တန်ဖိုးကြီးလက်ပတ်နာရီ အမှတ်တံဆိပ်များထဲမှ ထိပ်ဆုံး ၂ ခု

လက်ပတ်နာရီအမှတ်တံဆိပ်များထဲမှ ထိပ်ဆုံးနှစ်ခုဖြစ်သည့် Rolex နှင့် Patek Philippe တို့၏ အောင်မြင်မှုသော့ချက်များနှင့် ထိပ်ဆုံးမှာရှိနေရခြင်းအကြောင်းရင်းတို့ကို နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်စိစစ် တင်ပြလိုက်ရပါသည်။

လက်ပတ်နာရီလောကကို အမှတ်တံဆိပ်ကြီးနှစ်ခုက ကြီးစိုးနေသည်။ Rolex နှင့် Patek Philippe တို့အနေနှင့် ရတနာပစ္စည်းရောင်းချသူတို့၏ ပြသမှုအပြင်အဆင်နှင့် ပစ္စည်းအမည်များဖော်ပြရာတွင် အရေးပါဆုံးနေရာနှစ်ခု၌ ပထမနေရာ (Rolex ဖြစ်လေ့ရှိသည်) နှင့် ဒုတိယနေရာများကို ရယူထားလေ့ရှိသည်။

အကြီးစားရောင်းဝယ်သူအချို့က ဈေးကွက်တွင်း ဦးဆောင်နေသည့် လက်ပတ်နာရီအမှတ်တံဆိပ်ပေါင်း ၂၀ ခန့်ကို ဖော်ပြကြသော်လည်း ယင်းတို့ရရှိသည့် ဝင်ငွေထက်ဝက်နီးပါးကို Rolex နှင့် Patek Philippe အမှတ်တံဆိပ်နာရီတို့မှ ရရှိနေကြသည်။ ခန့်မှန်းမှုများက Rolex သည် အမှတ်တံဆိပ်အားလုံးတွင် အရောင်းရဆုံးနာရီဖြစ်သည်ဟု ဆိုထားသည်။ Swiss နိုင်ငံက တစ်နှစ်တာရောင်းရငွေစုစုပေါင်းသည် Swiss ဖရန့်ငွေ ၅ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ (1 Swiss Franc သည် US 1.03$ ခန့်နှင့်ညီမျှသည်။) နာရီများကိုလေလံတင် ရောင်းချသည့်ပွဲများတွင် အမြင့်ဆုံးဈေးနှုန်းများဖြင့် ရောင်းချရသောနာရီများမှာ Patek Philippe နာရီများဖြစ်ပြီး Rolex နာရီများသည် ဒုတိယနေရာမှလိုက်နေခဲ့သည်။ အခြားနာရီ အမှတ်တံဆိပ်များက ထိုအမှတ်တံဆိပ်နှစ်ခုနောက်တွင် အပြတ်အသပ်ကျန်ရစ်ခဲ့ကြသည်။ နာရီတစ်လုံးအတွက် အများဆုံးရရှိသည့် ရောင်းဈေး (Swiss Franc သန်း ၂၀ ကျော်) မှာ  ၂၀၁၄ ခုနှစ်က မှတ်တမ်းဝင်ခဲ့ပြီး၊ New York ဘဏ်သူဌေးကြီး Henry Graves Jr. အတွက် ၁၉၃၃ ခုနှစ်က ဖန်တီးခဲ့သော လက်ရာဖြစ်သည့် Patek Philippe အမှတ်တံဆိပ် အထူးအိပ်ဆောင်နာရီတစ်ခုဖြစ်သည်။ လက်ရှိ လက်ပတ်နာရီတစ်ခု၏ အမြင့်ဆုံးစံချိန်တင်ဈေးမှာ Swiss Franc ၁၁ သန်း ဖြစ်ပြီး၊ ၎င်းသည် ၁၉၄၃ ခုနှစ်က ထုတ်လုပ်သော Chronograph ပါရှိသည့် Patek Philippe အမှတ်တံဆိပ် Perpectual Calendar အမျိုးအစား ရှားပါးသော Steel နာရီတစ်ခုဖြစ်သည်။

အမှတ်တံဆိပ်တစ်ခု၏ နှစ်သက်တန်ဖိုးထားခံရခြင်းအား၊ အရေအတွက်ကိန်းဂဏန်းများဖြင့် သတ်မှတ်တိုင်းတာ၍ မရနိုင်ဆိုသည့်အချက်မှာ သိသာထင်ရှားပေသည်။ လေလံတင်ရောင်းချပွဲများတွင်၊ စုဆောင်းသူတို့ ဝယ်ယူလိုကြသည့် ဈေးနှုန်းများအားဖြင့်သော်လည်းကောင်း၊ နားလည်ကျွမ်းကျင်သူများ၏ ဆုံးဖြတ်ချက်များအားဖြင့်သော်လည်းကောင်း သတ်မှတ်ကြခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားနေသည့် ကမ္ဘာ့နာရီလေလံတင်ရောင်းချသူတစ်ဦးဖြစ်သော Aurel Bacs သည် Christie ကုမ္ပဏီနာရီ ရောင်းချရေးဌာနတွင် လုပ်ကိုင်နေသည့် ဆယ်နှစ်တာကာလတစ်လျှောက်တွင် ၂၀၀၃ ခုနှစ်က တစ်နှစ်တာရောင်းရငွေ ဒေါ်လာ ၈ သန်းရရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် တစ်နှစ်တာ ရောင်းရငွေ ၁၂၇ သန်းသို့ တက်သွားခဲ့သည်။

သူက Rolex ၊ Patek တို့နှင့်ပတ်သက်၍ ''သူတို့မှာတူညီတဲ့အချက်တစ်ခုရှိတယ်။အဲဒါက ခြောက်ပြစ်ကင်း သဲလဲစင်အရည်အသွေးပဲ။ တခြားကဏ္ဍတွေမှာတော့ သူတို့ဟာ အလွန့်အလွန်ကွဲပြားခြားနားကြတယ်။ Patek က အဓိကခက်ခဲနက်နဲတဲ့အရာတွေနဲ့ လူကိုယ်တိုင် အချောသတ်တဲ့လုပ်ငန်းတွေအပေါ်အတော်များများ အာရုံစိုက်နေတဲ့အချိန်မှာ Rolex က အခိုင်ခန့်ဆုံး၊ ယုံကြည်စိတ်ချရဆုံး၊ (နှိုင်းယှဉ်ပြောရမယ်ဆိုရင်) ပိုပြီး သက်သာတဲ့ နာရီမျိုးတွေကိုတည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်နေခဲ့တယ်။ နှစ်ဦးစလုံးက မိမိတို့ရွေးချယ်တဲ့ သက်ဆိုင်ရာကျွမ်းကျင်မှုကဏ္ဍနယ်ပယ်အသီးသီးမှာ ဦးဆောင်နေသူတွေဖြစ်ကြတဲ့အတွက်ကြောင့်၊ စုဆောင်းသူများ၊ အမြတ်တနိုးစိတ်ဝင်စားကြသူများ၊ ပထမဆုံးအကြိမ်ဝယ်ယူပိုင်ဆိုင်လိုသူများ၊ အားလုံးအတွက် ဈေးကွက်ကပေးနိုင်တဲ့ အကောင်းဆုံးတွေကို ကိုယ်စားပြုသူတွေ ဖြစ်လာကြတယ်။'' ဟုဆိုသည်။

