မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

Septsz

စစ်အင်အားကို နေရာမှန်မှန် အသုံးချခြင်း . . .

- မဟာဗျူဟာဆိုင်ရာ စည်းကမ်းများ

- အနိုင်မခံရစေနဲ့

- မိမိရဲ့အင်အားများကို အာရုံစိုက်ဆောင်ရွက်နိုင်အောင် သတင်းအချက်အလက်များကို အသုံးချပါ

စီးပွားရေးနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုကြရာမှာ အမြဲပါဝင်လေ့ရှိတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒီအချက်ကတော့ နည်းဗျူဟာ (Tactics) ဟာ မဟာဗျူဟာ (Strategy) အရ လိုက်လုပ်ရတာလား ဒါမှမဟုတ် မဟာဗျူဟာကို နည်းဗျူဟာ (Tactics) အရ ရေးဆွဲထားရတာလားဆိုတဲ့ အချက်ပဲဖြစ်တယ်။ (Strategy = မဟာဗျူဟာ= ရည်မှန်းချက်အောင်မြင်ရေးအတွက် ချမှတ်ရေးဆွဲထားတဲ့ လုပ်ငန်းအစီအစဉ်တွေဖြစ်ပြီး Tactics = နည်းဗျူဟာ = ချမှတ်စီစဉ်ရေးဆွဲထားတဲ့ Strategy အရအောင်မြင်အောင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ပုံဖြစ်ပါတယ်။ (ဒါနဲ့ပတ်သက်လို့ပြောရရင် Strategy က အရင်လာပါတယ်။ Tactics က နောက်မှလုပ်ရတာဖြစ်တယ်။ တစ်ခုခုလုပ်မယ်ဆိုရင် မလုပ်ခင်အရင် တွေးတော့ရတာပါပဲ။ ဒါပေမဲ့ တွေးတော ရတာက လွယ်တယ်။ ခက်တာက တကယ်လုပ်ရတဲ့အပိုင်း ဖြစ်တယ်။)

စီးပွားရေးလုပ်ကိုင်ရာမှာ အခြေခံကျတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ နည်းဗျူဟာအောင်မြင်စေချင်ရင်  မဟာဗျူဟာမှန်ကန်ဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘဲဥအစရှာနေစရာမလိုပါဘူး။ ပထမဦးဆုံးအနေနဲ့ မဟာဗျူဟာဟာ ကျိုးကြောင်းဆီလျော်အောင် စီစဉ်ရေးဆွဲထားတာ ဖြစ်ရပါတယ်။ အဲဒီနောက်မှ ဒီမဟာဗျူဟာအောင်မြင်ရေးကို ပံ့ပိုးပေးတဲ့အနေနဲ့ နည်းမှန်လမ်းမှန်လုပ်ကိုင်ဆောင်ရွက်ဖို့ လိုတယ်။ ဒါဆိုရင် မဟာဗျူဟာအောင်မြင်သွားမှာ ဖြစ်တယ်။ အထက်ပိုင်းက အလွန်ကောင်းမွန်တဲ့ မဟာဗျူဟာကို ချမှတ်ထားရင် နောက်ပိုင်းမှာ လက်တွေ့ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အလွဲအမှားတွေ၊ ဆုံးရှုံးမှုတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လက်တွေ့လုပ်နည်းလုပ်ဟန်တွေ၊ ဆက်တိုက်အောင်မြင်နေပေမယ့် ဒီအောင်မြင်မှုဟာ မဟာဗျူဟာရဲ့ ချို့ယွင်းချက်တွေ၊ ချို့တဲ့ချက်တွေကို ဖယ်ရှားကျော်လွှားနိုင်ခဲပါတယ်။ နည်းဗျူဟာကတော့ ကောင်းပါရဲ့၊ မဟာဗျူဟာက ချို့တဲ့နေရင် ကျရှုံးမှုနဲ့ အမြန်ရင်ဆိုင်ရမှာဖြစ်တယ်။ ဥပမာ- ကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အမြန်မောင်းနိုင်ပါရဲ့၊ ဒါပေမဲ့ တလွဲကို ဦးတည်မောင်းနေရင် ရောက်ချင်တဲ့နေရာ မရောက်တော့ပါဘူး။ အောင်မြင်ဖို့ဆိုရင် မဟာဗျူဟာနဲ့ နည်းဗျူဟာအချင်းချင်း ချိန်ညှိဖို့၊ သဟဇာတဖြစ်ဖို့လိုတယ်။ သမိုင်းကို ပြန်ကြည့်နေရင် အဖွဲ့အစည်းရဲ့ အဓိကကျတဲ့နေရာတွေမှာ အကောင်းဆုံး မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရတယ်။

