ဒေါ်လာဆယ်သန်းတန် Sam Ovens အကြံပေးကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ၂၆ နှစ်အရွယ် လုပ်ငန်းရှင်ပေးတဲ့ အကြံဉာဏ် ၄ ခု

dec2017howto1

Sam Ovens ဟာ တခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ မတူဘဲ မနက်ကိုးနာရီကနေ ညနေငါးနာရီထိလုပ်ရတဲ့ အလုပ်တွေဟာ သူတကယ်လုပ်ချင်တဲ့ အလုပ်တွေ မဟုတ်ဘူးဆိုတာကို စောစောစီးစီး သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ပထမဆုံးအလုပ်ဝင်ပြီး သုံးလအကြာမှာ အလုပ်ကနေထွက်ပြီးတော့ သူ့မိဘတွေရဲ့ ဂိုဒေါင်မှာ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ထွက်သွားခဲ့ပါတယ်။

ကိုးလလောက်မနားမနေနဲ့ အလုပ်လုပ်ပြီး ရှိသမျှပိုက်ဆံ အကုန်ကုန်သွားတဲ့အချိန်မှာ သူ့ရဲ့ပထမဆုံး လုပ်ငန်းဟာ လုံးဝရပ်ဆိုင်းသွားပါတယ်။ သူနောက်ထပ်လုပ်တဲ့ လုပ်ငန်းနှစ်ခုဟာလည်း ဆိုးဆိုးရွားရွားကို ဆုံးရှုံးခဲ့ပါတယ်။

မအောင်မြင်မှုတွေကြုံတိုင်း အရှုံးပေးပြီး ပုံမှန် ရုံးဝန်ထမ်းပဲ ပြန်လုပ်ဖို့ထက် သူ့လုပ်ငန်းတွေကနေ ရရှိခဲ့တဲ့ အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေကို အသုံးချခဲ့ပါတယ်။ သူ့ရဲ့ဇွဲရှိရှိနဲ့ ကြီးပွားတိုးတက် အောင်မြင်လိုစိတ်တွေက စတုတ္ထမြောက်ကုမ္ပဏီဖြစ်တဲ့ စီးပွားရေးအကြံပေးကုမ္ပဏီကို တည်ထောင်ဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။

စီးပွားရေးအကြံပေးကုမ္ပဏီတည်ထောင်ပြီး လေးနှစ်အကြာ သူ့အသက် ၂၆ နှစ်အရွယ်မှာတော့ ဇွဲရှိခြင်းရဲ့ အကျိုးကျေးဇူးကို သူခံစားရပါတော့တယ်။ သူ ဒေါ်လာဆယ်သန်းကျော်ရှာနိုင်လာပြီး သူ့မိဘတွေရဲ့ ကားဂိုဒေါင်ကနေလည်း ပြောင်းရွှေ့နိုင်လာခဲ့ပါတယ်။

သူ့ကို တခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ဘာများအကြံပေးချင်လဲလို့ မေးတဲ့အခါမှာ သူလေ့လာမှတ်သားခဲ့ရတဲ့ တန်ဖိုးရှိတဲ့ အကြံပေးချက်လေးခုကို ပြောပြခဲ့ပါတယ်။

dec2017howto2

၁။ ကိုယ်ပိုင်အမှတ်တံဆိပ်ကို မြန်မြန်တည်ဆောက်ပါ

ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ထောင်တာက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးရှိပါတယ်။ လူတွေက သင်နဲ့ သင့်ရဲ့ အမှတ်တံဆိပ်ကိုသိပြီး ယုံကြည်လာပြီဆိုရင် သင့်လုပ်ငန်းကိုလည်း ပိုယုံကြည်ချင်လာကြတယ်လို့ Ovens က ပြောပါတယ်။ နောက်ပြီး ကိုယ့်မှာမိတ်ဆွေအပေါင်းအသင်း ပိုများလာလေ Client တွေ ပိုရလာလေပဲဖြစ်တယ်ဆိုတာလည်း သိထားဖို့ လိုတယ်တဲ့။ သူက ကိုယ့်အတွက်ရော၊ ကိုယ့်ကုမ္ပဏီအတွက်ပါ စီးပွားရေးတွေ့ဆုံပွဲတွေလုပ်ပါ၊ Social Media တွေကနေတစ်ဆင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ကျော်ကြားအောင် မြန်မြန်တည်ဆောက်ပါလို့လည်း အကြံပေးပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောခွင့်ရတာ၊ Social Media ပေါ်မှာ ကိုယ်နဲ့ ကိုယ့်ကုမ္ပဏီအကြောင်း Post တွေ တင်နိုင်လာတာတွေက ကုမ္ပဏီကို Customer တွေ တိုးပွားလာစေမယ့် အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် စီးပွားရေးအောင်မြင်ဖို့အတွက်ဆိုရင် ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ဆောက်တာက အရေးကြီးတဲ့ လက်နက်တစ်ခုပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၂။ ကိုယ့်ရဲ့အသိုင်းအဝိုင်းကနေ ငွေရှာပါ

