နယူးယောက်အခြေစိုက် Revlon မိတ်ကပ်ကုမ္ပဏီဟာ တရုတ်နိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ကုန်ကျစရိတ်လျှော့ချတဲ့အနေနဲ့ အလုပ်အကိုင်ပေါင်း ၁၁၀၀ ကို လျှော့ချသွားမယ်လို့ ဆိုလိုက်ပါတယ်။ လျှော့ချမယ့် အလုပ်အကိုင် အများစုဟာ တရုတ်နိုင်ငံကဖြစ်ပါတယ်။ Revlon ရဲ့ တရုတ်နိုင်ငံက လုပ်ငန်းတွေဟာ ကုမ္ပဏီရောင်းအားရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပြီး ကျဆင်းလျက်ရှိနေပါတယ်။ တစ်ကမ္ဘာလုံး ရောင်းအားကတော့ စက်တင်ဘာလကုန်အထိ ကိုးလတာမှာ ဒေါ်လာ ၁.၀၂ ဘီလီယံဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အလားတူကာလထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ အဲဒီကာလမှာပဲ ကုမ္ပဏီရဲ့ ဝင်ငွေဟာ အာရှဒေသမှာ ဒေါ်လာ ၁၆၆.၈ သန်းရှိထားပြီး ၃.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒီလိုထွက်ခွာမှာကြောင့် ကုမ္ပဏီကို တစ်နှစ်လျှင် ဒေါ်လာ ၁၁ သန်း သက်သာစေမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အမေရိကန် Securities and Exchange Commission ထံ ဥပဒေရေးရာ အစီရင်ခံစာတင်သွင်းစဉ် Revlon က ဆိုလိုက်ပါတယ်။ Revlon ဟာ မိတ်ကပ်နဲ့ ဆံပင်ဆိုးဆေးတွေအပြင် အခြားအလှကုန်တွေကို Almay နဲ့ SinfulColors တံဆိပ်တွေနဲ့ ထုတ်လုပ်ပါတယ်။
Ref: AP