Rolex ကုမ္ပဏီ၏ ကျွမ်းကျင်သူပညာရှင်တစ်ဦးဖြစ်သည့် Paul Altieri ဆိုသူက ''ဧဝရက်တောင်ထိပ်ကို တက်ခဲ့တဲ့ Sir Edmund Hillary ကစပြီး James Bond မင်းသားနဲ့ သရုပ်ဆောင် Paul Newman တို့တိုင်အောင် Rolex နာရီကိုပတ်ကြပါတယ်။ ' ဟု ပြောခဲ့သည်။

နာရီလောကတွင် Rolex နှင့် Patek Philippe တို့သည် အဘယ်ကြောင့် လူအများအနှစ်ခြိုက်ဆုံး အမှတ်တံဆိပ်များ ဖြစ်နေကြရသနည်းဆိုသည်ကို ဖော်ပြသည့်အကြောင်းရင်းအချို့ကို စာရင်းပြုစုတင်ပြထားပါသည်။

bw1

ROLEX

အောင်မြင်မှု၏ အခြေခံအချက်များ

~~~~~~~~~~~~~~~~~~

၁။ လူသိများ၊ကြော်ကြားမှု

-----------------------------

Omega သို့မဟုတ် Breitling သို့မဟုတ် Patek Philippe ကိုပင် မကြားဘူးသည့်တိုင် Rolex နာရီကိုမူ ကြားဖူးပြီးသားဖြစ်နေတတ်သည်။ အခြေခံအားဖြင့် Rolex နာရီကို ကြိုက်နှစ်သက်သူ နှစ်မျိုးနှစ်စားရှိသည်။ ကောင်းစွာသိရှိနားလည်ထားကြသူများနှင့် အနည်းငယ်သာသိရှိထားကြသူများဖြစ်သည်။ နှစ်သက်မြတ်နိုးတန်ဖိုးထားသူများက  Rolex နာရီကို အလွန်မြင့်မားသည့် အရည်အသွေးကြောင့် ဝယ်ယူကြသည်။ အခြား Rolex ဖောက်သည်များကမူ Rolex သည် အကောင်းဆုံးနာရီ ဖြစ်သည်ဆိုသည်ကလွဲ၍ နာရီအကြောင်းကောင်းစွာ မသိသေးသူများဖြစ်သည်။ ယင်းပုဂ္ဂိုလ်များအတွက် အဓိကအခြေခံစေ့ဆော်ချက်မှာ နာရီပတ်မည်ဆိုလျှင် Rolex နာရီသာဖြစ်ရမည်ဆိုခြင်းပင်ဖြစ်သည်။  နာရီအကြောင်းမသိသေးသူတစ်ဦးကပင် နာရီအမှတ်တံဆိပ်တခုအားအကောင်းဆုံးအဖြစ် သတ်သတ်မှတ်မှတ် ယုံကြည်လက်ခံသည်ဆိုခြင်းက ထုတ်လုပ်သူအဖို့ အလွန်ကြီးမားသည့် ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။

၂။ ပစ္စည်းအရည်အသွေး

----------------------------

Rolex နာရီများ အောင်မြင်နေမှု၏အခြေခံအချက်မှာ ထုတ်လုပ်သည့်ပစ္စည်းအရည်အသွေးကို ပစ္စည်းတည်ရှိနေသ၍ နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပင်ဖြစ်သည်။ Rolex နာရီများသည် အချိန်တိကျမှန်ကန်ပြီး၊ ခိုင်ခန့်ကျက်သရေရှိကာ ယုံကြည်စိတ်ချရသည့်နာရီများ ဖြစ်သည်။ နှစ်စဉ်ခန့်မှန်းချေနာရီ အလုံးရေပေါင်းခုနှစ်သိန်းခွဲခန့်သာ ထုတ်လုပ်ပြီး အစဉ်တစိုက် အရည်အသွေးမြင့်မားစွာ ထိန်းသိမ်းထားနေနိုင်ခြင်း ကိုယ်၌ကပင်လျှင်  Rolex ၏ ကိုယ်ပိုင်အနုပညာတစ်ရပ် ဖြစ်သည်။ အစဉ်အလာမဟုတ်သည့် ရှုပ်ထွေးမှုများကို လစ်လျူထားခြင်းကလည်း Rolex ၏ အားသာချက်တစ်ခု ဖြစ်သည်။ Rolex နာရီများတွင် Tourbillon ခေါ်သော စက်အင်္ဂါအစိတ်အပိုင်း၊ ပြက္ခဒိန်နေ့စွဲများအတိုင်းဖော်ပြသည့် ဒိုင်ခွက်များ၊ စွမ်းအင်ချွေတာသည့် အစီအစဉ်များနှင့် အချက်ပေးသည့် နှိုးစက်များပင် ထည့်သွင်းထားခြင်းမရှိပေ။ ကုမ္ပဏီအနေနှင့် မိမိတို့အကောင်းဆုံးလုပ်ပေးနိုင်သည့် အရာများအပေါ်တွင်သာ အာရုံစူးစိုက်ထားလျက်၊ အသေးစိတ်အချက်များ တိုးတက်ကောင်းမွန်နေစေရန် အစဉ်ကြိုးစားလျက်ရှိသည်။ လှုပ်ရှားသည့် အစိတ်အပိုင်းများနှင့် နာရီအိမ်ပုံစံနှင့်ပတ်သက်၍လည်း ဤနည်းအတိုင်းပင်ဖြစ်သည်။  Tourbillon အမှတ်တံဆိပ်၏ သို့မဟုတ် GMT II မော်ဒယ်များတွင် အသုံးပြုတပ်ဆင်ထားသည့် စက်ယန္တယားကဲ့သို့ ကြည်လင်ပြတ်သားပြီး၊ ချောမွေ့စွာလည်ပတ်နေသည့် နာရီစက်ယန္တယားမျိုး အခြားမည်သည့်ပြိုင်ဖက်နာရီမျိုးတွင်မှ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်မဟုတ်ပေ။ ဈေးနှုန်းများစွာ ပိုကြီးသော အခြားတန်ဖိုးမြင့်နာရီထုတ်လုပ်သူများထံ၌ပင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။

၃။ နာရီတစ်လုံးအနေနှင့် လိုအပ်သည့်အရာမှန်သမျှ

---------------------------

