မြန်မာ့စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတကာကုမ္ပဏီများ ဝင်ရောက်လာသလို တစ်ချိန်က မြန်မာနိုင်ငံမှ ထွက်သွားပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း နိုင်ငံခြားမှာ ပညာရှာကာ လုပ်ငန်းအတွေ့အကြုံများပါ ရထားသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကို ပြန်ဝင်လာပြီး Repatriate များအနေနှင့် မြန်မာ့လုပ်ငန်းခွင်များမှာ ဝင်ရောက်အလုပ်လုပ်ကိုင်လာကြပါသည်။ ထိုအခြေအနေမှာ ပြည်တွင်းအတွေ့အကြုံများသည့် Local Employee များနှင့် တွဲဖက်လုပ်ကိုင်သည့်အခါ စိန်ခေါ်မှုများလည်း အနည်းနဲ့အများရှိလာပါသည်။ ထိုစိန်ခေါ်မှုများက ဘာတွေလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲဆိုသည်ကို HR Expert နှစ်ဦးနှင့်အတူ လက်တွေ့လုပ်ငန်းခွင်ထဲက Repatriate များကိုပါ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပြီး ယခုလ၏ အထူးဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါသည်။
ဒေါ်တင်မမစိုး
HR Consultant cum MD
Billion Force Service Co Ltd
Repatriate တွေအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်ပြန်လာလုပ်တဲ့အခါ ဘယ်လို Conflict မျိုးတွေရှိနိုင်သလဲ၊ ဒီ Conflict တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ၊ လက်ရှိမှာကော လက်တွေ့လုပ်ငန်းခွင်တွေမှာ သူတို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပေးချင်ပါသလဲ . . .
Conflict အနေနဲ့ အများဆုံးဖြစ်နေတာ Time Management အားနည်းတာ၊ Work Timetable မရှိတာပါလို့ ပြန်လာသူ အများစုက ပြောပါတယ်။ Repatriate အများစုဟာ သူများနိုင်ငံမှာ မိနစ်နဲ့အမျှ အတိအကျ လုပ်ဆောင်ခဲ့ရတာမို့ Time Management ကျွမ်းကျင်ပြီး အချိန်ကို အရေးတကြီး တန်ဖိုးထားလုပ်ကြပါတယ်။ ကိုယ့်နိုင်ငံက လူအများစုက Time Frame ကို သိပ်အလေးအနက်မထားကြတာ များတဲ့အကြောင်း သိရပါတယ်။ အဲဒီအတွက် စိတ်ရှည်ရှည်နဲ့ လက်တွဲခေါ်သွားဖို့ ကြိုပြင်ရပါမယ်။
ဝန်ထမ်းရွေးချယ်တဲ့အခါမှာလည်း Certificate အမြောက်အမြား တင်ပြနိုင်သူတွေကို ပိုမိုရွေးချယ်လေ့ရှိကြပြီး Certificate မှာပါတဲ့ အရည်အချင်းတွေနဲ့ လက်တွေ့လုပ်နိုင်တာဟာ တော်တော်လေးကွာခြားမှု ရှိနေတာတွေ့ရပြီး တကယ် Qualified ဖြစ်တဲ့ Certificate ပိုင်ဆိုင်ခဲ့သူတွေက Qualified မဖြစ်တဲ့ Certificateရှင်တွေနဲ့အတူ အလုပ်လုပ်ရတဲ့အခါ နှောင့်နှေးကြန့်ကြာမှုတွေ ရင်ဆိုင်ရတယ်လို့လည်း မကြာခဏ ကြားသိရပါတယ်။ အဲဒီအတွက် Qualified ဖြစ်တဲ့ Certificate ဖြစ်မဖြစ် သေချာစိစစ်ဖို့လိုသလို လက်တွေ့လုပ်ဆောင်နိုင်မှုကို သိအောင်လုပ်ပြီးမှ Management အနေနဲ့ အတိအကျ ဆုံးဖြတ်စရာရှိတာကို ဆုံးဖြတ်သင့်ပါတယ်။
နောက် Conflict တစ်ခုက ပြည်ပနိုင်ငံတွေက အဖွဲ့အစည်းတွေမှာ JD ကို အပိုမရေးဘူး။ လှအောင် မရေးပါဘူး။ အတိအကျသတ်မှတ်ပြီး သတ်မှတ်တဲ့အတိုင်း အတိအကျ တာဝန်ပေးလေ့ရှိတယ်။ ဒီမှာတော့ JD တွေ ဖော်ပြထားပေမယ့် အဲဒီ JD အတိုင်း အတိအကျလုပ်ကြတာ မရှိသလောက်ဖြစ်တာရယ်၊ JD နဲ့ အလုပ်လွဲနေတာတွေရယ်ကြောင့် Role Conflict တွေ ဖြစ်ကြရတာ ရှိပါတယ်။
