မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဂျုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ စသည်တို့ကို နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ဆန်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် အောက်ပါစံနှုန်းထားများဖြင့် တင်ပို့နေပါသည်။
အဆိုပါစံနှုန်းထားများမှာ ဆန်သားနှင့် ဆန်ကွဲပါဝင်မှု အချိုးအစားအမျိုးမျိုးအပေါ် မူတည်၍ ခွဲခြားထားပြီး ဆန်သား၏ပျော့ခြင်း၊ မာခြင်း၊ သေးခြင်း၊ သွယ်ခြင်းတို့နှင့်ပတ်သက်ပြီး ဖော်ပြခြင်းမရှိပါ။
ထို့ပြင် တင်ပို့သော ဆန်သားတွင် စပါးမျိုးကွဲပေါင်းများစွာ ရောနှောပါဝင်နေသဖြင့် စားသုံးမှုအရည်အသွေးလည်း ကျဆင်းနိုင်ပါသည်။ ထိုင်းနိုင်ငံတွင် Jasmine Rice ၊ အိန္ဒိယနိုင်ငံတွင် Basmatic Rice ကဲ့သို့ ဆန်အရည်အသွေးနှင့် စားသုံးမှုအရသာတူညီမှုရှိသော ဆန်မျိုး (Premium Rice) ထုတ်လုပ်တင်ပို့နိုင်ပါက ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပေါ်ဆန်မွှေးဆန်မျိုးသည် ထိုကဲ့သို့ အရည်အသွေးမျိုးနှင့် ပြည့်စုံသော်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံရှိသဖြင့် Export တင်ပို့ရန် အချိန်ယူရဦးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရေမြေရာသီဥတု မတူညီကွဲပြားခြားနားသော ပတ်ဝန်းကျင်အမျိုးမျိုးရှိရာ စိုက်ပျိုးသည့် စပါးမျိုးများလည်း အမျိုးမျိုးကွဲပြားနေပါသည်။
ရေမြေဒေသပေါ်မူတည်၍ မိုးရေသောက်လမ်း၊ ရေနက်ကွင်းလမ်းတို့သည် အလယ်ပိုင်းဒေသ၊ ပူပြင်းခြောက်သွေ့သောဒေသ၊ တောင်ပေါ်ယာစပါး၊ အေးမြသောရာသီတွင်ဖြစ်ထွန်းသောစပါး စသည်ဖြင့် အမျိုးမျိုးကွဲပြားခြားနားနေပါသည်။
အလေးချိန်အတိုင်းအတာအနေဖြင့်လည်း မြန်မာပြည်တွင် ဆန်စပါးရောင်းဝယ်ဖောက်ကားရေး၌ တင်း၊ ပေါင်ချိန်၊ ပိဿချိန်တို့ဖြင့် သုံးစွဲနေဆဲဖြစ်ရာ ယနေ့ခေတ် ကမ္ဘာ့ကုန်သွယ်ရောင်းဝယ်ရေးနယ်ပယ်တွင် ကီလိုဂရမ်၊ တန်ချိန်ဖြင့် သုံးစွဲနေကြသဖြင့် အံမဝင်တော့ပါ။ ယနေ့ သုံးစွဲနေသောအလေးချိန်နှင့် အတိုင်းအတာအချို့ကို ကမ္ဘာ့ကုန်သွယ်ရောင်းဝယ်ရေးစံနှုန်းထားများဖြင့် အောက်ပါအတိုင်း နှိုင်းယှဉ်ဖော်ပြလိုပါသည်။
ဆန်စပါးစိုက်ပျိုးရေးထုတ်လုပ်သည့် နိုင်ငံများတွင် စပါးလုံးအရွယ်အစားနှင့် ပုံသဏ္ဌာန်ပေါ်မူတည်၍ အုပ်စုခွဲခြားသတ်မှတ်ကြရာ စံနှုန်းသတ်မှတ်ချက်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားလျက်ရှိပါသည်။
ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအ ဖွဲ့ (FAO) မှ အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
မြန်မာနိုင်ငံတွင်မူ A ၊ B ၊ C ၊ D ၊ E ဟူ၍ အောက်ပါအတိုင်းအတာစံနှုန်းကို သတ်မှတ်သုံးစွဲနေပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံမှ သတ်မှတ်ချက်သည် အုပ်စုများသည့်အပြင် ယနေ့စိုက်ပျိုးနေသော အထွက်ကောင်း စပါးမျိုးများအတွက် ခွဲခြားရာတွင် အုပ်စုအတွင်း ဘောင်ဝင်ရန်အခက်အခဲရှိသဖြင့် နိုင်ငံတကာနှင့် ဘောင်ဝင်ရန် ပြုပြင်ပြောင်းလဲသင့်ပါသည်။
