ပေါင်း နှစ်သန်းကျော်ကို အိမ်တိုင်ရာရောက် စေလွှတ်ရောင်းချပေးတယ်။ ပုံမှန်ဆိုင်ဖွင့်ကာ ရောင်းချနေကြတဲ့ လက်လီအရောင်းလုပ်ငန်းတွေဟာ ပုံမှန်တပ်အင်အားစုလို ဖြစ်နေရာက အခုအခါအင်တာနက်ကတစ်ဆင့် လုပ်ကိုင်နေကြတယ်။ ဒါလည်း အထူးတပ်အင်အားကို ပြောင်းလဲအသုံးချတာမျိုး ဖြစ်တယ်။

Virgin လေကြောင်းလုပ်ငန်းနဲ့ တည်ထောင်သူ Richard Branson ဟာလည်း အထူးအင်အားကို သုံးတဲ့နေရာမှာ ဆရာကြီးတစ်ဆူပါပဲ။ လေဆိပ်မှာ ဇိမ်ခံနားနေဆောင်တွေထားပေးခြင်း၊ လေယာဉ်ပေါ်မှာ သက်သောင့်သက်သာနေနိုင်အောင် ထိုင်ခုံတွေစီစဉ်ပေးခြင်းတွေကအစ ဟိုးလေတကျော်ဖြစ်သွားအောင် ဓာတ်ငွေ့ဘောလုံးပူဖောင်းစီးနင်းပျံသန်းခြင်းအထိ အထူးလုပ်ငန်းဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့တယ်။ အဲဒီလို နာမည်ရလာတဲ့အခါ တခြားလုပ်ငန်းတွေဖြစ်တဲ့ တေးဂီတ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှု၊ ဗော့ဒကာအရက်၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ အာကာသထဲမှာ ခရီးထွက်တဲ့လုပ်ငန်းတွေအထိ ထူးထူးခြားခြား ချဲ့ထွင်လုပ်ကိုင်တယ်။

ဒီလိုထူးထူးခြားခြား လုပ်ကိုင်ခြင်းကြောင့် အခြေအနေအရပ်ရပ်မှာ တိုးတက်မှုတွေရလာလေ့ရှိပါတယ်။ Bell Lab Hawthorne စက်ရုံမှာ အလုပ်သမားအုပ်စုငယ်လေးကို ရိုးရိုးသာမန်၊ ပုံမှန်ဂရုစိုက်ခြင်းမဟုတ်ဘဲ အထူးအလေးထား လုပ်ကိုင်စေတဲ့အခါ သူတို့ရဲ့ ကုန်ထုတ်စွမ်းအားတွေ တိုးတက်လာတာကို လေ့လာချက်အရ သိရတယ်။ ဒီမှာ အဓိကအကြောင်းတရားကတော့ အထူးဂရုပြုအားပေးခြင်းပါပဲ။ လုပ်ငန်းခွင်အခြေအနေ ကောင်းလာတာ ဆိုးလာတာတွေနဲ့မဆိုင်ဘူး၊ ယခုအခါ လူတွေကို သာမန်မဟုတ်ဘဲ အထူးဂရုစိုက် လုပ်ကိုင်ပေးရင် အကျိုးကျေးဇူးတွေ ရနေတာတွေ့ရတယ်။

လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ရင် ပုံမှန်ရိုးရိုးရလဒ်တွေပဲ ထွက်လာမှာဖြစ်တယ်။ အထူးလုပ်ကိုင်တယ်ဆိုတာ ပုံမှန်လုပ်နေကျလုပ်ငန်းတွေကို ပိုပြီးလုပ်တာမဟုတ်ပါဘူး။ အထူးလုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာ ပုံမှန်အတွေးအမြင်တွေကို ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်တာပဲ ဖြစ်တယ်။ ဗိုလ်ချုပ် J.F.C Fuller က ''ရှင်းရှင်းလင်းလင်း တွေးမြင်တတ်ချင်ရင် အရင်လုပ်နေကျအတိုင်း လုပ်တာတွေကို ရပ်ပစ်ရမယ်။ အဲဒီလိုအရင်ဟာတွေကို ပုံတူကူးချတာမျိုးတွေ ရပ်သွားချင်ရင် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကို အသုံးချရမယ်။ ဇက်ရဲလက်ရဲ လုပ်ရမယ်။ တွန့်ဆုတ်တွန့်ဆုတ် မလုပ်ပါနဲ့'' လို့ ဆိုပါတယ်။

ညွန့်သောင်း