Rolex ဆိုသည့်အမည်နာမ၏ ကြီးကျယ်ခန်းနားမှုသည် ဆန်းသစ်သောအချက်အလက်များကို သူတို့ထုတ်လုပ်သည့်နာရီများတွင် အလွန်စောစီးသည့် အချိန်ကတည်းက ရှာဖွေထည့်သွင်းထားခြင်းအားဖြင့် နေ့စဉ်အသုံးပြုရာတွင် ကောင်းစွာအဆင်ပြေစေခဲ့သည်ဆိုသည့်အချက်နှင့် ဆက်နွှယ်လျက်ရှိသည်။ Rolex ကို တည်ထောင်ခဲ့သူ Hans Wilsdorf သည် လူသိများထင်ရှားသော Kew-Teddington လေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ သူထုတ်လုပ်မည့် လက်ပတ်နာရီ၏ စက်ယန္တယားလုပ်ဆောင်မှုအား၊ အချိန်တိကျသည့် နာရီထုတ်လုပ်ခွင့်မူပိုင်လက်မှတ်ရရှိရေးအတွက် ၁၉၁၄ ခုနှစ်က တင်သွင်းခဲ့သည်။ ယနေ့ (လတ်တလောအချိန်တွင် COSC ဟုခေါ်သည့် ဆွစ်ဇာလန်အဖွဲ့အစည်းတစ်ခုမှ ဆောင်ရွက်နေသော) အချိန်တိကျသည့် နာရီများအား စမ်းသပ်စစ်ဆေးစီစစ်သည့်အလုပ်ကို၊ Rolex နာရီစက်ပိုင်းဆိုင်ရာများကို ချိန်ညှိပေးသည့်ဌာနတွင် စက်ရုံအတွင်းမဖြစ်မနေ လုပ်ဆောင်ရမည့် စံညွှန်းသတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပေသည်။ ရေစိုခံနိုင်သည့် လက်ပတ်နာရီကို ၁၉၂၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး၊ ရေစိုဒဏ်ခံနိုင်မှုကို သေချာစေရန်အတွက်၊ နောက်နှစ်နှစ်ခန့်အကြာတွင် အလိုအလျောက်သံပတ်ပေးသည့် (လူကိုယ်တိုင်သံပတ်ပေးရန်မလိုသည့်) လက်ပတ်နာရီများကို ထုတ်လုပ်ခဲ့သည်။ တနည်းအားဖြင့် သံပတ်ပေးသည့် ဘုသီးအား နေ့တိုင်းဆွဲထုတ်စရာမလိုတော့သောကြောင့် ရေမဝင်ဖို့ ပိုမိုသေချာစေခဲ့သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို ''Oyster Perpetual'' ဆိုသည့် နာရီပုံစံတွင် တွေ့မြင်နိုင်ပြီး၊ Rolex နာရီတိုင်းနီးပါးတွင် ထည့်သွင်းထားသည်။ ၁၉၄၅ ခုနှစ်က စတင်မိတ်ဆက်ထုတ်လုပ်ခဲ့သည့် 'Datejust'' ဆိုသည့် ပုံစံသည်၊ ရေလုံ နာရီ အိမ်၊ အလိုအလျောက်သံပတ်ပေးခြင်းနှင့် အချိန်တိကျမှန်ကန်သည့် ထောက်ခံချက်စသည့် လက္ခဏာသုံးခုကို တပေါင်းတည်းထုတ်လုပ်သည့် ပထမဆုံးနာရီတစ်ခုဖြစ်ခဲ့သည်။ ထိုလက္ခဏာသွင်ပြင်များနှင့်အတူ နေ့စွဲဖော်ပြသည့် အကွက်ငယ်ပါပေါင်းစပ်လိုက်သောအခါ လိုအပ်သည့် အရာအားလုံးပြည့်စုံသည့်နာရီတစ်လုံးဖြစ်လာခဲ့သည်။

၄။ ပုံစံဒီဇိုင်းနှင့် အသိအမှတ်ပြုလက်ခံခြင်း

------------------

နာရီတစ်လုံးကို နေ့စဉ်အသုံးပြုနိုင်စေသည့်အချက်မှာ ယင်းနာရီပုံစံ၏ လုပ်ဆောင်ချက်များဖြစ်သည်။ Rolex နာရီများ၏ ဝိုင်းစက်သည့် ပုံသဏ္ဍာန်က၊ ရေစိုခံနိုင်ခြင်းနှင့် အများထက်သာလွန်သည့် ရှင်းလင်းမြင်သာမှုကို ဖြည့်ဆည်းပေးသည်။ ဤအချက်များအပြင် အလယ်မှတ်ကို ဗဟိုပြုလည်ပတ်သော စက္ကန့်လက်တံနှင့် နေ့စွဲကိုပိုမိုမြင်သာအောင်ချဲ့ပေးသည့် မှန်သားခုံး (Hans Wilsdorf ၏ တီထွင်မှုနောက်တစ်ခု) တို့ ထပ်မံပေါင်းစပ်ပေးထားသည်။ နှစ်ကာလများကြာမြင့်လာသည်နှင့်အညီ၊ ရှိပြီးသားစုစည်းမှုများကို ဆက်လက်ထိန်းသိမ်းထားရင်း၊ အရည်အသွေးတိုးတက်မြှင့်တင်မှုများကိုလည်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ပုံစံအနည်းငယ်ပြောင်းလဲခြင်းဖြစ်စေ၊ လုံးဝပြောင်းလဲခြင်းဖြစ်စေ ရုတ်တရက် လုပ်ဆောင်ခြင်းမျိုးမရှိခဲ့ပေ။ နာရီအရွယ်အစားပြောင်းလဲခြင်းကိုပင် တဖြေးဖြေးခြင်းသာ ပြုလုပ်ခဲ့သည်။ Rolex ၏ ပင်ကိုယ်အသွင်သဏ္ဍာန်များဖြစ်သော၊ အမြောင်းလေးများပါသည့် ဒိုင်ခွက်အနားများ၊ "Mercedes" တံဆိပ်ပါ လက်တံများ၊ နေ့စွဲအကျယ်ချဲ့ပေးသည့် မှန်ခုံးကွက်လေးများနှင့် Oyster bracelets ဟုခေါ်ကြသော လက်ပတ်ကြိုးပုံစံများသည် မတူညီသောဒီဇိုင်းပုံစံအမျိုးမျိုး၏ အစိတ်အပိုင်းများဖြစ်ကြပြီး ယင်းတို့ကို ပြောင်းလဲပစ်လေ့မရှိပေ။ ထို့ကြောင့် ယနေ့မြင်တွေ့ရသည့် Datejust နှင့် Submariner နာရီများသည် ယခင်နှစ်ပေါင်းများစွာက နာရီများနှင့် ပုံစံသိပ်မကွာလှဘဲ၊ Rolex နာရီများကိုလည်း အဝေးမှကြည့်ရုံနှင့် အလွယ်တကူမှတ်မိနေကြခြင်းဖြစ် သည်။ ထိုသို့မှတ်မိသူများမှာလည်း နာရီကျွမ်းကျင်သူများသာ မဟုတ်ပေ။ ယင်းကို နာရီကျွမ်းကျင်သူ Gisbert L.Brunner က ''၁၀ မီတာ ဥပဒေသ'' ဟုဆိုသည်။

၅။ တန်ဖိုးခိုင်မာမှု

-------------------

