တာဝန်လွှဲအပ်ခြင်းအဆင့် ၆ ဆင့် (The Six Steps of Delegation)

ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှု-ခေါင်းဆောင်မှုအတွက် တစ်ဆစ်ချိုး ပြောင်းလဲရန်(Development ၊ Productive-The Corner Stone of Leadership) . . .

တာဝန်လွှဲပေးနိုင်မှုမရှိလျှင် ခေါင်းဆောင်များလည်း ခေါင်းဆောင်နိုင်မည်မဟုတ်ပေ။ မန်နေဂျာများလည်း စီမံခန့်ခွဲနိုင်မည် မဟုတ်ပေ။ တာဝန်လွှဲပေးခြင်းအားဖြင့် ကျွမ်းကျင်မှုတိုးမည့်အပြင် စိန်ခေါ်မှုများကြောင့် လူတော်လူကောင်းများထိန်းထားနိုင်ပြီး ထုတ်လုပ်မှုကောင်းမည် ဖြစ်သည်။ သို့ရာတွင် လူတော်တော်များများသည် တာဝန်လွှဲယူရာတွင် အခက်အခဲနှင့် ကြုံတွေ့တတ်သည်။ တာဝန်လွှဲရာတွင် ထိထိရောက်ရောက်လုပ်နိုင်ရန် အဆင့်ခြောက်ဆင့်ဖြင့် လုပ်ဆောင်နိုင်သည်။

တာဝန်လွှဲအပ်နိုင်ရန်မှာ တာဝန်လွှဲယူရမည့်သူကို ယုံကြည်အားကိုး၍ စိတ်ဓာတ်အင်အားမြှင့်တင်ပေးပြီး တာဝန်လွှဲယူရဲသော၊ သတ္တိရှိသော၊ စွန့်စားရဲသောသူ ဖြစ်စေရမည်။

လုပ်သားများကို ယုံကြည်ပြီး အမှားများရှိနိုင်မည်ကို လက်ခံနားလည်ရမည်။ အမှားများမှ သင်ခန်းစာပါ ရယူနိုင်သဖြင့် မှားခြင်းမှပို၍ အကျိုးရနိုင်မည့် တာဝန်လွှဲပေးခြင်း အထူးလိုအပ်သည်။ အကြောင်းမှာ အောက်သို့ဆင်းသက်သော အကျိုးသက်ရောက်မှုသည် ထုတ်လုပ်မှု၊ တီထွင်နိုင်မှုနှင့် လုပ်သားများအလုပ်ခွင်၌မြဲ၍ တွယ်တာမှုရရှိနိုင်မည်ဖြစ်သည်။ အောက်ပါအဆင့်ခြောက်ဆင့်သည် တာဝန်လွှဲခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် လုပ်ငန်းဘောင်ဖြစ်သည်။

sixsd

၁။ တာဝန်လွှဲပေးရန် ပြင်ဆင်ခြင်း . . .

မိမိလိုအပ်မှုကို သိပါ။ လိုအပ်ချက်များ၊ ဦးစားပေးမှုများကို ရှင်းရှင်းသိပြီး မည်သို့ရရှိနိုင်မည်ကိုပါ စဉ်းစားဆုံးဖြတ်ပါ။ လုပ်ရမည့်အလုပ်များ မည်သည့်အချိန်တွင် ပြီးရမည်ကိုစီမံ၍ လုပ်သားများနှင့်ပါ အတူတကွပါဝင်ပြီး လုပ်ဆောင်ပါ။ လုပ်သားများသည် စိတ်ရောကိုယ်ပါ ပါဝင်လာကြပြီး လုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းများ၊ ၎င်းတို့ထံမှ မျှော်မှန်းချက်များကိုပါ လုပ်သားများသိရှိနေရန် အရေးကြီးသည်။

၂။ လူနှင့်အလုပ် ကိုက်ညီပါစေ . . .

မိမိလုပ်သားများအကြောင်းနှင့် သူတို့၏စွမ်းရည်များကို ကောင်းကောင်းသိထားဖို့လိုသည်။ မည်သည့်အလုပ်မျိုးက သူတို့ကိုစိတ်ဓာတ်တက်ကြွစေပြီး စိန်ခေါ်နိုင်သည်ကို သိထားပါ။ သူတို့၏အနာဂတ်ရည်မှန်းချက်များကို သိနေခြင်းကလည်း အကျိုးရှိသည်။ လူတစ်ဦးချင်း၏ စွမ်းရည်ကိုလည်း အပြည့်အဝအသုံးချနိုင်ရမည်။ အလားအလာကို လိုအပ်သလိုသုံး၍ စွန့်စားစေရမည်။ အားပေးမှု၊ သင်ကြားပေးမှုနှင့် ယုံကြည်မှုတို့ရှိလျှင် တစ်ဦးချင်းစီမှ စွမ်းအားများပို၍ရမည်။

၃။ ဆွေးနွေး၍ သဘောတူသော ရည်ရွယ်ချက်များ ချမှတ်ပါ . . .

ပြီးအောင်လုပ်ရမည့်အလုပ်များကို တာဝန်ခွဲပေးပါ။ လူတိုင်း မိမိစဉ်းစားပုံကို နားလည်ပြီး လုပ်ရမည့်အလုပ်ကို တာဝန်ယူ၍ ဘယ်အချိန်တွင် ဘယ်အထိပြီးရမည်ကို သိရမည်။ လိုအပ်ပါက ဝေဖန်အကြံပေးပြီး အလုပ်ပိုကောင်းအောင် ဆောင်ရွက်နိုင်သည်။

၄။ လိုအပ်သောသွင်းအားစုနှင့် လုပ်ပိုင်ခွင့်ပေးပါ . . .

လုပ်ပိုင်ခွင့်နှင့် လိုအပ်သည်များရှိမှသာ လိုအပ်သလိုဆုံးဖြတ်၍ ပြီးရမည့်အလုပ် ပြီးအောင်လုပ်နိုင်မည်။ လိုအပ်ချက်များရှိပါက အားပေးကူညီပါ။ သူတို့၏နောက်တွင် မိမိရှိနေကြောင်း သိပါစေ။

၅။ တိုးတက်မှုကို စောင့်ကြည့်ပါ . . .

အလုပ်လုပ်သူတိုင်း မိမိတာဝန်ကျေရန်နှင့် အလုပ်ပြီးမြောက်အောင်မြင်ရန်လိုသည်။ ပြီးမြောက်အောင်မြင်ရမည့်အချိန်နှင့် ကြားကာလလုပ်ငန်းများကိုပါ အာရုံစူးစိုက်မှုရှိလျှင် ပြီးရမည့်ရက်၊ မီရမည့်စံချိန်တို့ကို ရရှိမည်။ အဓိကအရေးကြီးသောအချက်မှာ လူတိုင်း၏စိတ်ဓာတ်တက်ကြွစွာပါဝင်မှု၊ လုပ်ဆောင်သည့်လမ်းမှန်ရန်နှင့် လိုအပ်သည့်အခါ ကူညီပံ့ပိုးမှုပေးရန်တို့ဖြစ်သည်။

၆။ အတွေ့အကြုံနှင့် သုံးသပ်ရရှိမှုတို့မှ သင်ခန်းစာယူပါ . . .

ပါဝင်သူတို့နှင့် ရလဒ်များကို အပြန်အလှန်ဆွေးနွေးပါ။ ကောင်းမွန်သောအတွေ့အကြုံနှင့် ပြုပြင်ပြောင်းလဲ၍ ပိုကောင်းသောနည်းလမ်းတို့ကိုသုံးက အနာဂတ်လုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ပါ။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)