အရှေ့တောင်အာရှဒေသတွင်းမှာ Cybersecurity expert တွေ ရှားပါး

အဖွဲ့အစည်းအမျိုးမျိုးဟာ ပိုမိုရှုပ်ထွေးနက်နဲလာတဲ့ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေခံနေရပြီး ဒါတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း အနိုင်နိုင်ကြိုးစားနေကြရတာဖြစ်ပါတယ်။ ဒါအပြင် ဒီလိုကိစ္စတွေကိုဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင်သူတွေဟာလည်း ပြတ်လတ်နေပြီး ရှာဖွေရခက်နေတာဖြစ်တယ်လို့ ကမ္ဘာတစ်ဝန်းဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ Fortinet က ထုတ်ပြန်ပါတယ်။

Fortinet ရဲ့ အာရှဒေသဆိုင်ရာ Marketing & Communications ဌာနက Vice-President Rashish Pandev ကတော့ အခုဆိုရင် ဆိုက်ဘာြခိမ်းခြောက်မှုကဏ္ဍမှာ အပြောင်းအလဲတွေဖြစ်နေတာကိုတွေ့ရပြီး ခြိမ်းခြောက်မှုတွေကလည်း ပိုမိုအကြမ်းဖက်တဲ့သဘောရောက်လာကာ သူတို့ရဲ့ပစ်မှတ်တွေလည်း ပြောင်းလဲလာတာကိုတွေ့ရကြောင်းပြောပါတယ်။

ခြိမ်းခြောက်ငွေညှစ်မှုအသစ် (ransomware) တွေကလည်း ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေကိုသုံးလာကြပြီး အဲဒီအထဲမှာ Data တွေကို ပြန်ဆယ်မရအောင်ဖျက်ဆီးပစ်တဲ့နည်းတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံခြား စီးပွားရေး/နိုင်ငံရေး/နည်းပညာ – စသဖြင့် ဖျက်ဆီးအဆက်ပြတ်ဂယက်ထအောင်လုပ်တဲ့နည်းတွေ၊ ငွေရေးကြေးရေးအတွက်မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှောက်ယှက်ဖျက်ဆီးမှုတွေအထိ ပုံစံမျိုးစုံနဲ့ရှိနေပါတယ်?

Remote Working အခြေအနေကြောင့်ရော၊ Network ပိုင်းမှာရော၊ Document တွေအပိုင်းမှာရော နေရာစုံမှာ ပုံစံမျိုးစုံနဲ့ ဆိုက်ဘာြခိမ်းခြောက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုကြုံတွေ့လာကြတာတွေ့ရပြီး ဒီအတွက် Fortinet က စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဟောင်ကောင်တို့အသီးသီးမှာရှိတဲ့ ကော်ပိုရိတ်အဆင့်ရှိ ဝန်ထမ်းပေါင်း ၁၁၀ ဦးစီကို Survey တစ်ခုလုပ်ခဲ့ပြီး 2022 Cybersecurity Skills Gap Report တစ်ခုကို ထုတ်ဝေပါတယ်။

ဒီ Survey ကို ဝင်ရောက်ဖြေဆိုသူတွေထဲက ၇၂ ရာခိုင်နှုန်းဟာ သူတို့ရဲ့အဖွဲ့အစည်းအနေနဲ့ ဆိုက်ဘာလုံခြုံရေးပြဿနာနဲ့ရင်ဆိုင်ခဲ့ရကြောင်း၊ ၄၂ ရာခိုင်နှုန်းကတော့ သူတို့အနေနဲ့ လုံခြုံရေးစည်းပေါက်ကြားမှုကြောင့် အမေရိကန်ဒေါ်လာ ၁ သန်းနဲ့အထက် ကုန်ကျမှုတွေရှိခဲ့ကြောင်း အသီးသီးဖြေဆိုထားတာကိုတွေ့ရပါတယ်။ ၇၁ ရာခိုင်နှုန်းသောကုမ္ပဏီတွေက ဆိုက်ဘာလုံခြုံရေးအတွက် နည်းပညာကျွမ်းကျင်ဝန်ထမ်းငှားရမ်းမှုမှာ အခက်အခဲတွေကြုံတွေ့နေကြရဆဲဖြစ်ပါတယ်။ ၆၃ ရာခိုင်နှုန်းက ဖြေထားတာကတော့ ဒီလိုကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကြောင့် လုပ်ငန်းတွေအနေနဲ့ ပြင်းထန်တဲ့ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုကြောင့် အကျိုးဆက်တွေကိုခံနေရတယ်လို့ဆိုပါတယ်။