ကားတစီးဝယ်ယူလိုက်ပြီးသည်နှင့် ထိုကားမှာ တန်ဖိုးအားဖြင့် ထက်ဝက်ခန့်ကျဆင်းသွားသည်ဟူသော ထင်မြင်ယူဆချက်မှာ အများကလက်ခံထားသည့် အယူအဆတစ်ခုဖြစ်သည်။ နာရီနှင့်ပတ်သက်လျှင်လည်း (Rolex နာရီများမှလွဲ၍) ထိုအဆိုမှာ အတိုင်းအတာတစ်ခုထိ မှန်ကန်နေပေသည်။ (Gold Oyster Models များနှင့် လှပခန့်ညားသည့် Gold Cellini နာရီများအတွက် အနည်းငယ် ကြပ်တည်းခက်ခဲသည့် အခြေအနေဖြစ်နေသည့်တိုင်) အနည်းဆုံးတော့ လူကြိုက်များရောင်းအားကောင်းသော Stainless Steel Sports Model နာရီများအား မူလဝယ်ယူထားသည့်ဈေးနှုန်းထက် အနည်းငယ်သာ အလျော့အတင်းရှိသည့် ဈေးဖြင့် ပြန်လည်ရောင်းချနိုင်ပေသည်။ ပြန်လည်ရောင်းချလိုသည့် ရည်ရွယ်ချက်သက်သက်ကြောင့်ဖြစ်စေ၊ အခြားသောရည်ရွယ်ချက်များနှင့်ဖြစ်စေ၊ ဝယ်ယူထားသူတိုင်းအတွက် ဤအချက်မှာ ဆွဲဆောင်မှုရှိသော အချက်တစ်ခုဖြစ်သည်။ အမြဲပင် လုံခြုံစိတ်ချသည့်ခံစားမှုကို ဖြစ်ပေါ်စေပေသည်။

၆။ လေလံဈေးနှုန်းများ

-------------------------

အသုံးပြုပြီးဖြစ်သော်လည်း အတော်သစ်လွင်သေးသည့် နာရီဟောင်းများ၏ ဈေးနှုန်းတည်ငြိမ်မှုသည် လေလံပွဲများ၌ Rolex နာရီဟောင်းများသည် ပုံမှန်အားဖြင့်ဈေးကောင်းရနေသည်ဆိုသော အချက်ပေါ်တွင် များစွာမူတည်ပေသည်။ လေလံပွဲများတွင် Patek Philippe ပြီးလျှင် Rolex သည် လူကြိုက်အများဆုံး အမှတ်တံဆိပ်ဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာအတွင်း၊ Rolex နာရီများသည် လေလံပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့်သာဓက ထောင်ပေါင်းများစွာရှိခဲ့သည်။ အချို့လေလံပွဲများတွင်  ဈေးနှုန်းမြင့်မားစွာ ရရှိခဲ့သည်။ ဈေးနှုန်းအမြင့်ဆုံး Rolex လက်ပတ်နာရီ (Ref.6062) ကို ၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ရောင်းချခဲ့ရသည်။ (နေ့စွဲဖော်ပြသည့် လက်တံ၊ နေ့ရက်နှင့်လ) ပုံစံသုံးမျိုးဖြင့်ဖော်ပြထားပြီး၊ အနက်ရောင်ဒိုင်ခွက်မျက်နှာပြင်တွင် စိန်ပွင့်လေးများဖြင့် ပြုလုပ်ထားသည့် နာရီအမှတ်အသားလေးများ ပါရှိသော၊ တစ်ချိန်က Bao Dai ဆိုသည့် ဗီယက်နမ်လူမျိုးတို့၏ နောက်ဆုံး ဧကရာဇ်ပိုင်ဆိုင်ခဲ့သည့် လက်ပတ်နာရီ ဖြစ်သည်။ ယင်းနာရီကို ဂျနီဗာမြို့ Phillips နာရီလေလံပွဲတွင် Swiss Franc ၅ သန်း ကျော်ဖြင့် ရောင်းချခဲ့ရသည်။

၇။ ဖန်တီးရယူသည့် မလုံလောက်မှုများ

----------------------

လိုချင်သည့်အရာတစ်ခုကို မရနိုင်မှန်းသိလိုက်ရသည့်အချိန်တွင် လိုလားတမ်းတမှုအတိုင်းအတာသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားလေ့ရှိသည်။ Steel ဖြင့် ပြုလုပ်ထားသည့် Daytona နာရီ၏ အစောပိုင်း ထုတ်လုပ်သည့်ပုံစံကို ရုပ်ရှင်မင်းသား Paul Newman ၏ လက်ကောက်ဝတ်ပေါ်တွင် စတင်တွေ့ရှိခဲ့ရသည့်အချိန်မှစ၍ လူပေါင်းများစွာအတွက် အတိုင်းမသိလိုချင်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။ ထိုအမျိုးအစားနာရီများကို ရောင်းချနိုင်မည်ဟုမျှော်လင့်ရသည့် အရေအတွက်အတိုင်း Rolex မှ ထုတ်လုပ်ရောင်းချခဲ့သည့်တိုင် ရှည်လျားများပြားသည့် အမှာစာများနှင့် ကြုံတွေ့ခဲ့ရသည်။

၈။ ဈေးကွက်ရှာဖွေဖန်တီးခြင်းနှင့် ဆက်သွယ်ရေး

------------------------------------

Rolex ကို တည်ထောင်သူ Hans Wilsdorf သည် ဈေးကွက်ရှာဖွေဖန်တီးရာတွင် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။ မည်သည့်ဘာသာစကားပြောနှင့်ဖြစ်စေ အလွယ်တကူ အသံထွက်ခေါ်ဆိုနိုင်သည့် အမည်ကိုရွေးချယ်ခဲ့ပြီး ယင်းအမည်အား နာရီဒိုင်ခွက်ပေါ်တွင် ဖော်ပြမှုကိုလည်း သေချာအောင်စီစဉ်ခဲ့သည်။ Wilford သည် မိမိ၏ရေစိမ်ခံနာရီအား Oyster ဟု အမည်ပေးခဲ့ပြီး၊ ထိုအချိန်က အင်္ဂလန်ရေလက်ကြားအား ဖြတ်ကူးရန်ကြံစည်နေသူကို ဝတ်ဆင်စေခဲ့သည်။ (ရေလက်ကြားဖြတ်ကူးသည့် အမျိုးသမီးသည် နာရီကို သူမလည်တွင် ဆွဲထားခဲ့သည်။) ထိုသတင်းက  Wildorf အတွက်  Daily Mail သတင်းစာတွင် မျက်နှာဖုံးအပြည့်ကြော်ငြာတစ်ခုဖြစ်ခဲ့သည်။ မဂ္ဂဇင်းများထဲတွင်လည်း သရုပ်ဆောင်မင်းသမီးငယ်တစ်ဦးက သူမ၏နာရီပတ်ထားသည့် လက်ကို၊ လက်ကောက်ဝတ်ထိ (နာရီအပါအဝင်) ငါးထည့်ထားသည့် ဇလုံတစ်ခုထဲတွင် ရေထဲသို့ နှစ်ပြခဲ့သည်။

