ယခုအခါ မြန်မာနိုင်ငံတွင် အစုရှယ်ယာဈေးကွက်ပေါ်ပေါက်လာပြီဖြစ်ရာ ကုမ္ပဏီလေးခုမှ အများပြည်သူသို့ အစုရှယ်ယာများ ရောင်းချနေပြီဖြစ်ပါသည်။ စီးပွားရေးပုံစံပြောင်းလဲလာသည်ဖြစ်ရာ မိသားစုပိုင်လုပ်ငန်းများမှာ ကုမ္ပဏီလုပ်ငန်းများသို့ ပြောင်းလဲဖွဲ့စည်းခြင်းနှင့် အချင်းချင်းပူးပေါင်း၍ ကုမ္ပဏီပူးပေါင်းဖွဲ့စည်းလုပ်ကိုင်ခြင်းတို့ ရှိလာပြီဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီဖြစ်စေ၊ လူအနည်းပိုင်ကုမ္ပဏီဖြစ်စေ ရှယ်ယာတစ်ခုမှ အများအပြား ပိုင်ဆိုင်သူမှန်သမျှ အစုရှယ်ယာရှင်ဖြစ်ရာ မိမိတို့၏ရပိုင်ခွင့်၊ အခွင့်အရေးနှင့် တာဝန်များကို ဂဃနဏ သိရှိနားလည်ထားရန် လိုအပ်ပါသည်။
နိုင်ငံတကာတွင် အဖွဲ့အစည်းကုမ္ပဏီတိုင်း၏ အဓိကရည်မှန်းချက်မှာ အစုရှယ်ယာဈေးတက်ရန်နှင့် ငွေကြေးအကျိုးအမြတ်ရရှိရန်၊ တစ်နည်းအားဖြင့် အစုရှယ်ယာရှင်များ၏အကျိုးအမြတ်ရရှိရေးသာ ဖြစ်သည်ဆိုသော အတွေးအခေါ်နှင့် ဖောက်သည်၊ သို့မဟုတ် အများပြည်သူအကျိုးရှိရေး အတွေးအခေါ်ဖြစ်ပါသည်။ ယေဘုယျတွင် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သည့်ကော်ပိုရိတ်ပုံစံ ခြောက်မျိုးရှိကြောင်း လေ့လာနိုင်ပါသည်။
(၁) အဆုံးစွန်တစ်ဖက်မှာ ငွေကြေးအမြတ်ရရန်နှင့် အစုရှယ်ယာဈေးနှုန်းမြင့်တက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း၊ လိုအပ်လျှင် လိုအပ်သလို ဝန်ထမ်းများနှင့် စရိတ်လျော့ချခြင်းတို့ လုပ်တတ်ပါသည်။
(၂) ပထမအဆုံးစွန်မှ အနည်းငယ် လျော့လာသည့်အဖွဲ့အစည်းများမှာ ရင်းနှီးမြှုပ်နှံမှုကို အချိန်ယူ၍ လုပ်ကိုင်ခြင်းဖြစ်ပြီး စိတ်ရှည်စွာနှင့် အစုရှယ်ယာဈေးနှုန်း မြင့်တက်ရန် လုပ်ဆောင်ကြပါသည်။
(၃) တတိယအုပ်စုကတော့ တစ်ချိန်တွင် အစုရှယ်ယာရှင်များ၏ အကျိုးအမြတ်ရရှိရန် ယခုကတည်းက သတ်မှတ်ထားသောဘောင်များဖြင့် ပြင်ဆင်လုပ်ကိုင်ပြီဖြစ်ပါသည်။ လက်ရှိတွင် စွမ်းအင်ကုမ္ပဏီများဖြစ်ပြီး နောက်ပိုင်းတွင် အချိုရည်ကုမ္ပဏီများ ဖြစ်နိုင်ခြေရှိပါသည်။
(၄) စတုတ္ထအုပ်စုမှာ ကော်ပိုရိတ်ကြီးများဖြစ်ကာ ထိုအုပ်စုဝင်ကုမ္ပဏီကြီးများမှာ လွန်စွာအောင်မြင်သောလုပ်ငန်းဖြစ်ပြီး အစုရှယ်ယာရှင်၏အကျိုးအမြတ်ကို ကစားတတ်လေသည်။
(၅) ပဉ္စမအုပ်စုမှှာ ကော်ပိုရိတ်ဆိုရှယ်လစ်များဟု သမုတ်ခံရပြီး အစိုးရပိုင် (သို့) မိသားစုပိုင် (သို့) ထူးခြားထက်မြက်သောမန်နေဂျာတစ်ဦးက ဦးဆောင်နေသောအဖွဲ့အစည်းများဖြစ်ပါသည်။ အစုရှယ်ယာရှင်များ၏အနေအထားနှင့် ရှယ်ယာပိုင်ဆိုင်မှုပေါ်မူတည်၍ အချိုးအစား ခွဲပေးတတ်သည်။
(၆) တစ်ဖက်အဆုံးစွန်ရောက် အဖွဲ့အစည်းများမှာ ကော်ပိုရိတ်ဖောက်ပြန်ရေးသမားများဟု သတ်မှတ်ခံရပြီး အစုရှယ်ယာရှင်များ၏ အကျိုးအမြတ်ကို လုံးဝဂရုမစိုက်ကြပေ။
အစုရှယ်ယာရှင်တစ်ဦးအနေဖြင့် ကျွမ်းကျင်သည့်ဥပဒေပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများမှတစ်ဆင့် အစုရှယ်ယာရှင်၏ ရပိုင်ခွင့်၊ တာဝန်နှင့်အခွင့်အရေးများကို ကြိုတင်လေ့လာပြီးမှ ရင်းနှီးမြှုပ်နှံရန် လိုအပ်သကဲ့သို့ မိမိရင်းနှီးမြှုပ်နှံမည့် အဖွဲ့အစည်း၏ ပေါ်လစီနှင့် ရည်ရွယ်ချက်၊ ဦးဆောင်သူများ၏ အရည်အချင်း၊ နောက်ခံသမိုင်းနှင့် နာမည်ကောင်းတို့ကို လေ့လာရန်လိုအပ်ပါသည်။ သို့မှသာ မှန်ကန်သောရင်းနှီးမြှုပ်နံှမှုလုပ်နိုင်မည်ဖြစ်ပါကြောင်း . . . . . ။
Ref : The Economist
မောင်သာ