ဖြေဆိုသူတွေထဲက ၆၀ ရာခိုင်နှုန်းလောက်ကတော့ ရှိပြီးသား ကျွမ်းကျင်လုပ်သားထုကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲနေကြောင်းနဲ့ ၅၇ ရာခိုင်နှုန်းကတော့ ကျွမ်းကျင်သူငှားရမ်းခြင်းလုပ်ငန်းစဉ်မှာ ခက်ခဲမှုတွေကြုံတွေ့နေရကြောင်းဆိုပါတယ်။

Security Operation Analysts ၊ Cloud Security Specialists ၊ Network Architects ၊ Security Architects ၊ Development, Security & Operations Specialists တွေကိုငှားရမ်းနိုင်ဖို့က အခက်ခဲဆုံးဖြစ်နေကြောင်း ယခု Survey က ထောက်ပြနေပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင်လည်း Personal Data Protection Act နဲ့ Cybersecurity Act တွေကို ပြဌာန်းထားပြီးဖြစ်တာကြောင့် Security Operations Analysts တွေကို လိုအပ်ချက်ကလည်း ပိုမိုမြင့်တက်လာနေပြီး ဒီလိုကျွမ်းကျင်သူရှားပါးမှုတွေကလည်း ပိုမြင့်လာနေတယ်လို့ ဒီ Survey က ထောက်ပြထားပါတယ်။

နည်းပညာရပ်ဝန်းက Certified ဖြစ်တဲ့ ဝန်ထမ်းတွေကို ငှားရမ်းဖို့ Survey ဖြေဆိုထားတဲ့ လုပ်ငန်းတွေထဲက ၈၆ ရာခိုင်နှုန်းကလိုလားကြောင်း၊ ၇၁ ရာခိုင်နှုန်းကတော့ ဒီလိုလူတွေရဖို့ကခက်ခဲကြောင်း အသီးသီးဖြေဆိုထားတာတွေ့ရပါတယ်။

ဒီထဲက ၉၃ ရာခိုင်နှုန်းသော လုပ်ငန်းတွေဟာ သူတို့ကုမ္ပဏီတွင်း ဆိုက်ဘာလုံခြုံရေးအသိပညာပေး သင်တန်းတွေကို ပေးပို့ပြင်ဆင်ထားကြသလို ၅၁ ရာခိုင်နှုန်းသော လုပ်ငန်းတွေကတော့ သူတို့လုပ်သားအင်အားစုတွေက သိသင့်သိထိုက် ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတတွေနည်းနေသေးကြောင်းဖြေဆိုကြပါတယ်။

အရှေ့တောင်အာရှနဲ့ဟောင်ကောင်ဒေသ Fortinet ရဲ့ Vice-President Peerapong Jongibool က ကမ္ဘာ့ဆိုက်ဘာလုံခြုံရေးလုပ်ငန်းဈေးကွက်ဟာ ၁၃၈ ဘီလီယံပမာဏတန်ဖိုးရှိကြောင်း ၂၀၂၆ ခုနှစ်ရောက်ရင် ၁၉၉ ဘီလီယံအထိ တိုးတက်လာဖို့ရှိကြောင်း ပြောပါတယ်။ Fortinet အနေနဲ့လည်း ၂၀၂၆ ခုနှစ်ရောက်ရင် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင် ၁ သန်းအထိ ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ကောင်း ကတိကဝတ်ထားရှိထားတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ဆိုက်ဘာလုံခြုံရေးလေ့ကျင့်ပျိုးထောင်ခြင်း အစီအစဉ်တွေစတင်ခဲ့ချိန်ကစလို့ လက်ရှိအထိ Fortinet အနေနဲ့ လူပေါင်း ရှစ်သိန်းလေးသောင်းကျော်ကို အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။

Ref : BKK Post