Rolex ၏ ဈေးကွက်ချဉ်းကပ်မှုများမှာ ပိုမိုသိမ်မွေ့လာသည်။ ၁၉၇၀ ပြည့်နှစ်များ၏နောက်ပိုင်းကာလများမှစ၍ Rolex သည် တင်းနစ်ပြိုင်ပွဲများ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများ၊ ကားပြိုင်ပွဲများ၊ မြင်းအလှစီးပြိုင်ပွဲများ၊ ရွက်လှေပြိုင်ပွဲများစသည့် လူအများ နှစ်သက်လေးစားကြသည့် အားကစားများတွင်ပါဝင်ဖို့ ဂရုတစိုက် အလေးထားခဲ့သည်။ ၁၉၇၈ ခုနှစ်မှစ၍ Rolex သည် Wimbledon ၊ ၁၉၈၀ ပြည့်နှစ်တွင် US Open စသည့် တင်းနစ်ပြိုင်ပွဲများနှင့် ၂၀၁၃ ခုနှစ်တွင် Formular One ကားပြိုင်ပွဲအတွက် တရားဝင်အချိန်မှတ်နာရီတစ်ခု ဖြစ်လာခဲ့ခြင်းတို့က Rolex သည် အားကစားပွဲများနှင့် အောင်မြင်မှုတို့ကို ကိုယ်စားပြုလျက်ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြလျက်ရှိပေသည်။

၉။ ကျစ်လစ်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု၏ ဒဏ္ဍာရီ

--------------------------

Rolex သည် အမြဲတစေခိုင်မာ၍ တည်ငြိမ်အေးဆေးသော ပုံရိပ်အသွင်သဏ္ဍာန်ကို စွဲကိုင်ရပ်တည်လျက်ရှိသည်။ Rolex ကုမ္ပဏီသည် ယင်း၏လက်ရှိအောင်မြင်နေသည့်နည်းစံနစ်များကို သစ္စာရှိစွာဆုပ်ကိုင်ထားလျက် အသစ်အဆန်း၊ တမူထူးခြားမှုများနောက်သို့လိုက်မည့်အစား လက်ရှိအခြေအနေကို စဉ်ဆက်မပြတ်တိုးတက်အောင်ကြိုးစားဖို့ ရွေးချယ်ထားသည်။ Rolex အမှတ်တံဆိပ်၏ ပြောစမှတ်ပြုစရာ အကြောင်းအရာတစိတ်တပိုင်းမှာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ရေပန်းစားခဲ့သည် Quartz နာရီများ ထုတ်လုပ်မှုရေစီးကြောင်းတွင် (Rolex quartz နာရီအနည်းငယ်ရှိခဲ့သော်ငြားလည်း) အများနောက်သို့ လိုက်ပါခဲ့ခြင်း မရှိသည့်အချက်ပင်ဖြစ်သည်။ ကုမ္ပဏီသည် Tourbillion ၊ Repeater တို့ကဲ့သို့ ရှုပ်ထွေးသည့် နာရီအမျိုးအစားများ ထုတ်လုပ်ခြင်းမရှိခဲ့ဘဲ၊ ပုံစံအသစ်အဆန်းများကို သိပ်လုပ်လေ့မရှိသည့်အပြင် Online ရောင်းချမှုမှလည်း ဝေးဝေးရှောင်ခဲ့သည်။ လှုပ်ရှားမှုယန္တယားတွင်ပါဝင်သည့် အစိတ်အပိုင်းများတွင် စီလီကွန်အစိတ်အပိုင်းများကို အသုံးပြုခြင်းကဲ့သို့သော နည်းစံနစ်သစ်များသို့ တိုးတက်ပြောင်းလဲရာတွင်လည်း အလွန်သတိထားစဉ်းစားဆင်ခြင်လျက် တဖြေးဖြေးခြင်းသာ လုပ်ဆောင်ခဲ့သည်။ Smart နာရီများနှင့် လုပ်ဆောင်ချက်များ ထည့်သွင်းရန်ကိုမူကား ထည့်သွင်းစဉ်းစားခြင်းပင်မပြုပေ။ ဤအချက်များက သုံးစွဲသူများအဖို့ Rolex အမှတ်တံဆိပ်အပေါ် ကြိုတင်တွက်ဆမှုများပြုလုပ်ခွင့်ပေးပြီး အမှတ်တံဆိပ်အနေနှင့် အမှားမပြုမိနိုင်စေရန်လည်း ကာကွယ်ပေးသည်။ နွေဦးကာလရောက်တိုင်း Baselworld တွင် ပြုလုပ်လေ့ရှိသည့် ပုံစံသစ်မိတ်ဆက်ပွဲများတွင် Rolex ကုမ္ပဏီမှ များများစားစားပါဝင်လေ့မရှိပေ။

အခြားထုတ်လုပ်သူများက ကမ္ဘာ့စံချိန်သစ်များကို ရဲဝံ့စွာကြေငြာလျက် နာမည်ကြီးပုဂ္ဂိုလ်များနှင့် မိမိတို့ထုတ်လုပ်သည့် ပစ္စည်းသစ်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြော်ငြာနေသည့်အချိန်တွင် Rolex ကုမ္ပဏီသည် အသေးစိတ်အဆင့်မြှင့်တင်ခြင်းများကို တိတ်ဆိတ်စွာ လုပ်ကိုင်လျက်ရှိသည်။ အရွယ်အစား ပိုကြီးသည့် နာရီအိမ်များ၊ ပိုမိုကောင်းမွန်သည့် လှုပ်ရှားမှုများ၊ အတွန့်လေးများပါသည့် နာရီအိမ်နား သတ်ကွင်းများ၊ မကြာမကြာအရောင်ပြောင်းခြင်းများ စသည့် ပြောင်းလဲမှုများကိုပင်လျှင် နှစ်သက်အားပေးသည့် ဖောက်သည်များနှင့် အပြန်အလှန်ဆွေးနွေးတိုင်ပင်လေ့ရှိသည်။ ပုဂ္ဂိုလ်ရေးထိတွေ့ဆက်သွယ်မှုများနှင့် ပတ်သက်၍လည်း ဖောက်သည်များနှင့် သတင်းသမားတို့အတွင်းသို့ ဝင်ရောက်ကြည့်ရှုလေ့လာခွင့်ရခဲလှသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ နာရီထုတ်လုပ်သည့် အဆောက်အဦးများ၊ စည်းကမ်းချက်များအရ မည်သည့်တွေ့ဆုံမေးမြန်းမှုကိုမျှ လက်ခံဖြေဆိုလေ့မရှိသော ကုမ္ပဏီ၏ CEO အဆုံး Rolex သည် အခွံနှစ်ဖက် အလုံပိတ်ထားသော ကမာကောင်ကဲ့သို့ အသိရခက်စွာ လျှို့ဝှက်လှုပ်ရှားလေ့ရှိသည်။

bw2

PATEK PHILIPPE

GENEVE

အောင်မြင်မှု၏ အခြေခံအချက်များ