အထက်ပါ ဇယားကို လေ့လာကြည်လျှင် ဥပမာ- စပါး၊ ပြည်တွင်းရောင်းဝယ်ရေး၌ အစိုးရမှ ၄၆ ပေါင် တစ်တင်းဟု သတ်မှတ်ရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ်ထားရာ ကုန်သည်ပွဲစားတို့အနေဖြင့် ဝယ်ယူရာတွင် ပါဝင်သည့် စပါး၏ အစိုဓာတ်၊ သန့်စင်မှု၊ ဖုန်၊ သဲ၊ ခဲ ပါဝင်မှု အမျိုးမျိုးအပေါ်မူတည်၍ ပေါင် ၅၀၊ ၅၂ ပေါင် တစ်တင်းစံနှုန်းများဖြင့် ဝယ်ယူကြရာ ဒေသအမျိုးမျိုးတွင် စံနှုန်းအမျိုးမျိုးကွဲပြားနေကြပါသည်။
ထုပ်ပိုးမှုအပိုင်းတွင်လည်း ထို့အတူပင် အလေးချိန်အထူအပါးမတူညီသော ပီနန်အိတ်ခွံများဖြင့်သာ ထည့်သွင်းထုပ်ပိုးရောင်းချနေကြရာ နိုင်ငံတကာဈေးကွက်တွင် မျက်နှာပန်းမလှဖြစ်ရပါသည်။
ဆန်စပါးကြိတ်ခွဲရာတွင်လည်း ပြည်တွင်းပြည်ပရောင်းဝယ်ဖောက်ကားမှုတွင် အရေးပါသည့် တန်းမြင့်ဆန်စက်များဖြင့် ကြိတ်ခွဲနိုင်မှုအားနည်းနေပါသေးသည်။ သို့ဖြစ်၍ ပြည်တွင်းဈေးကွက်အတွက် ကိစ္စမရှိသော်လည်း နိုင်ငံခြား Export Market တွင်မူ ဆန်၏ ဆန်သားနှင့် ဆန်ကွဲပါဝင်မှု၊ ဆန်နီပါဝင်မှုများမှာ ညီညာမှုမရှိတော့ပါ။ ၂၅ မှတ်တန်ချင်းအတူတူ ထိုင်း၊ ဗီယက်နမ် စသည့် ဆန် Export လုပ်နေသော နိုင်ငံများနှင့် ယှဉ်ပြိုင်ရောင်းဝယ်ရာတွင် ဈေးနှိမ်ခံရပါသည်။
ပဲမျိုးစုံရောင်းဝယ်ရာတွင်လည်း ထို့အတူပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို နှစ်စဉ်တန်ချိန်ဆန်နှင့် ချင့်၍ Export ရောင်းချလျက်ရှိပါသည်။ ယနေ့တိုင်ပင် ရောင်းဝယ်ရာတွင် အရည်အသွေးအညံ့များသည့်အပြင် အလေးချိန်တွင် နိုင်ငံတကာဈေးကွက်တိုးချဲ့ထိုးဖောက်ရန်အတွက် အရည်အသွေးကောင်းမွန်သည့် ပဲမျိုးများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ ထို့အပြင် ဂရမ်၊ ကီလိုဂရမ်၊ တန်ချိန်စံနှုန်းများ ပြောင်းလဲသုံးစွဲ ရောင်းဝယ်သင့်ပြီဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်ရောင်းဝယ်ဖောက်ကားရာတွင် စံနှုန်းထားများ၊ အလေးချိန် အတိုင်းအတာများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
မြန်မာ့ဆန်စပါးရောင်းဝယ်ဖောက်ကားရေးတွင် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဖြစ်နေသော အလေးတင်းတောင်း၊ အချိန်အတွယ်များကို တညီတညွတ်တည်းဖြစ်စေရေး အစိုးရနှင့် ပုဂ္ဂိလက၊ တောင်သူလယ်သမားများအပါအဝင် အားလုံးပူးပေါင်းအဖြေရှာ ဆောင်ရွက်ကြရန်လိုအပ်သည်။
- ဆန်စပါးရောင်းဝယ်ရေးတွင် အစိုးရသတ်မှတ်ထားသည့် စပါး ၄၆ ပေါင် တစ်တင်းကိုက်နှင့် ဆန် ၇၅ ပေါင် တစ်တင်းကိုက်စံနှုန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်နာဆောင်ရွက်နိုင်ရေးအတွက်လည်း လိုပါသည်။
- အလားတူလယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှန်သမျှအား ပေါင်/တင်း သုံးစွဲရာမှ ကီလိုဂရမ်/ပက်ထရစ် တန်ရောင်းဝယ်ရေးသို့ ပြောင်းလဲသုံးစွဲသွားနိုင်အောင် ဆောင်ရွက်ရန်လိုပါသည်။
- ဆန်စပါးအုပ်စုခွဲခြားရာတွင်လည်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကဏ္ဍတွင် နှိုင်းယှဉ်ပြသဆွေးနွေးရန်အတွက် စံနှုန်းတညီတည်းဖြစ်ကြစေရန်အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။