မဟာဗျူဟာရေးဆွဲရာမှာ နည်းဗျူဟာကို ထည့်သွင်းစဉ်းစားရပါတယ်။ နည်းဗျူဟာအောင်မြင်ရေးအတွက် မဟာဗျူဟာကို နားလည်သဘောပေါက်ထားဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင် နည်းဗျူဟာကို လုပ်ကိုင်နေသူတွေဟာ မိမိတို့ဘာကြောင့် ဘာကိုလုပ်နေရမှန်း သိကြမှာ မဟုတ်ဘူး။ မဟာဗျူဟာမှာပါတဲ့ အခြေခံအတွေးအမြင်အယူအဆတွေကို နားမလည်ရင် ပိုကောင်းအောင်လုပ်နိုင်ကြမှာ မဟုုတ်ဘူး။ လိုအပ်သလို ထိုးထွင်းကြံဆလုပ်ကိုင်နိုင်မှာလည်း မဟုတ်ဘူး။

အနိုင်မခံရအောင် ကြိုးစားပါ . . .

ဆွန်ဇူးကတော့ အောက်ပါအတိုင်းပြောပါတယ်။

ရှေးခေတ်တုန်းက ကျွမ်းကျင်တဲ့စစ်သူကြီးတွေဟာ ပထမဦးဆုံး မိမိတို့ကို ရန်သူက နိုင်အောင်မတိုက်နိုင်အောင် ကြိုးစားလုပ်ကိုင်ကြတယ်။ အဲဒီနောက်မှ ရန်သူရဲ့ ပျော့ကွက်ရှိတဲ့အချိန်ကို စောင့်ကြည့်ကြတယ်။ မိမိအနိုင်မခံရရေးဟာ မိမိတို့ပေါ်မှာမူတည်တယ်။ ရန်သူရဲ့ ပျော့ကွက်ကတော့ ရန်သူအပေါ်မှာပဲ မူတည်တယ်။ အဓိပ္ပာယ်ကတော့ မိမိကိုယ်မိမိအောင်အောင်မြင်မြင် ခုခံကာကွယ်နိုင်အောင်လုပ်လို့ရပေမယ့် ရန်သူရဲ့ပျော့ကွက်ကိုတော့ မိမိက ဖန်တီးယူလို့မရပါဘူး။ ဒါကြောင့် အောင်မြင်အောင်လုပ်နိုင်တဲ့ နည်းကိုသိရုံမျှနဲ့ တကယ်တမ်းကျတော့ အဲဒီလို လုပ်ချင်လို့ရချင်မှရတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အနိုင်မခံရရေးဟာ မိမိကိုယ်မိမိခုခံကာကွယ်ရေးပဲ ဖြစ်တယ်။ မိမိက နိုင်အောင်ဆိုရင်တော့ မိမိက တိုက်မှ ဖြစ်မယ်။ ရန်သူရဲ့အင်အားက အများကြီးပိုနေတယ်ဆိုရင် မိမိကိုယ်မိမိခုခံကာကွယ်ပါ။ ရန်သူအင်အားချည့်နဲ့နေ ရင် မိမိက ဝင်တိုက်ပါ။ ခုခံကာကွယ်ရေးကျွမ်းကျင်သူတွေဟာ ဘယ်သူမှ မတွေ့မြင်ဖြစ်နိုင်တဲ့နေရာတွေမှာ ပုန်းအောင်းနေကြတာ ဖြစ်တယ်။

