အိပ်စက်ရတာကို နှစ်သက်တဲ့ Ernest Hemingway နဲ့မတူတဲ့ ဒီကနေ့ စီးပွားရေးခေါင်းဆောင်တွေကတော့ သူတို့အိပ်ရာထဲမှာ မလှုပ်မယှက်ငြိမ်နေရင် ဘယ်အရာမှမပြီးမြောက်နိုင်ဘူးလို့ ယူဆကြပါတယ်။ Apple ရဲ့ CEO Tim Cook က မနက်တိုင်း ၃ နာရီ ၄၅ မိနစ်မှာ အိပ်ရာထလေ့ရှိပြီး အီးမေးလ်အစောင်ရေ ခုနစ်ရာ-ရှစ်ရာကို စစ်ပါတယ်။ သူတို့ရဲ့ များပြားလှတဲ့တာဝန်တွေကြောင့် အိပ်စက်ခြင်းနဲ့ ကင်းကွာနေတတ်ပါတယ်။ တချို့သန်းကြွယ်သူဌေးတွေက သုံးလေးနာရီလောက်ပဲ အိပ်စက်ရချိန်မှာ တချို့က သူတို့ရဲ့အိပ်ချိန်ကို ကိုယ်တိုင်ကန့်သတ်ထားတယ်။ တချို့တွေကတော့ တစ်ရက်ကို ရှစ်နာရီ ပုံမှန်အိပ်လေ့ရှိကြပါတယ်။
အိပ်စက်ရတာ ထိုက်တန်ပါသလား။ ကမ္ဘာနဲ့ချီပြီးစီးပွားရေးလုပ်နေတဲ့ လူတွေအတွက် Productive ဖြစ်ဖို့ အိပ်စက်ချိန်များတာကို စွန့်လွှတ်သင့်ပါသလား . . .
အကောင်းဆုံးအိပ်စက်တဲ့ အလေ့အကျင့်ဆိုပြီး မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းအောင်မြင်ကျော်ကြားနေတဲ့ လူတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကိုကြည့်ပြီး ဘယ်အကျင့်ကိုတော့ ပြုစုပျိုးထောင်ရမယ်ဆိုတာ သိရှိနိုင်ပါတယ်။
အိပ်စက်ချိန်နည်းသူ လူကြီးမင်းများ . . .
Wall Street Journal ရဲ့ အဆိုအရ အိပ်ချိန်နည်းနည်းပဲ လိုအပ်သူတွေဟာ ကံအကောင်းဆုံးလူသားတွေပဲ ဖြစ်ပါတယ်။ အဲဒီလူတွေက Thatcher Gene ဆိုတဲ့ မျိုးဗီဇနဲ့မွေးဖွားလာကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁-၃ ရာခိုင်နှုန်းလောက်က Thatcher Gene နဲ့မွေးဖွားလာကြတာဖြစ်ပြီး ပုံမှန်အလုပ်လုပ်ဆောင်ဖို့ အိပ်စက်ချိန် သိပ်မလိုတဲ့လူတွေဖြစ်ပါတယ်။ ကျန်တဲ့ကမ္ဘာတစ်ဝန်းလုံးကလူတွေ အိပ်နေချိန်မှာ သူတို့အလုပ်လုပ်ကြပါတယ်။ ဘယ်သူတွေက Thatcher Gene ရှိပြီး ဘယ်သူတွေက Thatcher Gene မရှိလဲဆိုတာ အတိအကျမပြောနိုင်သေးခင်မှာ တချို့အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်နေ့ကို ရှစ်နာရီအိပ်ရမယ်ဆိုတဲ့ အလေ့အထကို စွန့်လွှတ်ပြီး အေးအေးဆေးဆေး အလုပ်လုပ်နေကြပါတယ်။ ဥပမာ- လက်ရှိရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ ၄၅ ယောက် မြောက်အမေရိကန်သမ္မတ Donald Trump ဟာ အသက် ခုနစ်ဆယ်နှစ်ရှိတဲ့အထိ သုံးလေးနာရီပဲ အိပ်စက်လာခဲ့တာ ဖြစ်ပါတယ်။ Apple ရဲ့ VP of Retail ဖြစ်တဲ့ Angela Ahrendts ကတော့ တစ်ရက်ကို ခြောက်နာရီထက်ပိုအိပ်ရင် ခေါင်းကိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် Angela Ahrendts နေမထွက်ခင် မနက်ပိုင်း ၄ နာရီ ၃၅ မိနစ်မှာ အိပ်ရာထလေ့ရှိပါတယ်။
