Samsung Electronics က Computer နည်းပညာအသုံးပြုထားတဲ့ လက်ပတ်နာရီအသစ် ၂ မျိုးကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress wireless show မတိုင်ခင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာမိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အသုံးပြုသူတွေရဲ့ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုပေးနိုင်မယ့် sensor တွေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် feature အသစ်တွေပါဝင်လာတာက ဝယ်ယူသူတွေ ကို ဆွဲဆောင်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Samsung ရဲ့ ပထမဦးဆုံး Galaxy Gear smartwatch ကကြီးကျယ်ခမ်းနားပေမဲ့ ဈေးကွက်ထဲမှာ အောင်မြင်မှု မရခဲ့ပါဘူး။ Samsung နဲ့ သူ့ရဲ့ smartwatch ထုတ်လုပ်တဲ့ ပြိုင်ဘက်တွေအနေနဲ့ အသုံးပြုသူတွေဟာ သူတို့ရဲ့ လက်ကောက်ဝတ်ကနေတဆင့် သတင်းအချက်အလက်တွေကို အချိန်မရွေး စစ်ဆေးသိရှိလိုကြတယ်ဆိုတဲ့ အချက်နဲ့ ဆွဲဆောင်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်လို့ရတဲ့ နည်းပညာအသုံးပြုပစ္စည်းတွေထဲမှာဆိုရင် Fitbit လိုမျိုး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့ ပစ္စည်းက အောင်မြင်မှုရရှိခဲ့ပါတယ်။ အခု Samsung ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Gear 2 နဲ့ Gear 2 Neo တို့မှာ နှလုံးခုန်နှုန်း တိုင်းတာပေးမယ့် sensor ၊ pedometer နဲ့ ကိုယ်လက်လေ့ကျင့်ခန်း၊ အိပ်ချိန်၊ စိတ်ဖိစီးမှု Level တွေကို တိုင်းတာပေးမယ့် tool မျိုးစုံပါဝင်လာပါတယ်။ အရင် Galaxy Gear မှာတုန်းက 2 megapixel camera ကို လက်ပတ်ကြိုးမှာ တပ်ဆင်ပေးထားမဲ့ အခု Gear 2 မှာတော့ camera ကို နာရီကိုယ်ထည်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ Gear 2 Neo မှာတော့ Camera မပါဝင်လာတော့ဘဲ အရွယ်အစားနည်းနည်းကြီးသွားပေမဲ့ ပိုပြီး ပေါ့ပါးလာပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကလည်း မတူညီတော့ပါဘူး။ နာရီအသစ်နှစ်လုံးဟာ အချိန်ကို အမြဲတမ်း ပြသပေးမှာလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ အရင် Gear မှာတုန်းကတော့ battery အကုန်သက်သာစေဖို့ အမြဲတမ်း မပြသပေးပါဘူး။ ဒါတောင်မှ battery သက်တမ်းက တစ်ရက်နီးပါးပဲ ခံပါတယ်။ အခုနာရီအသစ်တွေကတော့ သာမန်အသုံးပြုမယ်ဆိုရင် battery သက်တမ်း နှစ်ရက်ကနေ သုံးရက်အထိ ခံမယ်လို့ Samsung က ကတိပေးထားပါတယ်။ အရင် Gear smartwatch က သတ်မှတ်ထားတဲ့ Samsung phone တွေမှာ email တွေ၊ စာသားသတိပေးချက်တွေ ပြသပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ လက်ပတ်မှာတပ်ဆင်ပေးထားတဲ့ resolution နည်းတဲ့ 2 megapixel camera နဲ့ ဓာတ်ပုံရိုက်ယူနိုင်ပြီး နာရီကိုယ်ထည်ပေါ်က speakerphone နဲ့ ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ပါတယ်။ Gear ရဲ့ ၁.၆ လက်မအရွယ် screen display က အမျိုးသားတွေ အနေနဲ့ fashion accessory ပစ္စည်းတစ်ခုအဖြစ် အသုံးပြုဖို့ဆိုရင်တော့ သင့်တော်တဲ့အရွယ်အစား ဖြစ်ပါတယ်။ နာရီအသစ်နှစ်ခုစလုံးအတွက် ဈေးနှုန်းတွေကိုတော့ Samsung က မကြေညာသေးပါဘူး။ ဒါပေမဲ့ April လထဲမှာတော့ ဖြန့်ချိသွားမယ်လို့ ဆိုထားပါတယ်။ အရင် Samsung Gear ကတော့ ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်လာ ၃၀၀ ဆိုတဲ့ တန်ဖိုးကတော့ Sony Corp. က ထုတ်လုပ်တဲ့ SmartWatch2 အတွက် သတ်မှတ်ထားတဲ့ တန်ဖိုးထက် ၅၀ ရာခိုင်နှုန်းတောင် ပိုပြီး မြင့်မားနေပါတယ်။ ပြီးတော့ Sony နဲ့ Qualcomm Inc. တို့ရဲ့ နာရီတွေ က မတူညီတဲ့ ထုတ်လုပ်သူတွေဆီက Android device တွေနဲ့ ချိတ်ဆက်အသုံးပြုနေနိုင် တဲ့အချိန်မှာ အရင်က ထွက်ရှိခဲ့တဲ့ Samsung Galaxy Gear ကတော့ သတ်မှတ်ထားတဲ့ Samsung ရဲ့ phone တွေနဲ့ပဲ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Mobile device တွေမှာ Google ရဲ့ လွှမ်းမိုးကြီးစိုးမှုကို တွန်းလှန်ဖို့ တောင်ကိုရီးယား အီလက်ထရွန်နစ်ကုမ္ပဏီ တွေကကြိုးပမ်းနေသလို Samsung ကလည်း အရင် Gear မှာ အသုံးပြုထားတဲ့ Google ရဲ့ Android OS ကို အသုံးမပြုတော့ဘဲ ထွက်ရှိလာမယ့် နာရီတွေမှာ လူသိနည်းတဲ့ operation system တစ်ခုဖြစ်တဲ့ Tizen OS ကို အသုံးပြုဖို့ ဆုံးဖြတ်ထားပါတယ်။ ရုပ်မြင်သံကြားစက်၊ ရေခဲသေတ္တာနဲ့ ကားတွေအပါအဝင် တခြားပစ္စည်းအမျိုးအစားတွေအားလုံးမှာ Samsung နဲ့တခြား ကုမ္ပဏီတွေက အသုံးပြုဖို့ရည်ရွယ်ထားတဲ့ system အသစ်ကို အခုနာရီနှစ်လုံးမှာ ပြောင်းလဲ အသုံးပြုထားတာကို တချို့ကတော့ မှန်ကန်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ Samsung က Tizen camera ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ Tizen phone ထွက်ရှိဖို့ မျှော်မှန်းခဲ့ပေမဲ့ အခုထိ မထွက်ရှိလာခဲ့ပါဘူး။ အခုတော့ Tizen phone အစား Tizen smartwatch ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ Phone တွေ၊ Tablet တွေအပြင် ဝတ်ဆင်လို့ရတဲ့ ပစ္စည်းတွေနဲ့ တခြား gadget တွေမှာ Google ရဲ့ ကြီးစိုးမှုကနေ ကာကွယ်ဖို့ Samsung က Tizen OS ကို ဦးစားပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။