ထိုးစစ်ကျွမ်းကျင်သူတွေက မိုးပေါ်က ချက်ချင်းကြီးကျလာသလို လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ကြတာဖြစ်တယ်။

ဒီနည်းတွေကိုသုံးလို့ သူတို့ဟာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရေးနဲ့ ပွဲသိမ်းအောင်ပွဲရရေးဆိုတဲ့ နှစ်မျိုးစလုံးကို လုပ်နိုင်ကြသူတွေဖြစ်ကြတယ်။ အနိုင်မခံရရေးနဲ့ ပတ်သက်ပြီး ဆွန်ဇူးရဲ့မူရင်းအဆိုအမိန့်ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

 

''စစ်သူကြီး (စစ်ဗိုလ်ချုပ်) တွေဟာ မိမိတို့ကို ရန်သူက အနိုင်ယူသွားနိုင်တဲ့ အခွင့်အလမ်းမရှိအောင် ခုခံကာကွယ်နိုင်ကြတယ်။ ဒါပေမဲ့ ရန်သူကို ချည့်နဲ့အရှုံးပေးသွားအောင် မလုပ်နိုင်ကြပါဘူး''

Brian Bruya

 

''အနိုင်မခံရရေးဆိုတာ ခုခံကာကွယ်ရေးအလုပ်ဖြစ်တယ်။ ခုခံနိုင်မှုအားနည်းခြင်းက တိုက်ကြည့်မှသိရတာဖြစ်တယ်။ ခုခံကာကွယ်ခြင်းကို မိမိအင်အားနည်းတဲ့အခါမှာ လုပ်ရတယ်။ မိမိက တိုက်ခိုက်ခြင်း (ထိုးစစ်)ကတော့ မိမိအင်အားသာနေတဲ့အခါမှာ လုပ်ရတယ်''

Thomas Cleary

 

''အနိုင်မခံရအောင်လုပ်ရတဲ့ကိစ္စဟာ ခုခံကာကွယ်ရေးနည်းတွေနဲ့ ဆိုင်တယ်။ ရန်သူကို နိုင်အောင်တိုက်နိုင်တယ်ဆိုတာက မိမိက စတင်တိုက်ခိုက်နိုင်လို့ ဖြစ်တယ်။ ခုခံကာကွယ်တဲ့ အလုပ်ပဲလုပ်နေရတယ်ဆိုရင် ဒါဟာ မိမိမှာ အင်အားလုံလောက်မှုမရှိဘူးဆိုတာပြတယ်။ တစ်နည်းအားဖြင့် အင်အားအများကြီးသာလွန်တဲ့ ရန်သူကို တိုက်ခိုက်နေရတာဖြစ်တယ်''

Lionel Giles

 

''နိုင်အောင်မတိုက်နိုင်ရင် မိမိကိုယ်မိမိ ခုခံကာကွယ်ပါ။ မိမိက တိုက်နိုင်ရင် တိုက်ပါ။ အင်အားချို့ငဲ့နေရင် ခုခံကာကွယ်ရတယ်။ အင်အားတောင့်တင်းနေရင်တော့ တိုက်ရတယ်''

ဗိုလ်ချုပ်ကြီး Tao Hanzhang

 

