Six Sigma

Martial Arts ဟုသုံးနှုန်းသည့် တိုက်ခိုက်မှုပညာနှင့် Greek ဗျည်း (အက္ခရာ) တွဲပြီး Electronics ထုတ်လုပ်ရာတွင် အပျက်အစီးနည်းအောင် ထိန်းရသည့်စနစ်တစ်ခု အဖြစ် Six Sigma ဆို၍ မြောက်မြားစွာသော ကော်ပိုရေးရှင်းများက သုံးနှုန်းလက်ခံလာခြင်းဖြစ်သည်။

Six Sigma ကို သဘောတရား အသုံးအနှုန်းအဖြစ် နားလည်ကြသည်။ Electronics ထုတ်လုပ်မှုလုပ်ငန်း မထွန်းကားသေးသော မြန်မာကဲ့သို့ တိုင်းပြည်တွင် လေ့လာမှသာ နားလည်သဘောပေါက်နိုင်သည်။ စနစ်အဖြစ် ထုတ်ဖော်ပြီး သုံးကြသည့်အကြောင်းမှာ အပျက်အစီးနည်းရန်နှင့် တစ်ပတ်လည်ပတ်သည့် အလုပ်ချိန်တိုစေရန် ဖြစ်သည်။ ယနေ့အချိန်တွင် ဤသဘောတရားကို စခဲ့သည့် အောင်မြင်ကျော်ကြားမှုကြောင့် စီမံခန့်ခွဲမှုစနစ်တွင် ပါဝင်သည့် နားလည်ရမည့်သဘောတရား ဖြစ်နေပြီဖြစ်သည်။

စခဲ့ခြင်းက ၁၉၈၀ ပြည့်နှစ်လောက်တွင် Electronics and Communications လုပ်ငန်းများလုပ်သော Mortorola က ဖြစ်သည်။ အမှန်တကယ်တွင် ဂျပန်ကုမ္ပဏီများ၏ ထိုးဖောက်ယှဉ်ပြိုင်မှုကို မခံနိုင်ဘဲ အရှုံးကြီးရှုံးခဲ့၍ ဖြစ်သည်။ ဝယ်သူများကို ပြန်လဲပေးရသည့်ပစ္စည်းများ၊ အာမခံလျော်ကြေးပေးရခြင်းများ၊ အရောင်းသမားများ၏ ညည်းညူမှုများကို မခံနိုင်လောက်အောင်ကြုံတွေ့ရ၍ Mortorola သည် ယင်းတို့၏ 'ကုန်အရည်အသွေးညံ့ဖျင်းသည်' ဆိုခြင်းကို လက်ခံရပြီး ပြုပြင်ဖို့ မဖြစ်မနေကြိုးစားခဲ့ရသည်။ ထိုကိစ္စကို အကောင်အထည်ဖော်ရန် နည်းလမ်းအမျိုးမျိုးဖြင့် . . . အထူးသဖြင့် ဂျပန်နည်းများကို လေ့လာပြီး ၁၉၈၆ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည်။ Six Sigma ဟု ခေါ်တွင်ခဲ့ရခြင်းသည် ချမှတ်ထားသည့်စံနှင့် မကိုက်ညီသောအရေအတွက်ကို အနည်းဆုံးဖြစ်ရန် သတ်မှတ်ချက်ဖြစ်သည်။ အပျက်အစီး အနည်းဆုံးနှင့် ဝယ်သူထံ အချိန်မီပို့ပေးနိုင်သည့် စနစ်ဖြစ်ရမည်။

sixsigma

Six Sigma ဆိုသည်မှာ Greek ဗျည်း 'S' ဖြစ်သည်။ စာရင်းအင်းပညာတွင် Sigma မှာ Standard Deviation (ပျမ်းမျှမှ ကွာဟမှုအတိုင်းအတာ) ကို ကိုယ်စားပြုသည်။ ပျမ်းမျှမှ ကွာဟမှုနည်းခြင်း တစ်နည်းအားဖြင့် Six Sigma နည်းခြင်းသည် အပြစ်အနာအဆာ နည်းခြင်းဖြစ်သည်။ Six Sigma အဆင့်မီရန်မှာ ဖြစ်စဉ်တစ်ခုတွင် အနာအဆာ ၃.၄ ထက်မပိုရဟု သတ်မှတ်သည်။ ကုန်ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုကို ပိုမိုကောင်းမွန်အောင် ပြုပြင်သည့်နည်းအဆင့်ဆင့်ကို DMAIC အက္ခရာများဖြင့် အတိုမှတ်သားသည်။

D - Define the problem (ပြုပြင်ရန်လိုသည့်ပြဿနာကို သိရမည်)

M – Measure (ဖြစ်နေသောအခြေအနေနှင့် ဖြစ်ရမည့်အခြေအနေ အတိုင်းအတာ သိရမည်)

A – Analyse (ကွာခြားရသည့်အကြောင်းရင်းကို ပိုင်းခြားသိရမည်)

I – Improve (ပြုပြင်ရန်အကြံဉာဏ်နှင့် နည်းအမျိုးမျိုးကို ရှာ၍ ရွေးချယ်ပြီး အကောင်းဆုံးရလဒ်ရအောင် ဆောင်ရွက်ရမည်)

C – Control (ထိန်းချုပ်၍ ရေရှည်ကောင်းမွန်ရန် ကြပ်မတ်ထိန်းသိမ်းခြင်းများ၊ တာဝန်ယူမှုများ၊ လိုအပ်သော ကိရိယာများ ရှိရမည်)

Six Sigma နည်းလမ်း၏ အသုံးကျယ်ပြန့်မှုမှာ လိုသည်ထက်ပိုနိုင်သည့်အလားအလာကို သုံးသပ်မှုများလည်း ရှိလာပါသည်။ ၁၉၉၀ ပြည့်နှစ်များနောက်ပိုင်းတွင် Six Sigma ကို ကုန်ထုတ်လုပ်မှုမဟုတ်သောလုပ်ငန်းများ (ဥပမာ - ဘဏ္ဍာရေးလုပ်ငန်း၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်း) တွင်ပါ သုံးလာကြပြီး ပြုပြင်တီထွင်မှုများပါ ပြုလုပ်လာသည်။ သို့ရာတွင် မှားယွင်းမှုများ မဖြစ်ပေါ်စေရန် ချိန်ဆ၍၊ Six Sigma နည်းလမ်းကို သုံးသင့်သည့်ပြဿနာအတွက်ကိုသာသုံး၍ အားလုံးသောပြဿနာများအတွက် အဖြေမဟုတ်သည်ကို သတိပြုရန် လိုအပ်ပေသည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)