Chrysler Fiat ရဲ့ CEO Sergio Marchionne က ဥရောပဈေးကွက်တွေ လေ့လာစစ်ဆေးဖို့ မနက် ၃ နာရီခွဲမှာ အိပ်ရာထလေ့ရှိပါတယ်။ သူ့ရဲ့ဝန်ထမ်းက Sergio Marchionne ဟာ တစ်ပတ်တာမှာ ရှစ်ရက်မြောက်နေ့ကို တီထွင်ခဲ့တယ်လို့ ချီးကျူးစကားဆိုပါတယ်။ Pepsico ရဲ့ CEO Indra Nooyi က Yale မှာ ကျောင်းတက်ပြီး ည ၁၂ ကနေ မနက် ၅ နာရီအထိ Receptionist အလုပ်လုပ်ခဲ့ပါတယ်။ Indra Nooyi က တစ်ရက်ကို လေး၊ ငါး နာရီပဲ အိပ်လေ့ရှိတဲ့သူဖြစ်ပါတယ်။ Yahoo ရဲ့ CEO Marissa Mayer ကတော့ တစ်ပတ်မှာ နာရီ ၁၃၀ ကြာ အလုပ်လုပ်နိုင်ဖို့ တစ်ရက်ကိုလေးနာရီပဲ အိပ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက နာရီနှစ်ဆယ်ကြာ အလုပ်လုပ်ခဲ့ပြီး အမှတ်တမဲ့နားလိုက်လို့ Chief Executives တွေနဲ့ အရေးကြီးတဲ့ ညစာစားပွဲတက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကတော့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေမှာ အကျိုးဆက်တွေရှိတယ်ဆိုတာ ပြသနေပါတယ်။
[caption id="attachment_30634" align="alignnone" width="370"]Jack Dorsey[/caption]
အောင်မြင်ချင်လှတဲ့ စံသတ်မှတ်ချက်တွေ . . .
တချို့လုပ်ငန်းရှင်တွေက သမားရိုးကျအိပ်စက်ချိန်မရှိဘဲ အောင်မြင်နေချိန်မှာ တချို့က တစ်ရက်ကို ပုံမှန်ရှစ်နာရီ အိပ်ချိန်ထဲက နာရီတချို့ကိုဖယ်ဖို့ကြိုးစားရင်း လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။ Space X နဲ့ Telsa ရဲ့ ခေါင်းဆောင် Elon Musk က အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းက လုံလောက်တဲ့အိပ်စက်ချိန်နဲ့ သက်ဆိုင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ Elon Musk က တစ်ရက်မှာ ခြောက်နာရီကနေ ခြောက်နာရီခွဲခန့် အိပ်စက်အနားယူပါတယ်။
Huffington Post တည်ထောင်သူ Arianna Huffington အတွက် တစ်ရက်ကို ရှစ်နာရီထက်လျော့ပြီး အိပ်ရမယ်ဆို သိပ်အလုပ်မဖြစ်ပါဘူး။ တစ်ရက်ကို ၁၈ နာရီကြာအလုပ်လုပ်ခဲ့ရပြီး အိပ်ချိန်မလုံလောက်တာကို ခံစားရပြီးတဲ့နောက်မှာ Arianna ဟာ ကျန်းမာတဲ့အိပ်စက်ခြင်း အလေ့အကျင့်တွေကို ဟောပြောတဲ့ ချန်ပီယံတစ်ယောက် ဖြစ်လာပါတယ်။
Twitter နဲ့ Square ရဲ့ Dual CEO Jack Dorsey က သူ့ရဲ့မနက်ခင်းလုပ်ဆောင်ချက်တွေကို Product Hunt AMA မှာ ဖော်ပြခဲ့ပါတယ်။ မနက် ၅ နာရီမှာ အိပ်ရာထ၊ မိနစ်သုံးဆယ် တရားထိုင်၊ ခုနစ်မိနစ် Workout လုပ်၊ သုံးမိနစ်အတွင်း ကော်ဖီဖျော်လေ့ရှိတဲ့ Jack Dorsey က ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ အိပ်လေ့ရှိပါတယ်။
သရုပ်ဆောင် Dwayne ''The Rock" Johnson က သူ့ရဲ့မနက်လေးနာရီမှာလုပ်တဲ့ Workout ကို Social Media မှာ တင်ထားပါတယ်။ သူက သူအိပ်ရာထတဲ့အချိန်၊ အထူးသဖြင့် မနက် ၄ နာရီမှာ Gym ဆော့တာကို သူ့ Followers တွေသိအောင် "The Rock Clock" လို့ခေါ်တဲ့ Mobile App Alarm Clock ကို တီထွင်ထားပါတယ်။
[caption id="attachment_30635" align="alignnone" width="370"]Mark Zuckerberg[/caption]
အောင်မြင်တဲ့အိပ်စက်သူများ . . .