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

အခွင့်အလမ်းတွေကို အကျိုးရှိအောင်အသုံးချသွားနိုင်တဲ့ အားသာချက်တွေရအောင်လုပ်ပါ။

အမေရိကန်စီးပွားရေးလောကမှာ အနိုင်မခံအရှုံးမပေးပဲ လုပ်ကိုင်နိုင်တဲ့အတွက် ဆုပေးချီးမြှင့်ခြင်းခံကြရတဲ့ ကုမ္ပဏီတွေထဲမှာ Microsoft ၊ Mc Donald's နဲ့ Starbucks တို့ ပါဝင်ကြပါတယ်။ Microsoft ဟာ ရည်ရွယ်ချက်တွေ အောင်မြင်အောင် အနိုင်မခံအရှုံးမပေးဘဲ ဇွဲနဘဲနဲ့ လုပ်ကိုင်လေ့ ရှိတယ်။ Mc Donald's ဟာ နေရာအနှံ့အပြားမှာ ဖြန့်ကျက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်တယ်။ Starbucks က အရသာရှိတဲ့ ကော်ဖီလုပ်ငန်းမှာ ထိပ်တန်းရောက်နေတဲ့ ကုမ္ပဏီဖြစ်တယ်။ ဒီကုမ္ပဏီတွေဟာ လုပ်ငန်းတွေ အဆင်မပြေတဲ့ နှစ်တွေရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေမှာ ဦးစီးခေါင်းဆောင်နိုင်တဲ့ စွမ်းရည်ကိုတော့ ခုချိန်ထိ စိန်ခေါ်ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပါဘူး။

အထက်ပါထိပ်တန်းကုမ္ပဏီအဖွဲ့အစည်းတွေအားလုံးမှာ တွေ့ရတဲ့ တူညီတဲ့အချက်က ဒီကုမ္ပဏီအသီးသီးကို စတင်တည်ထောင်ကာ ဦးစီးလုပ်ကိုင်ကြသူတွေဟာ အစွမ်းထက်တဲ့သူတွေဖြစ်ပြီး ချမှတ်ထားတဲ့ ဦးတည်ချက်မှ သွေဖည်သွားခြင်းမရှိဘဲ အဖွဲ့အစည်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ကြတဲ့အချက်ဖြစ်ပါတယ်။ ခိုင်မာတောင့်တင်းတဲ့ ကုမ္ပဏီတွေဟာ ထက်ထက်မြက်မြက်ရှိတဲ့ ဦးစီးခေါင်းဆောင်တွေက ဖွဲ့စည်းထားကြတာဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်တွေအလုပ်က အနားယူသွားကြတဲ့အခါ သူတို့ရဲ့လုပ်နည်း လုပ်ဟန်ဓလေ့တွေဟာ အဖွဲ့အစည်းရဲ့ အဓိကကျတဲ့အရာတွေအဖြစ် ကျန်ရစ်ခဲ့တယ်။

Ogilvy & Mather ကုမ္ပဏီရဲ့ တည်ထောင်သူ David Ogilvy ဟာ သူ့ကုမ္ပဏီရဲ့ ဌာနခွဲအသစ်တွေအတွက် အစဉ်အလာတစ်ရပ်ကို တီထွင်လုပ်ကိုင်ခဲ့တယ်။ အဲဒီလူတွေကို သူကသစ်သားနဲ့လုပ်ထားတဲ့ အရုပ်ကလေးတွေကို တစ်ခုတည်းဖြစ်အောင် ငှက်သိုက်ကလေးတွေကို ဖုံးအုပ်ထားတာကို ပေးတယ်။ သစ်သားရုပ်ကလေးတစ်ရုပ်ကို ခွာလိုက်ရင် အတွင်းက ပုံစံတူအရွယ်ငယ်တဲ့ သစ်သားရုပ်ကလေးကို တွေ့ရတယ်။ ဆက်ခွာလိုက်လို့တွေ့ရတဲ့ အငယ်ဆုံးသစ်သားရုပ်ထဲမှာ မှတ်သားလိုက်နာစရာ စာသားလေးရေးထားတာကို တွေ့ရတယ်။ စာသားကတော့ ''ကျွန်တော်တို့ထက် သေးငယ်တဲ့ (အရည်အချင်းနည်းတဲ့) လူတွေကို ခန့်ထားလုပ်ကိုင်စေမယ်ဆိုရင် ကျွန်တော်တို့ကုမ္ပဏီဟာ လူစဉ်မမီတဲ့ (အရည်အချင်းမပြည့်မီတဲ့) လူတွေလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်သွားမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တစ်ဦးချင်းဟာ ကျွန်တော်တို့ထက်ကြီးတဲ့ (အရည်အချင်းသာတဲ့) လူတွေကို ခန့်ထားလုပ်ကိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Ogilvy & Mather ကုမ္ပဏီဟာ ဧရာမပုဂ္ဂိုလ်ကြီးတွေ (လူတော်ကြီးတွေ) လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်လာပါလိမ့်မယ်'' တဲ့။