နောက်ပြီး ဒီက ဝန်ထမ်းတွေအများစုက Manual ကျွမ်းကျင်တယ်၊ အားသန်တယ်၊ IT နည်းပညာတွေနဲ့ အလုပ်လုပ်ဖို့က လိုအပ်ချက်တွေ ရှိနေသေးတယ်။ Language လည်း ထိုနည်းလည်းကောင်းပဲ။ ဒီကိစ္စတွေမှာ ပိုမိုကျွမ်းကျင်တဲ့ Repatriate တွေဆီက လေ့လာသင်ယူသင့်တယ်။ Repatriate တွေကို မင်းတို့က E(English) ပဲရတာပါ။ တကယ်လုပ်ငန်းကျွမ်းကျင်မှုက တို့ကိုမမီပါဘူးလို့ ဒီကဝန်ထမ်းတွေ ပြောလေ့ရှိတာလည်း ခဏခဏ ကြားမိပါတယ်။ တချို့ကိစ္စတွေမှာ တကယ်လည်းပဲ ဒီလိုဖြစ်နေတာ ရှိပါတယ်။ ဒါပေမဲ့ အပြန်အလှန် Knowledge Shaing တွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် Polish လုပ်သင့်တယ်။ Repatriate တွေ အနေနဲ့လည်း ကိုယ်ဘယ်လိုင်းကို ဝင်မှာလဲဆိုတာ ကြိုတင်ဆုံးဖြတ်ပြီး ဝင်မယ့်လိုင်းရဲ့ Professional Skill ကို အတိအကျ သယ်ဆောင်လာရမယ်။ ဒီက ပတ်ဝန်းကျင်နဲ့ Adapt ဖြစ်အောင်နေဖို့လည်း ကြိုတင်ပြင်ဆင်လာရမယ်။ ဥပမာ- ဟိုမှာနေတာကြာလို့ ကျွန်မက မြန်မာစကား သိပ်မကျွမ်းကျင်တော့ဘူးတို့၊ သိပ်တောင်မဖတ်တတ်တော့ဘူးတို့ ဘိုသံကိုတအားကြီး Action နဲ့လုပ်ပြောနေတာမျိုးတို့ကို ဒီကလူတွေ အမြင်မကြည်ဖြစ်နိုင်တဲ့အတွက် သတိပြုသင့်တယ်။
Repatriate တွေအတွက် စိန်ခေါ်မှုတွေအနေနဲ့ Transportation အခက်အခဲ၊ Electricity ပြဿနာ၊ လက်ရှိ ဒီမှာလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းရတာ၊ အစိုးရဌာနတွေမှာ Process တစ်ခုလုပ်ဖို့ Information ရယူအကောင်အထည်ဖော်ရာမှာ Instruction အတိအကျ မဖော်ပြထားတာ၊ တာဝန်ယူရှင်းပြပေးမယ့် ပုဂ္ဂိုလ်သီးသန့် မရှိတာတွေကြောင့် မလိုအပ်ဘဲ အချိန်ကုန် လူပန်းပိုဖြစ်ရတာတွေတော့ ရှိနိုင်ပါတယ်။
Transportation အခက်အခဲ၊ Electricity အခက်အခဲနဲ့ ဌာနဆိုင်ရာ အခက်အခဲတွေကတော့ ကိုယ့်နိုင်ငံရဲ့ Infrastructure နဲ့ System အားနည်းမှုတွေကြောင့် ဖြစ်တာများတဲ့အတွက် အစိုးရဆီကတော့ ချက်ချင်းလက်ငင်းကြီး မျှော်လင့်လို့မရနိုင်ပါဘူး။ အလုပ်မလျှောက်ခင်ကတည်းက ကိုယ်နဲ့သွားရေးလာရေး အဆင်ပြေမယ့် အရပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်း၊ ဒါမှမဟုတ် အတန်အသင့် လှမ်းပေမယ့်လည်း ဖယ်ရီတို့ ၊ Car Provide လုပ်ပေးတဲ့ အဖွဲ့စည်းတို့ကို ရွေးချယ်လုပ်ကိုင်ဖို့ပဲ ရှိပါတယ်။ ကိုယ့်ဘက်က ရွေးချယ်တယ်ဆိုတဲ့ Level ဖြစ်နေဖို့ ကိုယ့်ကိုယ်ကိုယ်လည်း Value တက်အောင် လုပ်ထားဖို့လိုတယ်။
ဦးမျိုးသန်း
Head of HR and Learning and Development
Repatriate တွေအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်ပြန်လာလုပ်တဲ့အခါ ဘယ်လို Conflict မျိုးတွေ ရှိနိုင်ပါသလဲ။ ဒီ Conflict တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ လက်ရှိ လက်တွေ့လုပ်ငန်းခွင်မှာ သူတို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။ ဘယ်လိုအကြံပေးချင်ပါသလဲ . . .