ကျွနု်ပ်တို့လိုအိပ်စက်ပေမယ့် လုပ်ငန်းပေါင်းမြောက်မြားစွာကို စီမံအုပ်ချုပ်နေပြီး ဝင်ငွေသန်းပေါင်းများစွာ ရနေတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီလိုလူတွေအတွက်တော့ အကြီးအကျယ်အောင်မြင်ဖို့ အချိန်ပိုမလိုပါဘူး။
Facebook တည်ထောင်သူ ဘီလီယံနာကြီးဖြစ်တဲ့ Mark Zuckerberg က ညနက်တဲ့အထိ Programmers တွေနဲ့ ပြောဆိုဆွေးနွေးဖြစ်ရင် မနက် ၈ နာရီမှ အိပ်ရာထ ဖြစ်ပါတယ်။ Morning Person (မနက်စောစောအိပ်ရာ ထလေ့ရှိသူ) မဟုတ်ပေမယ့် အောင်မြင်တဲ့သူဖြစ်နိုင်တယ်ဆိုတာ Zuckerberg က သက်သေပြနေပါတယ်။
ဘီလီယံနာကြီး Jeff Bezos ကတော့ မနက်ခင်း အစည်းအဝေးတွေကိုရှောင်ပြီး သူ့ဇနီး၊ သားသမီးတွေနဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ မနက်စာစားလေ့ရှိပါတယ်။ သူ့အတွက် ရှစ်နာရီအချိန်ရတယ်ဆိုရင် တစ်နေကုန်အဆင်ပြေပြေ လုပ်ကိုင်သွားနိုင်ပါတယ်လို့ Jeff Bezos က ပြောပါတယ်။ Microsoft တည်ထောင်သူနဲ့ ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ Bill Gates က တီထွင်ဖန်တီးတတ်ဖို့ အနည်းဆုံး ခုနစ်နာရီအိပ်စက်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက အိပ်ချိန်နည်းပြီး စာသင်ချိန်၊ အလုပ်လုပ်ချိန်၊ ကစားချိန်များတဲ့လူတွေကို အားကျတယ်လို့ Bill Gates က ပြောခဲ့ပေမယ့် သူ့ခံယူချက်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။
သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Sleep Routine (ပုံမှန်လည်ပတ်နေတဲ့ အိပ်စက်ချိန်) ကို ရှာပါ . . .
အမျိုးသား၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာတောင် အိပ်စက်တဲ့ အလေ့အကျင့်တွေက ကွဲပြားခြားနားပါတယ်။ အောင်မြင်မှုပိုရဖို့အတွက် အချိန်နည်းနည်းလေးပဲ အိပ်တာက အာမမခံနိုင်သလို တချို့ကိစ္စတွေမှာ တခြားစီဖြစ်နေတတ်ပါတယ်။ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ အိပ်ချိန်များတာကလည်း ပျင်းရိတာပဲဖြစ်ပါလိမ့်မယ်။ အိပ်စက်ခြင်းက သင်နိုးနေချိန်မှာ သင်ကြိုက်နှစ်သက်တဲ့ အရာမှန်သမျှလုပ်ဖို့ ခွင့်ပြုထားပါတယ်။ ကျန်းမာပြီး ညီညွတ်မျှတမှုရှိတဲ့ လူနေမှုပုံစံကို တားဆီးနေတဲ့ သတ်မှတ်အိပ်စက်ချိန်တွေအတိုင်း အိပ်စက်အနားယူရတာ မတန်တော့ပါဘူး။
အဲဒီအစား သင့်အတွက် ဘယ်အရာက အသင့်တော်ဆုံးဖြစ်လဲဆိုတာကို လေ့လာပြီး သင်နိုးထချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်မှန်သမျှ ပြီးမြောက်ဖို့ လိုက်နာကျင့်သုံးပါ။
Ref:www.inc.com
လင်းနေခြည်