လူတွေကို တစ်ဦးချင်းစီအလိုက် ဦးဆောင်ရတဲ့အလုပ်ဟာ 'သိပ္ပံနည်းကျသဘောတရားများ' ကို အသုံးချတဲ့အခါ ထိန်းသိမ်းကွပ်ကဲနိုင်ရေးအတွက် 'အတတ်ပညာ' ကို အသုံးချရတဲ့ အလုပ်ဖြစ်ပါတယ်။ သဘောတရားတွေကို ပစ်ပယ်ရတယ်လို့ မဆိုလိုဘူး။ သဘောတရားတွေကို ဘယ်လိုအောင်မြင်အောင် အသုံးချမလဲဆိုတာ နားလည်ဖို့သာလိုတယ်။ Kets de Vries က သူ့ရဲ့ Life and Death in the Executive Fast Lane ဆိုတဲ့ စာအုပ်ထဲမှာ ''CEO တွေ လုပ်မှားကိုင်မှားဖြစ်ကြတာဟာ Marketing ကိစ္စ၊ ဘဏ္ဍာရေး၊ ဒါမှမဟုတ် ကုန်ထုတ်လုပ်ရေးကိစ္စတွေနဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေ သိရှိမှုနည်းပါးခြင်းကြောင့် ဖြစ်ခဲပါတယ်။ လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးမှာ ကျွမ်းကျင်မှုချို့တဲ့လို့ ဖြစ်ရတာများတယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်တဲ့ လူတွေဆီက အတတ်နိုင်ဆုံးရအောင် မလုပ်နိုင်လို့ဖြစ်တယ်'' လို့ ပြောထားပါတယ်။

Coca Cola မှာ သင်ယူလေ့လာရေးဆိုင်ရာ အရာရှိချုပ်တစ်ဦးရှိပါတယ်။ သူ့အလုပ်က ရုံးခွဲတွေအချင်းချင်း၊ တိုင်းပြည်အချင်းချင်း၊ လူတွေအချင်းချင်း အတွေ့အကြုံတွေဖလှယ်တဲ့အလုပ်ကို ဓလေ့တစ်ရပ်အဖြစ် ထူထောင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကြံဆဖို့ဖြစ်တယ်။  အဲဒီလိုလုပ်ခြင်းဖြင့် ကုမ္ပဏီကို 'သင်ယူလေ့လာနေတဲ့ အဖွဲ့အစည်း' တစ်ရပ်အဖြစ် ပြောင်းလဲသွားဖို့ ဖြစ်တယ်။ Google ဆိုရင်လည်း သူ့ရဲ့အင်ဂျင်နီယာတွေကို အလုပ်ချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကို ခွင့်ပြုပေးထားပါတယ်။ အဲဒီအချိန်ပိုင်းအတွင်း သူတို့ဟာ သူတို့ကိုယ်တိုင်စိတ်အားထက်သန်နေတဲ့ ကုမ္ပဏီစီမံချက်အလုပ်တွေနဲ့ပတ်သက်ပြီး တွေးမြင်ကြံဆနိုင်ကြတယ်။

Royal Dutch Shell ရဲ့ စီမံကိန်းဌာနအကြီးအကဲ Arnie De Geus က 'ပြိုင်ဘက်တွေထက် ပိုပြီးမြန်မြန်ဆန်ဆန် သင်ယူလေ့လာနိုင်တဲ့ အစွမ်းရှိနေရင်၊ ဒီအရည်အချင်းဟာ ပြိုင်ဘက်တွေအပေါ် ရေရှည်အသာစီးရနေစေနိုင်တဲ့ တစ်ခုတည်းသော အရည်အချင်းဖြစ်တယ်'' လို့ ဆိုပါတယ်။

ညွန့်သောင်း