ကျွန်တော်ကတော့ Conflict ဆိုတာထက် Challenge လို့ သုံးချင်ပါတယ်။ Work Force Challenge ပါ။ Work Force Challenge ထဲမှာ တစ်ပိုင်းက ကုမ္ပဏီမှာ ရှိနေပြီးသား မြန်မာလူမျိုး၊ နိုင်ငံခြား အတွေ့အကြုံမရှိတဲ့သူ Local လို့ ခေါ်ပါမယ်။ နောက်တစ်ပိုင်းကျတော့ Expatriate နိုင်ငံခြားသား ကျွမ်းကျင်သူတွေပါ။ တတိယတစ်ပိုင်းက Repatriate ပါ။ Repat က အစတုန်းက နိုင်ငံခြားမှာ အလုပ်လုပ်နေတုန်းကဆိုရင် သူလည်း Expat ပါပဲ။ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်တဲ့အခါကျတော့ Repatriate ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သူက ကိုယ့်ကိုယ်ကိုယ် Adjust ပြန်လုပ်ရပါတယ်။
Local တွေနဲ့ ပြန်အတူတွဲလုပ်ရတဲ့အခါ ကိုယ့်လူမျိုးအချင်းချင်း ဆိုပေမယ့် အမြင်ကိုက မတူတဲ့အမြင် ဖြစ်သွားပါပြီ။ ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်ဝင်လာတဲ့ သူရဲ့အမြင်နဲ့ ပြည်တွင်းမှာပဲ အချိန်ကုန်နေပြီး အလုပ်လုပ်နေတဲ့သူရဲ့ အမြင်က မတူနိုင်ပါဘူး။ ဒါကြောင့် Local ရော၊ Expat တွေနဲ့ပါ ကိုယ်က အလုပ်တွဲလုပ်ရတဲ့အခါ မှာ ကိုယ့်အမြင်မှန်သလား၊ သူတို့မှန်သလား လုပ်မယ့်အစား သူတို့နှစ်ဦးရဲ့အမြင်ကို ကြည့်ပြီးတော့ ကိုယ်ကနားလည်ပေးဖို့ လိုတယ်။ Expatriate တွေက ကျွမ်းကျင်သူတွေဆိုတော့ သူတို့ လိုချင်တာ၊ သူတို့ အမြင်ကလည်း တစ်မျိုးဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် Expatriate တွေနဲ့ ပြည်ပမှာ တွဲလုပ်ဖူးခဲ့ပြီး၊ ကိုယ်တိုင်လည်း Expatriate တစ်ချိန်တုန်းက ဖြစ်ခဲ့ဖူးတဲ့ Repatriate အနေနဲ့ Middle Man အဖြစ်နဲ့ Local နဲ့ Expat တွေရဲ့ကြားမှာ ကောင်းကောင်း Cooperate လုပ်ပြီး Coordinate လုပ်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ Repat တွေက ကိုယ့်လူမျိုးအကြောင်း၊ ကိုယ့်ဥပဒေအကြောင်း ၊ ကိုယ့်တိုင်းပြည်အကြောင်းတွေလည်း သိသလို Expat တွေ အကြောင်းကိုလည်း သိပါတယ်။ ဒါကြောင့် Local နဲ့ Expat ကြားမှာ Balance လုပ်ပေးတာက Repat တွေရဲ့ တာဝန်ဖြစ်ပြီး အဲဒီအတွက် သူက တာဝန်ပိုကြီးပါတယ်။
လုပ်ငန်းခွင်မှာရော ကိုယ့်ရဲ့ Professional Career မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ အောင်မြင်ဖို့ဆိုရင် အရေးကြီးတဲ့ အချက်သုံးခု ရှိပါတယ်။ ပထမတစ်ချက်ကတော့ Technical Skill လုပ်ငန်းကျွမ်းကျင်မှု၊ Managerial Skill ၊ လူတစ်ဦးတစ်ယောက်အပေါ်မှာ စီမံကွပ်ကဲတတ်မှုနဲ့ နောက်တစ်ခုကျတော့ Conceptual - တွေးခေါ်မြော်မြင်တာနဲ့ ပတ်သက်တဲ့ကျွမ်းကျင်မှု ဆိုတာတွေပါ။ အဲဒီ Skill သုံးမျိုးစလုံး ကိုယ့်ဆီမှာ ရှိမှ ဖြစ်ပါလိမ့်မယ်။ အဲဒီထဲက တစ်ခုတည်းရှိလို့ ဒီခေတ်မှာ အဆင်မပြေပါဘူး။
လုပ်ငန်းကျွမ်းကျင်သူဆိုတာကတော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ Expertise ကို ပြောတာ။ ကိုယ်သိတဲ့ အသိပညာ၊ အတတ်ပညာ ဖြစ်တယ်။ လုပ်ငန်းကျွမ်းကျင်မှုဆိုတာ ကိုယ်သိထား၊ တတ်ထားတဲ့ အထူးပြုအသိပညာ၊ ကျွမ်းကျင်မှုတစ်ခုကို ပြန်လည်အသုံးချနိုင်စွမ်းလို့ ပြောလို့ရပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် လုပ်ငန်းကျွမ်းကျင်မှုဆိုတဲ့ အချက်မပါဘဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။
