စစ်တုရင်ကစားရာမှာ အဓိကရည်ရွယ်ချက်က ပြိုင်ဘက်ရဲ့ဘုရင်ကို အသေသတ်ဖို့၊ အမိဖမ်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တုရင် စသင်ရာမှာ ကစားကောင်တွေရဲ့ ရွှေ့ပုံရွှေ့နည်းတွေ၊ စည်းကမ်းတွေ သင်ကြားပေးပြီးချိန်မှာ ဘုရင်ကိုဖမ်းပုံဖမ်းနည်းတွေ သင်ပေးလေ့ရှိတယ်။ ဒါမှလည်း ကိုယ့်မှာအင်အားသာသွားပြီး ပြိုင်ဘက်မှာဘုရင်ကြီးထီးတည်းကျန်ချိန်မှာ လွယ်လင့်တကူဖမ်းနိုင်မှာဖြစ်တယ်။ ခွင့်ပြုချိန်ကုန်သွားလို့သာ နေပါလျက်နဲ့ သရေပေးလိုက်ရတာ၊ အချိန်နဲ့ရှုံးသွားတာ အင်မတန် နစ်နာပါတယ်။
ကျားကစားရာမှာတော့ ပြိုင်ဘက်ရဲ့ကျားကောင်တွေကို ကုန်အောင်စားနိုင်ရင် နိုင်ပါတယ်။ စစ်တုရင်မှာ ကစားကောင်တွေကို စားနိုင်ပေမဲ့ ဘုရင်ကိုတော့ စားခွင့်မပြုပါဘူး။ ရံရွေတော်တွေ မရှိတော့တဲ့ အထီးကျန်ဘုရင်ကို လိုက်သတ်ရပါတယ်။ အမိဖမ်းရပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် အင်အားသာအောင် ကြိုးစားကြလေ့ရှိပါတယ်။ အင်အားသာသွားချိန်မှာ ကစားကောင်တွေ အကုန်လုံးလဲလှယ်ပြီး အားနည်းသွားတဲ့ ဘုရင်ကို လိုက်ဖမ်းလေ့ရှိပါတယ်။
၂၀၁၆ အာဆီယံနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင် ပြိုင်ပွဲမှာပါ။ အသက်ရှစ်နှစ်အောက်ပြိုင်ပွဲမှာ ကလေးနှစ်ယောက် ယှဉ်ပြိုင်ခဲ့စဉ်ကပါ။ ထိုင်းက ကလေးက အင်အားသာနေပါတယ်။ ဗီယက်နမ်ကလေးက အင်အားနိမ့်နေပါတယ်။ အဲဒီအချိန်မှာ ထိုင်းက ကလေးက အစွန်အဖျားနယ်တွေကို လျှောက်စားပါတယ်။ ရွှေ့လှည့်တွေ ဖြုန်းခဲ့ရာမှာ တန်ပြန်တိုက်စစ်ဆင်တာခံလိုက်ရပြီး ထိုင်းက ကလေးရဲ့ဘုရင် သေသွားခဲ့ပါတယ်။ ဗီယက်နမ်ကလေး အနိုင်ရခဲ့တယ်။
ပွဲအပြီးမှာနည်းပြက ဘာဖြစ်လို့ ကစားကောင်တွေလဲပြီး ပွဲသိမ်းဖို့ မလုပ်တာလဲလို့ မေးပါတယ်။ ရှုံးခဲ့တဲ့ကလေးက ရိုးရိုးလေး ပြန်ဖြေပါတယ်။ နယ်တွေ လျှောက်စားရတာပျော်လို့တဲ့။
ဟုတ်ကဲ့။ နယ်တွေကို ပျော်ပျော်ကြီး လျှောက်စားရင်း ပွဲနိုင်ဖို့အဓိကအချက်ဖြစ်တဲ့ဘုရင်ကို အမိဖမ်းရေးက ဘေးရောက်သွားခဲ့တယ်။ အဆိုးဆုံးအဖြေထွက်ခဲ့တယ်။ ပညာရေးမှာ၊ စီးပွားရေးမှာ၊ စစ်ရေးမှာ၊ နိုင်ငံရေးမှာ အလားတူပါပဲ။ အဓိကရည်ရွယ်ချက်ကို ပြတ်ပြတ်သားသားချမှတ်ခဲ့ပြီးဖြစ်လို့ အင်နဲ့အားနဲ့ လျှောက်လှမ်းနေရာမှာ အပယိကသာယာစရာတွေ ကြုံရတတ်ပါတယ်။ အဲဒါတွေကြောင့် ပန်းတိုင်ရောက်ရေး နှောင့်နှေးနိုင်ပါတယ်။ မကြာသင့်တာ ကြာသွားတာလည်း ပြဿနာပါပဲ။
အကြီးမားဆုံးပြဿနာကတော့ အဓိကရည်ရွယ်ချက်ကို မျက်ခြည်ပြတ်သွားရာကနေ မရောက်တော့ဘဲ တဝဲလည်လည် ဖြစ်နေမယ့်ကိစ္စပါ။
မောင်မောင်လွင် (စစ်တုရင်)