Ovens ရဲ့ အဆိုအရ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ချင်သူ အများစုက သူတို့ရဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်းကို စတင်လိုက်တဲ့အချိန်မှာ သူတို့ထင်ထားတာထက် ပိုတန်ဖိုးရှိပြီး ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ရှိနေပြီးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို ပထမဆုံးစတင်ချိန်မှာ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ မိသားစုတွေရဲ့ အဆက်အသွယ်တွေကိုလည်း မမေ့ပါနဲ့။ သင့်ရဲ့ပတ်ဝန်းကျင်မှာ အလားအလာရှိတဲ့ ဖောက်သည်တွေ ဒီလောက်တောင် ရှိနေပြီးသားလားဆိုပြီးတောင် သင်အံ့သြသွားနိုင်ပါတယ်လို့ Ovens က ပြောပါတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေရဲ့ မိတ်ဆွေတွေအားလုံးဟာ လိုအပ်ချက်တွေရှိနေတဲ့ လူတွေချည်းပါပဲ။ ကိုယ့်စီးပွားရေးလုပ်ငန်းကို ကိုယ်နဲ့သိပြီးသား လူတွေကို စပြီးမိတ်ဆက်တာက ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ကို သွားမိတ်ဆက်ရတာထက် ပိုလွယ်ပါတယ်လို့လည်း ပြောပါတယ်။

dec2017howto3

၃။ သင်ယူလေ့လာမှုတွေကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့

စီးပွားရေးလုပ်ငန်းကို စတင်လိုက်တာနဲ့လေ့လာရမှာတွေ အများကြီးရှိလာပါတယ်။ ကိုယ့်ရဲ့လုပ်ငန်း၊ ဒါမှမဟုတ် အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ ဘယ်လောက်ပဲ သိထားသိထား၊ စိန်ခေါ်မှုအသစ်အသစ်တွေ၊ အခက်အခဲတွေ၊ အပြောင်းအလဲတွေ ဒါမှမဟုတ် အရင်က ဒီလုပ်ငန်းနယ်ပယ်မှာ တစ်ခါမှမဖြစ်ဖူးတဲ့ အတားအဆီးတွေကိုတော့ အမြဲတမ်းကြုံတွေ့နေရမှာပါပဲ။

ဒီနေ့ခေတ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်း အင်တာနက်ကနေ ပညာကို အလွယ်တကူရှာဖွေနိုင်တာကို ကျေးဇူးတင်လိုက်စမ်းပါလို့ Ovens က ပြောပါတယ်။ ကျွန်တော်ဆိုရင် Marketing ၊ Sales ၊ Accounting ၊ Strategy စတာတွေအပြင် Personal Development စတဲ့ ပညာရပ်ဆိုင်ရာစာပေတွေ အကုန်လုံးကို အွန်လိုင်းကနေရှာဖတ်ပြီး အမြဲသင်ယူနေတာပါ။ ကျွန်တော် သိတာတစ်ခုက ကျွန်တော့်လုပ်ငန်းကို အောင်မြင်ချင်တယ်ဆိုရင် ဒါတွေအကုန်လုံးကို လေ့လာရမယ်ဆိုတာပါပဲ။

၄။ ငြင်းဆိုမှုကို အနိုင်ယူပါ

ကျွန်တော် လုပ်ငန်းစလုပ်တုန်းက တစ်ယောက်ယောက်က ငြင်းတာကိုခံလိုက်ရမှာကို ကျွန်တော် အကြောက်ဆုံးပါပဲလို့ Ovens က ပြောပါတယ်။ ကျွန်တော်က ဘာသိဘာသာပဲ နေတတ်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဖောက်သည်ဖြစ်လာနိုင်ခြေရှိတဲ့ လူတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လုပ်ငန်းအောင်မြင်ဖို့အတွက် လူတွေနဲ့တွေ့ပြီး စကားပြောတာက ဘယ်လောက်အရေးပါတယ်ဆိုတာ သိလိုက်တဲ့အချိန်မှာတော့ ငြင်းဆိုခံရတာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို လေ့လာပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် သူစိမ်းတွေနဲ့ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းပြောဖို့ တွန်းအားပေးရတယ်။ နောက်ပိုင်းမှာတော့ စီးပွားရေးအတူတွဲလုပ်ဖို့ ငြင်းဆိုတာဟာ ပုဂ္ဂိုလ်ရေးနဲ့ မဆိုင်ဘူးဆိုတာကို နားလည်လာပါတယ်။ ဒါဟာ ကျွန်တော် အခုလို အောင်မြင်မှုရလာဖို့အတွက် အရေးပါတဲ့ လှေကားတစ်ထစ်ပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုဒီ

Ref: Entrepreneur