နောက်တစ်ခုက စီမံခန့်ခွဲမှုကျွမ်းကျင်မှု - Skill လို့ ပြောတယ်။ အဲဒါကိုတော့ Human Skill လို့ ခေါ်တယ်။ ဒီ Skill က လူတိုင်းမှာ မရှိပါဘူး။ အုပ်ချုပ်သူနဲ့ ခေါင်းဆောင်သူတွေတိုင်းမှာလည်း ဒီ Skill မရှိပါဘူး။ ဒီ Skill ရှိတဲ့သူတွေက အလုပ်တွေကို စီမံခန့်ခွဲပြီးတော့ ကွပ်ကဲတဲ့နေရာမှာ အင်မတန်တော်ပါတယ်။ ဘယ်သူ့ကို ဘယ်နေရာမှာ ထားရမယ်ဆိုတာ၊ ဘယ်အလုပ်ကို ဘယ်သူလုပ်နိုင်မယ်ဆိုတာ၊ ဘယ်သူ့ကို ဘယ်အချိန်မှာ ဘာခိုင်းရမယ်ဆိုတာကို သူတို့အတိအကျ သိပါတယ်။ အဲဒါကို Human Skill လို့ ခေါ်တယ်။ Leadership Skill က Human Skill နဲ့ မတူပါဘူး။ Human Skill က ကိုယ့်လူကို ကိုယ်သိပြီး အသုံးပြုနိုင်တာ။ လူတိုင်းဆီမှာရှိတဲ့ မတူညီတဲ့ Skill တွေကို အကဲခတ်တတ်ပြီး အဲဒီလူကို ဘယ်မှာသုံးလိုက်ရင် ဘယ်အလုပ်ပြီးမလဲဆိုတာ သိပါတယ်။ စီမံခန့်ခွဲမှုဆိုတာ အဲဒီလောက်ရိုးရှင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ လုပ်ရင် မလွယ်ကူပါဘူး။
Conceptual Skill ရှိတဲ့ လူတွေကျတော့ စိတ်ကူးစိတ်သန်းကောင်းတယ်။ အတွေးအခေါ်ကောင်းတယ်။ ဘယ်အလုပ်ဟာ လုပ်ရင် အကျိုးအမြတ် အများကြီးရနိုင်တယ်။ ဘယ်အလုပ်ကို ဆက်လုပ်နေရင်တော့ အရှုံးပေါ်မယ်။ ဘယ်အလုပ်ဟာ ဈေးကွက်သစ်မှာ အဆင်ပြေမလဲ။ နည်းလမ်းသစ်တွေကို ထိုးထွင်းသိမြင်တယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး အဖြေရှာထုတ်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့လူတွေ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ အရည်အချင်းတွေ လူတိုင်းမှာမရှိပါဘူး။ ကျောင်းတက်တိုင်းလည်း မရှိပါဘူး။ အတွေ့အကြုံများတိုင်းလည်း မရှိဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ ဒါတွေရှိဖို့တော့ လိုပါတယ်။ Repat လည်း လိုတယ် ။ Local လည်း လိုတယ်။ Expat လည်း လိုတယ်။ ဒါတွေကို မလေ့လာတဲ့လူက ကျန်ခဲ့မှာပါပဲ။
Repatriate တွေ အများကြီးပါပဲ။ အောင်မြင်တဲ့ Repat တွေရှိသလို မအောင်မြင်တဲ့ Repat တွေ ရှိပါတယ်။ ကိုယ်ဘယ်နေရာမှာ အားသန်လဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်ဖို့ လိုပါမယ်လို့ အကြံပေးချင်တယ်။ ကိုယ်ဘယ်နေရာမှာ အားသန်လဲ။ ဘယ်နေရာမှာ လိုအပ်တာရှိလဲ။ ဘယ်နေရာမှာ ထပ်ဖြည့်ဖို့ လိုသလဲ။ ကိုယ့်ကိုယ်ကိုယ်သိရမယ်။ မိမိကိုယ်ကိုမှ မိမိမသိဘူးဆိုရင် သူများက ကိုယ့်အကြောင်း ကိုယ့်ထက် ပိုမသိဘူးလေ။ အဲဒီတော့ လူတိုင်းလူတိုင်းက ခုနကသုံးခုကို ဘယ်နေရာမှာလိုနေလဲ၊ လိုတဲ့ဟာကို ဘယ်လိုဖြည့်မလဲဆိုတာ သိအောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိသွားရင် ချက်ချင်းကို စွမ်းရည်တက်လာပါလိမ့်မယ်။
ဦးဉာဏ်ကျော်
Head of Marketing and Business Development
Pizza Hut Myanmar
နိုင်ငံခြားကနေရခဲ့တဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ . . .
ကျွန်တော်က လေးနှစ်သားကတည်းက မြန်မာပြည်က ထွက်သွားတာ ဖြစ်ပါတယ်။ ကျောင်းကို မလေးရှား၊ အင်္ဂလန်နဲ့ စင်ကာပူတို့မှာ တက်ခဲ့ပါတယ်။ အင်္ဂလန်မှာ Bachelor ဘွဲ့ရတယ်။ ပြီးတော့ Master in IT လုပ်ပြီး Software Engineer အဖြစ် Nokia မှာ သုံးနှစ်လောက် လုပ်ဖြစ်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာ စင်ကာပူက National Technological University (NTU) မှာ MBA တက်လိုက်တယ်။ ကျောင်းပြီးတဲ့အခါ ကျွန်တော့်ကို KFC က မြန်မာပြည်ကို ဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာတယ်။ ပြီးတဲ့အခါ KFC က Yoma Strategic ကို Franchise ပေးလိုက်တဲ့အခါ ကျွန်တော်လည်း မြန်မာပြည်ကို ပြန်ချင်တဲ့အတွက် KFC Myanmar ကို Join လုပ်လိုက်တယ်။ KFC မှာ လေးနှစ်လောက်လုပ်ခဲ့ပြီး အခု Pizza Hut ကို ပြောင်းဖြစ်ခဲ့ပါတယ်။
Repatriate အနေနဲ့ မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်တဲ့အခါ လုပ်ငန်းခွင်မှာတွေ့ရတဲ့ စိန်ခေါ်မှုတွေလည်း ပြောပြပေးပါ . . .