~~~~~~~~~~~~~~~~~~

၁။ ထူးခြားသာလွန်သည့် ကျွမ်းကျင်မှု

---------------------------

Patek Philippe သည် လက်တံနှစ်ခုနှင့် သံပတ်ပေးရသည့် နာရီမှစ၍ မိနစ်တိုင်းအချက်ပေးသည့် ဆန်းပြားရှုပ်ထွေးသော အထူးပြောင်မြောက်သည့် လက်ရာများ၊ Tourbillon Watch ဟုခေါ်သော ကမ္ဘာပေါ်ရှိမည်သည့်ဒေသ၊ မည်သည့် ကမ္ဘာ့ဆွဲအားမျိုးတွင်မဆို အချိန်တိကျမှန်ကန်သည့် နာရီများ၊ စက္ကန့်၏ အစိတ်အပိုင်းတခုထိဖော်ပြသည့် နာရီများအထိ အပါအဝင်ဖြစ်သော နာရီကောင်းများထုတ်လုပ်သည့် ကဏ္ဍတိုင်းတွင် အထူးကျွမ်းကျင်သောကုမ္ပဏီ ဖြစ်သည်။ လုပ်ဆောင်ချက် ၂၄ ခုပါဝင်သော ၁၉၃၃ ခုနှစ်ထုတ် Graves Super ၊ လုပ်ဆောင်ချက် ၃၃ ခုပါဝင်သော ၂၀၁၄ ခုနှစ်ထုတ် Caliber 89 ၊ သို့မဟုတ် လုပ်ဆောင်ချက် နှစ်ဆယ်ပါဝင်သော ၂၀၁၄ ခုနှစ်ထုတ် Grandmast2er Chime စသည့် အမည်ကျော်ကြား လူသိများသည့် နာရီများနှင့်ပတ်သက်၍ Patek Philippe ၏ကျွမ်းကျင်မှုက ရင်ဆိုင်ကြုံတွေ့ရသည့် ကြီးမားသောအခက်အခဲ အမျိုးမျိုးအား ဖြေရှင်းနိုင်ရန် ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ Patek Philippe ကုမ္ပဏီကိုယ်တိုင်ကလည်း ထုတ်လုပ်မှုအဆင့်တိုင်းနှင့် ကုမ္ပဏီအတွင်း အရည်အသွေးထိန်းချုပ်မှုတို့တွင် တင်းကြပ်သည့် စည်းကမ်းများထားရှိပြီး ဤစည်းကမ်းချက်များအား စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးထားသည်ဆိုခြင်းကိုလည်း Patek Philippe အမှတ်တံဆိပ်ဖြင့် အာမခံထားသည်။

၂။ အပြစ်အနာအဆာကင်းသည့် တန်ဆာဆင်မှု

-------------------------

ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခု၏ နည်းဗျူဟာနှင့် ပုံသဏ္ဍန်ဟန်ပန်နှစ်ခုလုံးတွင် လက်ဖြင့် တန်ဆာဆင်ခြင်း၏ အရည်အသွေးသည် အလွန်မြင့်မားပေသည်။ လူအများအလေးထားဂရုပြုလေ့မရှိသည့် ပင်နယံသွားကဲ့သို့သောပစ္စည်းမျိုးပင်လျှင် အဆင့်ပေါင်း ၄၀ မှ ၆၀ အထိ လုပ်ကိုင်ရန်လိုအပ်သည်။ ကြွေရည်သုတ်ဆေးခြယ်ခြင်း၊ အလွန့်အလွန်အနုစိတ်သည့် စာလုံးထွင်းခြင်း၊ အဖိုးတန်ကျောက်များဖြင့် စီခြင်း၊ မြှုပ်ခြင်း စသည့် အနုပညာဆန်သည့် လုပ်ငန်းစဉ်များသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ပေသည်။

