ဟိုယောင်ဒီယောင် အဲဒါဘယ်အကောင်

akg

အလုပ်သစ်လာလျှောက်သူ၏ ယခင်လုပ်ငန်းအတွေ့အကြုံမှတ်တမ်းတွင် ယခင်အလုပ်မှာ သူ့ကိုမန်နေဂျာက အလုပ်မှထုတ်ပယ်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ယခုအလုပ်မှ တာဝန်ရှိသူက သူ့ကိုအင်တာဗျူးလုပ်ရာတွင် ယခင်အလုပ်မှ မန်နေဂျာက သူ့ကိုဘာကြောင့် အလုပ်မှထုတ်ခဲ့သည်ကို မေးမြန်းသည်။ ထိုသူက ''ဒီလိုဆရာရယ်၊ တကယ်တော့ ဆရာပြောတဲ့မန်နေဂျာဆိုတာက သူကိုယ်တိုင် တကယ်တမ်းဘာမှမလုပ်ဘဲ အလုပ်လုပ်နေတဲ့သူတွေအနားမှာ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်လုပ်ရင်း တခြားသူတွေ လုပ်သမျှကို အကဲခတ်နေသလိုလို ဘာလိုလို၊ ဒီလိုလုပ်တဲ့သူမျိုး မဟုတ်လားဆရာရဲ့'' ဟု စကားစလိုက်သည်။ ထိုအခါ တာဝန်ရှိသူက ''ဟုတ်ပါပြီ၊ ကျွန်တော်သိချင်တာက ဒီလူက ခင်ဗျားကိုဘာကြောင့် အလုပ်က ဖြုတ်ပစ်ခဲ့တာလဲဆိုတာပါ'' ဟု ထပ်မေးသည့်အခါ ထိုသူက ''သူကျွန်တော့်ကို မနာလိုလို့ပေါ့ ဆရာရဲ့၊ တစ်ရုံးလုံးက သူ့ထက်ကျွန်တော့်ကို မန်နေဂျာလို့ ပိုထင်နေကြတာလေ'' တဲ့။

ဥပဒေသ။ ။ မရိုးမသားလုပ်ခဲ့သဖြင့် အရေးယူခံရသူအများစုသည် မိမိအပြစ်ကို ဖုံးကွယ်ပြီး အခြားသူများ၏အပြစ်ကို ကြံဖန်ဖန်တီးပြောဆိုတတ်ကြသည်။

အပြုံးနှင့်စီမံ အပြုံးနှင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်