အဓိကစိန်ခေါ်မှုတစ်ခုကတော့ ဥပဒေပိုင်းပါ။ မြန်မာပြည်မှာ တချို့ Business Law တွေက Settle မဖြစ်သေးသလိုပဲ။ Tax Law တွေဆိုရင်လည်း သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိသေးတော့ အဲဒီအပိုင်းတွေမှာ အခက်အခဲတွေ ရှိပါတယ်။ တခြားနိုင်ငံအတော်များများမှာက Tax Law တွေက တော်တော်ကို ရှင်းရှင်းလင်းလင်း ရှိနေပါပြီ။ ဒီတော့ အခွန်ရုံးကိုသွားပြီး ရှင်းရင်လည်း အသစ်တွေ Learn လုပ်ရတာပေါ့။ နောက်ပြီး ကုန်ကြမ်းပစ္စည်းတွေ သွင်းတဲ့နေရာမှာလည်း Import Law တွေက အမြဲတမ်း ပြောင်းနေတော့ ကြန့်ကြာတာမျိုးတွေ ဖြစ်တတ်တယ်။
လုပ်ငန်းခွင် ဆက်ဆံရေးမှာတော့ Culture Clash နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က နိုင်ငံခြားမှာလုပ်ခဲ့တုန်းကလည်း မြန်မာအသိုင်းအဝိုင်းထဲမှာ အနေများတော့၊ မြန်မာ့ယဉ်ကျေးမှုကို သိနေတော့ သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ တစ်ခါတလေမှာတော့ Expat တွေနဲ့ တွဲလုပ်ရတဲ့အခါ သူတို့က စကားပြောတာ ပွင့်လင်းတယ်။ တိုက်ရိုက်ပြောကြတယ်။ မြန်မာတွေကျတော့ အင်္ဂလိပ်လိုပြောရမယ်ဆိုရင်လည်း နည်းနည်းခက်ခဲတတ်ကြတယ်။ မပြောတတ်တဲ့အခါ မလုပ်တတ်ဘူးဆိုပြီး အထင်ခံရတတ်တယ်။ အခု Pizza Hut မှာဆိုရင် Expat နှစ်ယောက်ရှိပါတယ်။ တစ်ခါတလေကျတော့ Expat နဲ့ Local ကြားမှာ နားလည်အောင်ရှင်းပြပေးရတာတွေလည်း ရှိပါတယ်။ Expat ဘက်မှာဆိုရင်လည်း သူက မြန်မာ့ယဉ်ကျေးမှုပိုင်းကို သိပ်မသိဘူးပေါ့။ ရုံးမှာ ဘုရားစင်ထားရမယ်ဆိုတာမျိုးတို့၊ ဆိုင်သစ်ဖွင့်တဲ့အခါ ဘုန်းကြီးတွေ ပင့်ဖိတ်ရမယ်ဆိုတာမျိုးတို့ နားမလည်ကြတော့ ရှင်းပြရတာတွေရှိတယ်။
နောက်ပြီး Local တွေအနေနဲ့ကျတော့ International Standard တွေ ကျင့်သုံးတာ နည်းတယ်။ ဥပမာ- Marketing Campaign တစ်ခုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာ Analysis တွေ အဆင့်ဆင့်လုပ်ရတယ်။ ဒါတွေက ပြည်တွင်းကုမ္ပဏီတွေမှာကျတော့ သိပ်မရှိဘူး။ Data တွေလည်း သိပ်မသုံးဘူး။ Gut Feeling ပေါ်လိုက်ပြီးတော့ပဲ ကောင်းမယ်ထင်တယ်ဆိုပြီး လုပ်တာတွေများတယ်။ နိုင်ငံတကာ ကုမ္ပဏီဖြစ်တဲ့ အခုကျွန်တော်လုပ်နေတဲ့ Pizza Hut တို့ကျတော့ Data တွေ တအားပြရတယ်။ Campaign တစ်ခုလုပ်မယ် ဆိုလို့ရှိရင် ဘာကြောင့်လုပ်တာလဲဆိုတာ တွေရှိတယ်။ ဒါတွေက Local တွေနဲ့ သိပ်မရင်းနှီးတော့ ကျွန်တော်က ပြောပြရတာတွေ ရှိတယ်။
နောက်ပြီး နိုင်ငံခြားမှာတုန်းက Support System များတယ်။ ဥပမာ- ကုန်ပစ္စည်းဒီဇိုင်းတွေလုပ်မယ်ဆိုရင် Creative Agency တွေက အများကြီးပဲ။ ဒီမှာကျတော့ International Standard နဲ့ Agency တွေကလည်း ဈေးတအားကြီးတယ်။ Local က တချို့ Agency တွေကျတော့လည်း Quality သိပ်မကောင်းဘူး။ ဒီတော့လိုအပ်ရင် ကိုယ့်ဟာကိုယ် In House Designer ခန့်ရတယ်။ အဲဒီမှာလည်း Designer က Photoshop လုပ်တာ တော်တယ်။ Creative သိပ်မဖြစ်ဘူးဆိုရင် ဘေးကနေထိုင်ပြီးတော့ ဘယ်လိုလုပ်ပါဆိုပြီး ပြောပေးရတော့ အချိန်တော့ နည်းနည်းကုန်တာပေါ့။ ဟိုမှာဆိုရင်တော့ Brief ပေးပြီးသွားရင် သူ့ဟာသူ လုပ်တယ်။ Research Agency ဆိုရင်လည်း သိပ်ပြီးတော့ မကောင်းသေးဘူး။