၃။ ဓလေ့ထုံးတမ်းအစဉ်အလာ

----------------------------------

ဤကျွမ်းကျင်မှုကဏ္ဍကို တစ်ခဏ၊ အချိန်တိုအတွင်း တည်ဆောက်ယူ၍ မရနိုင်ပါ။ Patek Philippe ကုမ္ပဏီ ဖြစ်ပေါ်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်း ၁၇၈ နှစ်ရှိပြီဖြစ်ကာ ထိုနှစ်ကာလများအတွင်း နာရီပေါင်းများစွာ မရပ်မနား ထုတ်လုပ်ခဲ့သည်။ အကျိုးဆက်အဖြစ် နာရီထုတ်လုပ်သည့် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုသို့ အလွန်များပြားလှသည့် အတွေ့အကြုံများ လက်ဆင့်ကမ်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဤအကျိုးအမြတ်များကြောင့် ခေတ်ပေါ်နာရီများထုတ်လုပ်ခြင်းများသာမဟုတ်ဘဲ Patek Philippe အနေနှင့် ရာဇဝင်တလျှောက် အရေးပါခဲ့သည့် နာရီဟောင်းများကိုလည်း မည်မျှသက်တမ်းရှိသည့် နာရီကိုမဆို ပြုပြင်ရန်အသင့်ပြင်ထားပြီး၊ ပြုပြင်နိုင်စွမ်းလည်း ရှိခဲ့သည်။

၄။ အရည်အသွေး

--------------------

အရည်အသွေးသည် Patek Philippe ကုမ္ပဏီအတွက် အဖိုးထိုက်တန်ဆုံး အရင်းအမြစ်တခုဖြစ်သည်။ ကုမ္ပဏီတစ်ခုလုံးကိုလည်း ထိုအချက်အားခိုင်မာစွာအထောက်အ ကူပြုနိုင်ဖို့ ဖွဲ့စည်းထားသည်။ ၂၀၀၈ ခုနှစ် Patek Philippe က သူ့ရဲ့ကိုယ်ပိုင် Quality Standard (Patek Philippe Seal) ကို စတင်မိတ်ဆက်ခဲ့စဉ်ကပင် ကုမ္ပဏီသည် ပုံမှန်စက်ရုံအလုပ်ရုံများတွင် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများထက် သာလွန်တင်းကြပ်သည့် အဆင့်ရှိသော စည်းမျဉ်းများထုတ်ပြန်ကျင့်သုံးခဲ့သည်။ သို့ရာတွင် အရည်အသွေးကောင်းမွန်မှုအပေါ်အား စိုက်နှစ်မြှုပ်လုပ်ကိုင်ခြင်းကို နာရီထုတ်လုပ်ခြင်းများတွင်သာ ကျင့်သုံးသည်မဟုတ်ပေ။ Patek Philippe ကုမ္ပဏီသည် နာရီထုတ်လုပ်သည့်ကဏ္ဍ၊ အရောင်းကိုယ်စားလှယ်များ၊ ရောင်းချမှုနှင့် ရောင်းချပြီး ပစ္စည်းများအား ဝန်ဆောင်မှုပေးခြင်း စသည့် ဝယ်ယူသူများအားထောက်ပံ့မှုပေးသည့် လုပ်ငန်းများတွင်ပါဝင်သည့် ယင်း၏ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးရာတွင် အဆင့်အမြင့်ဆုံး ပို့ချသင်ကြားခဲ့သည်။

၅။ တန်ဖိုး

-----------

Rolex ကုမ္ပဏီကဲ့သို့ပင် Patek Philippe တွင်လည်း တန်ဖိုးတည်တံ့ခိုင်မြဲရေးဦးစားပေးမှုသည် အခြေခံအားဖြင့် အလွန်မြင့်မားလှသည်။ အခြားအမှတ်တံဆိပ်နာရီများစွာသည် မိမိတို့ထုတ်လုပ်ရောင်းချခဲ့သည့် နာရီများကို ပြန်လည်ရောင်းချသည့်အခါ သိသာစွာလျော့နည်းသည့် ဈေးဖြင့်တွက်ချက်လေ့ရှိသည်။ (ခြွင်းချက်များက သက်သေပြလျက်ရှိပြီး၊ ပစ္စည်းအတွက်လည်း မည်သည့်နည်းနှင့်မျှ အာမခံပေးမည်မဟုတ်ပေ) Patek Philkippe နာရီများနှင့် ပတ်သက်လျှင်မူ တန်ဖိုးလျော့နည်းမှုမဖြစ်ရေးအတွက် အခွင့်အရေးများစွာရှိပြီး၊ အထူးသဖြင့် Nautilus ကဲ့သို့သော နာမည်ကြီးအမျိုးအစားများတွင် လုံးဝစိတ်ချရပေသည်။ မိမိတို့စိတ်ကျေနပ်မှုအတွက် ဝယ်ယူသုံးစွဲခြင်းသက်သက်သာဖြစ်ပြီး၊ ပြန်လည်ရောင်းချမည့် အစီအစဉ် မရှိသေးသည့်သူများအတွက်ပင်လျှင် လုံခြုံစိတ်ချရသည့် ခံစားမှုဖြစ်ပေါ်စေသည်။ အမှတ်တံဆိပ်တစ်ခုအနေနှင့် နှစ်သက်လိုလားဖွယ်ကောင်းမှုတွင် Patek Philippe ထက်သာလွန်အောင် စွမ်းဆောင်နိုင်ကြမည်မဟုတ်ပေ။

၆။ လေလံဈေးနှုန်းများ

----------------------

လေလံပွဲများတွင် ပုံမှန်အောင်မြင်မှုများရရှိနေခြင်းက တန်ဖိုးခိုင်မာမှုကို အထောက်အကူပြုလျက်ရှိသည်။ ဈေးနှုန်းအမြင့်ဆုံးဖြင့် ရောင်းချခဲ့ရသည့် အိတ်ဆောင်နာရီနှင့် လက်ပတ်နာရီနှစ်မျိုးလုံးသည် Patek Philippe နာရီများ ဖြစ်သည်။ Graves Super complication ဟု လူသိများသည့် အိပ်ဆောင်နာရီအား ၁၉၉၉ ခုနှစ်က စံချိန်တင်ဒေါ်လာ ၁၁ သန်းနှင့် ရောင်းချခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ထိုဈေးနှုန်း၏နှစ်ဆနီးပါးခန့်နှင့် ထပ်မံရောင်းချခဲ့ရသည့် အချက်ကလည်း တန်ဖိုးဆက်လက်မြင့်တက်နေသည်ဆိုခြင်းကို ဖော်ပြလျက်ရှိသည်။ ဤအချက်က Patek Philippe ၏ အခြားနာရီများ အထူးသဖြင့် လက်ပတ်နာရီများနှင့် ပတ်သက်၍လည်း မှန်ကန်လျက်ရှိသည်။