ကျွန်တော့်အနေနဲ့ကကျတော့ ရှေ့ပိုင်းမှာမြန်မာနိုင်ငံမှာ အလုပ်မလုပ်ခဲ့ဖူးတော့ နေ့စဉ် Hands On အလုပ်တွေ ကျတော့ ကျွန်တော်က သိပ်မလုပ်တတ်တော့ဘူး။ ဥပမာ - Printing ဆိုရင် ဘယ်သူ့ဆီသွားအပ်ရမလဲဆိုတာ မသိဘူး။ နိုင်ငံခြားမှာကျတော့ Printer ဆီကို ကိုယ် Print လုပ်ချင်တာကို အီးမေးလ်နဲ့ပို့လိုက်တယ်ဆိုရင် တန်းပြီးတော့ Print လုပ်လို့ရပြီ။ ဒီမှာကျတော့ မီးပျက်သွားရင် Print လုပ်လို့မရတော့ဘူးဆိုတာတွေ ရှိတယ်။ ဒါတွေကကျတော့ လုပ်ရင်းနဲ့မှ သိလာတာပေါ့။ လုပ်ငန်းခွင်ဆက်ဆံရေးပိုင်းမှာ နည်းနည်း Sensitive ဖြစ်တာကတော့ လစာပိုင်းပေါ့။
ကျွန်တော်တို့က Local ထက်ပိုရတော့ ပိုပြီးတော့လုပ်ပြရတယ်။ ကျွန်တော့်ကို ပေးထားတဲ့လစာနဲ့ ကျွန်တော့်လုပ်အားက မျှတယ်ဆိုတာကို ပြနိုင်အောင် ပိုကြိုးစားပြရတယ်။ အချိန်ပိုတွေ လုပ်ရတယ်။ အဲဒီအတွက် ဖိအားတော့ရှိတာပေါ့။
Repatriate တွေကို ပေးချင်တဲ့အကြံဉာဏ် . . .
တစ်ယောက်နဲ့တစ်ယောက် Respect ရှိရမယ်။ ကိုယ်က နိုင်ငံခြားအတွေ့အကြုံရှိတယ်၊ ပိုသိတယ်၊ တတ်တယ်ဆိုတာမျိုး မလုပ်သင့်ဘူး။ ဒီလိုမျိုးလုပ်ရင်လည်း ဘယ်လောက်ပဲတော်တော် ကိုယ့်ကိုကြည့်လို့ရမှာ မဟုတ်ဘူး။ နည်းနည်းနှိမ့်ချပြီး နေဖို့လိုမယ်။ နောက်ပြီး ရတဲ့လစာနဲ့ ကိုယ့်ရဲ့လုပ်အားမျှတတယ်ဆိုတာကို ပြနိုင်အောင် ကြိုးစားလုပ်ပြရမယ်။ Responsibility ပိုယူရမယ်။
မြန်မာနိုင်ငံမှာ လုပ်တဲ့အခါ Learn လုပ်ချင်တယ်၊ Progress ဖြစ်ချင်တယ်ဆိုရင်တော့ လာလုပ်တာကောင်းပါတယ်။ Learn လုပ်ဖို့ အခွင့်အရေးတွေက အများကြီးရှိပါတယ်။
ဦးထက်ဟိန်း (James)
Brand Manager
Ovaltine Dedicated Team
Consumber Goods
DKSH (Myanmar) Ltd
နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံကို ပြောပြပေးပါ . . .
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်တက်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထွက်လိုက်ပြီး အင်္ဂလိပ်စာ အထူးပြုကို အဝေးသင်တက္ကသိုလ်တက်ပြီး ဘွဲ့ရခဲ့တယ်။ ပြီးတော့ ဒူဘိုင်းကိုထွက်ပြီး အလုပ်လုပ်တယ်။ နောက်တော့ မြန်မာပြည် ပြန်လာခဲ့ပါတယ်။ Marketing ပိုင်းနဲ့ပတ်သက်ပြီး လုပ်ခဲ့တာ ခုနစ်နှစ်လောက်ရှိပါပြီ။ နိုင်ငံခြားမှာတုန်းက Retail Marketing ပိုင်းမှာ လုပ်ခဲ့တာပါ။
Repatriate တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးမှာ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေက . . .
ကျွန်တော်နိုင်ငံခြားမှာ အလုပ်သွားလုပ်တုန်းကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရဲ့အနေအထားအရ သူများနိုင်ငံသားတွေနဲ့ယှဉ်ရင် အများကြီးအနှိမ်ခံရတဲ့ အနေအထားမျိုး ရှိတယ်။ ဒီတော့ ကိုယ့်ဘက်ကနေ အကောင်းဆုံးကြိုးစားပြီးတော့ ဒါတွေကို တိုက်ခိုက်ခဲ့ရတဲ့ အနေအထားတွေလည်း အများကြီးရှိတယ်။ အဲဒီကနေပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အချိန်ကျတော့လည်း Local တွေနဲ့တွဲလုပ်ရတာတွေ ရှိတယ်။ Expatriate တွေနဲ့ တွဲလုပ်ရတာတွေ ရှိတယ်။ များသောအားဖြင့်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ Local မှာ တချို့ကကျတော့ Professional ကျကျ အလုပ်မလုပ်တဲ့သူတွေ ရှိတယ်။ ဥပမာ- Personal နဲ့ Business ကိုရောတဲ့ အနေအထားမျိုးတွေ ရှိတယ်။ Expatriate ဆိုရင်တော့ အာရှကလာတဲ့ Expatriate နဲ့ ဥရောပကလာတဲ့ Expatriate ဆိုပြီး နှစ်မျိုးကွဲမယ်လို့ ထင်တယ်။ အာရှ Culture ကကျတော့ Emotion ဘက်ကို ပိုပြီးတော့ ဦးစားပေးတတ်တယ်။ ဥပမာဆိုရရင် ဂျပန်တို့၊ ကိုရီးယားတို့ဆိုရင် သူတို့ရဲ့နိုင်ငံရေး Culture က ဒီ စီးပွားရေးဘက်မှာ Flow ဖြစ်နေတတ်တယ်။ အဲဒီအခါကျရင် ကိုယ်က အဲဒီဘက်ကိုလိုက်နိုင်မှ အဆင်ပြေမှာပါ။ အဲဒီ Culture ကို ကိုယ်က Accept မလုပ်နိုင်ဘူး၊ ဒီ Professional Way of Working မှာပဲ ရပ်တည်နေတယ်ဆိုရင် သူတို့နဲ့ Deal လုပ်တဲ့အခါ အဆင်မပြေတာတွေ အများကြီးကြုံတွေ့တတ်တယ်။ တကယ်လို့ ဥရောပက Expatriate တွေနဲ့ အလုပ်တွဲလုပ်တာဆိုရင်တော့ တစ်မျိုးဖြစ်မယ်။ ဒူဘိုင်းမှာ အလုပ်လုပ်တုန်းကလည်း လုပ်ဖော်ကိုင်ဖက်တွေထဲမှာ သြစတြေးလီးယားလူမျိုးတွေ အများကြီးရှိတယ်။ သူတို့ရဲ့ Culture ကကျတော့ သူတို့က အင်မတန်ပွင့်လင်းမှုရှိတယ်။ ဒီတော့ Superior နဲ့ Subordinates ကြားမှာ Respect တွေဘာတွေကို တအားကြီးမထားဘဲ အဓိကက အလုပ်ပြီးဖို့ကို ဦးတည်တယ်။ အလုပ်ပြီးဖို့အားလုံးက Teamwork ပုံစံနဲ့ အလုပ်လုပ်ကြတယ်။ Fun ဖြစ်တယ်။ Open Type ဖြစ်တယ်။ ကျွန်တော်ကတော့ ဥရောပက Expatriate တွေနဲ့ အလုပ်လုပ်ရတာကို ပိုပြီးတော့သဘောကျပါတယ်။ အာရှသားတွေနဲ့လည်း သူတို့ရဲ့ Culture ကို သိလို့ရှိရင်တော့ ပေါင်းရသင်းရလွယ်ပါတယ်။ ဒါပေမဲ့ Superior နဲ့ Subordinates ကြားမှာရှိတဲ့ Respect တို့ ၊ Tradition တို့ ၊ Culture တို့ကိုတော့ ကျွန်တော်တို့ဘက်က နားလည်ဖို့ လိုပါတယ်။ နားလည်ပြီး အဲဒီအတိုင်းလိုက်လုပ်နိုင်မယ်ဆိုလို့ ရှိရင်တော့ အနည်းနဲ့အများ အဆင်ပြေနိုင်ပါတယ်။
Repatriate တွေနဲ့ Local တွေကြားမှာ လစာကွာခြားမှုအပိုင်းနဲ့ ပတ်သက်ပြီး Conflict တွေရှိတတ်တဲ့ အပေါ်မှာကော ဘယ်လိုမြင်ပါသလဲ . . .