၇။ မိသားစုကုမ္ပဏီ

--------------------

Patek Philippe ကုမ္ပဏီဖြစ်ပေါ်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပြီး ယခုအခါ Stern မိသားစု၏ စတုတ္ထမြောက်မျိုးဆက်က ဦးဆောင်လျက်ရှိသည်။ ဤအချက်က ကုမ္ပဏီ၏ အယူအဆသဘောတရားများ၊ မူဝါဒများနှင့် အတိုင်းအတာမြင့်မားစွာ ကိုက်ညီစေပြီး အုပ်ချုပ်မှုအဖွဲ့အစည်းသစ်၏ အခြေခံပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ချေရှိခြင်းမှ ကင်းလွတ်စေသည်။ တာရှည်ခံနိုင်ရန် ထိန်းသိမ်းသည့် ဓလေ့ထုံးတမ်းနှင့် ဆက်လက်ဖော်ပြမည့်အချက်များနှင့် အလွန်နီးစပ်သည့် အကြောင်းအရာများအပေါ် အခြေခံလျက် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းဖို့ရာ သေချာလျက်ရှိသည်။

၈။ အနာဂတ်ကို မှန်းဆကြည့်ရှုခြင်း

------------------

Patek Philippe သည် ပြန်ပြောင်းပြောပြဖွယ်ဓလေ့ထုံး တမ်းအစဉ်အလာကောင်းများရှိခဲ့လင့်ကစား ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အတိတ်ကာလလုပ်ရပ်များအပေါ် ဖက်တွယ်ထားခြင်းမျိုးမရှိပေ။ အခြားတစ်ဖက်တွင်လည်း ကုမ္ပဏီသည် ''ရှေးရိုးနာရီပြုလုပ်ခြင်းအစဉ်အလာများ'' ကို ထိန်းသိမ်းထားရင်း ''ပစ္စည်းသစ်များ၊ နည်းစနစ်သစ်များ၊ ထုတ်လုပ်သည့် ပုံစံသစ်များအားအသုံးပြုခြင်း၊'' နှင့် သက်ဆိုင်သည့်ကဏ္ဍတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံမှုကိုလည်း တစ်ပြိုင်တည်းပြုလုပ်လျက်ရှိသည်။ Patek Philippe အမှတ်တံဆိပ်သည် ငယ်ရွယ်သည့်သုံးစွဲသူများအား ''၂၀၁၅ Pilot'' "Calatrava Pilot Travel Time" ကဲ့သို့သော နာရီပုံစံသစ်များဖြင့် အခြေခံအားပြု၍ ပြတ်သားစွာဆွဲဆောင်ခဲ့သည်။

၉။ ဆက်သွယ်ရေး

---------------------

အမှတ်တံဆိပ်တစ်ခု၏ အားသာချက်များကို လူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်နှင့်တစ်ပြိုင်နက် ထိုအမှတ်တံဆိပ်သည် တစ်ဟုန်ထိုးတိုးတက်လာတော့သည်။ ယခုအချိန်ထိ နှစ်ပေါင်းများစွာတိုင် Patek Philippe က ယင်း၏နာရီများမှာ တန်ဖိုးလျော့နည်းသွားခြင်းမရှိသော အနုစိတ်လက်ရာများဖြစ်သည့်အလျောက် မိမိတို့၏မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းထားရစ်ခဲ့နိုင်သည်ဆိုသော အချက်အပါအဝင်၊ သုံးစွဲသူများအား သိစေလိုသည့် အချက်အလက်များကို ယင်း၏ကြော်ငြာများတွင် ရှင်းလင်းပြတ်သားစွာ ဆက်သွယ်သတင်းပေးပို့နိုင်ခဲ့သည်။ ဤနည်းဗျူဟာသည် Gisbert Brunner နာရီထုတ်လုပ်ဖြန့်ဖြူးရေးတွင် အကောင်းဆုံးဈေးကွက် ရှာဖွေထိုးဖောက်မှုတစ်ခု ဖြစ်ကြောင်းနှင့် ''ဤကဲ့သို့သော ထုံးတမ်းစဉ်လာအတိုင်း နာရီထုတ်လုပ်လေ့ရှိသူများထုတ်လုပ်သည့် နာရီများသည်၊ ဆွေစဉ်မျိုးဆက်ပေါင်းများစွာတိုင်အောင် ဆက်လက်ပြုပြင်အသုံးပြုနေနိုင်သည်ဟူသော နားလည်ခံယူမှုနှင့် ဆက်နွယ်လျက်ရှိသည်'' ဟု မှတ်ချက်ချခဲ့သည်။ Patek Philippe သည် နာရီတစ်ခုအနေနှင့် အချိန်ကိုဖော်ပြသည်။ သို့သော် ဝတ္ထုပစ္စည်းတစ်ခုအနေနှင့်မူကား အချိန်အတိုင်းအတာအကန့်အသတ်မရှိ ဆက်လက်တည်တံ့နေမည်သာ ဖြစ်သည်။

bw3

အနှစ်ချုပ်

*******

အထက်တွင်ဆွေးနွေးခဲ့သည့် အချက်များမှနေ၍ နာရီလောကတွင် ထိပ်ဆုံးနံပတ်တစ်အနေနှင့် တစ်ဦးတည်းရပ်တည်နေသည့် မှတ်တံဆိပ်ဟူ၍မရှိဘဲ နှစ်ခုဖြစ်နေရသည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ခဲ့ကြပြီဖြစ်သည်။

ဤအမှတ်တံဆိပ်နှစ်ခုသည် အလွန်ကွဲပြားခြားနားသည့် နာရီများကို ထုတ်လုပ်ကြခြင်း၊ မတူညီသော အချက်များအပေါ် အာရုံစိုက်တန်ဖိုးထားကြခြင်းစသည့် မတူညီသောနယ်ပယ်များတွင် ရပ်တည်နေကြသည်။

တစ်ချိန်တည်းမှာပင် ယင်းအမှတ်တံဆိပ်နှစ်ခုသည် ခိုင်မာတင်းကြပ်သည့် အရည်အသွေးထိန်းသိမ်းမှု၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ကုမ္ပဏီ၏မူဝါဒများအပေါ် လိုက်နာကျင့်သုံးမှုနှင့် ယုံကြည်စိတ်ချရမှုတို့တွင် အောင်မြင်စွာရပ်တည်နေနိုင်သည့် အတိုင်းအတာ၌ကား တူညီနေကြပေသည်။

အောင်ကို (တောင်ငူ)