များသောအားဖြင့်တော့ Conflict တွေ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ Local မှာ လုပ်လာတဲ့သူနဲ့ Repat နဲ့က မြင်တဲ့အမြင်တွေ၊ တွေးတဲ့အတွေးတွေ၊ အတွေ့အကြုံတွေ ကွဲပြားနိုင်ပါတယ်။ ဒီတော့ သုံးသပ်ပုံခြင်းကွဲတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ တကယ်ဖြစ်နေတဲ့အနေအထားနဲ့ လက်တွေ့ဘာတွေဖြစ်နေတယ်၊ ဘာလုပ်သင့်လဲဆိုတာကိုပဲ စဉ်းစားရင်တော့ မြင်တဲ့အမြင်ချင်း တူလာနိုင်ပါတယ်။ တကယ်က ကိစ္စတစ်ခုကိုစဉ်းစားရင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတွေးခေါ်သင့်တယ်လို့ မြင်ပါတယ်။ ဒါဆိုရင် လုပ်ငန်းပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိတာတွေ၊ ငါစွဲမထားတာတွေရှိမယ်ဆိုရင် Conflict ရှိလာမှာ မဟုတ်ပါဘူး။ လက်ရှိဖြစ်နေတဲ့ ပြောင်းလဲမှုအနေအထားရယ်၊ မပြောင်းလဲတဲ့ အနေအထားတွေရယ်ကို ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ လစာအနေအထားကတော့ ကျွန်တော့်အမြင် တအားကြီးကွာခြားတာမျိုးတော့ ရှိမယ်မထင်ဘူး။ Local ဘက်မှာလည်း ကျွန်တော်တို့ Marketing ပိုင်းမှာ ဆရာကျတဲ့သူတွေရှိတဲ့အခါ ကုမ္ပဏီတွေအနေနဲ့ ရာထူးအမြင့်ပိုင်းတွေ ပေးပါတယ်။ ဒါက ကုမ္ပဏီတစ်ခုချင်းစီရဲ့ အလုပ်ခေါ်ယူတဲ့အပိုင်းမှာ Differentiate လုပ်တဲ့အပေါ်မှာ မူတည်မယ်လို့ မြင်ပါတယ်။ တချို့ကျတော့ Repat ကို ပိုပြီးတော့သဘောကျတယ်။ တချို့ကျတော့ Market အထဲမှာ အတွေ့အကြုံရှိတဲ့သူကို ပိုပြီးတော့သဘောကျတာလည်း ရှိမယ်။
နိုင်ငံခြားမှာ လုပ်ခဲ့တုန်းက လစာနဲ့ တအားကွာသွားတာမျိုးကော ရှိလား။ အဲဒီအတွက် ဘယ်လိုညှိယူရတာမျိုး ရှိပါသလဲ . . .
ကွာတာတော့ ကွာပါတယ်။ ဟိုနိုင်ငံမှာ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ်လောက်က လုပ်ခဲ့တဲ့ လစာနဲ့ အခုလက်ရှိလစာနဲ့က ဘယ်လောက်မှမကွာဘူး။ ဟိုမှာဆက်နေပြီး လုပ်မယ်ဆိုရင် ဒီထက် သုံး၊ လေး၊ ငါးဆလောက် များနေပြီ။ ဒီလိုမျိုး လစာကွာခြားမှုရှိပေမယ့် ကျွန်တော်ပြန်လာဖြစ်တဲ့အကြောင်းရင်းက ကျတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်တယ်။ Market မှာလည်း အပြောင်းအလဲတွေဖြစ်တော့ ကိုယ့်နိုင်ငံကို ပြန်ပြီးလေ့လာချင်တယ်။ နောက်ပြီး နိုင်ငံခြားမှာလုပ်တာက နိုင်ငံပေါ်မူတည်ပြီးတော့ စိန်ခေါ်မှုတွေ ရှိတယ်။ Living Standard နဲ့ အသုံးစရိတ်တွေ ရှိတယ်။ ဝင်ငွေ၊ ထွက်ငွေ မမျှတဲ့ အနေအထားတွေ ရှိမယ်။ နောက်ပြီး နိုင်ငံအနေအထားပေါ်လိုက်ပြီး နှိမ်ချင်တဲ့သူတွေလည်း ရှိတဲ့အခါကျတော့ ကိုယ့်နိုင်ငံကိုပဲ ပြန်လာချင်ကြတာ များပါတယ်။ ဒါပေမဲ့ သေချာတာကတော့ Local မှာပေးနိုင်တဲ့ လစာနှုန်းထားက နိုင်ငံခြားကိုတော့ မမီပါဘူး။ ဒီတော့ ကိုယ်နိုင်ငံခြားမှာလုပ်လာခဲ့တဲ့ လစာကို Benchmark တစ်ခု လုပ်မယ်။ ပြီးရင် ကိုယ့်အတွက် လုပ်လို့အဆင်ပြေမယ့် အနေအထားလောက်ကို အနည်းဆုံးအထိ ကြည့်ပြီးတော့ အဆင်ပြေမယ်ဆိုရင် လုပ်ပေါ့။ ပြီးတော့မှ တဖြည်းဖြည်းထပ်တက်ဖို့ ကြိုးစားပေါ့။ ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော့်မိတ်ဆွေ Repat တော်တော်များများပါ ဒီလိုပဲလုပ်ကြပါတယ်။
Repat တွေရဲ့ အားသာချက်နဲ့ အားနည်းချက်ဆိုရင် . . .
အားသာချက်ဆိုရင်တော့ Repat တစ်ယောက်မှာ Out of the Box Thinking ရှိမယ်။ ပုံမှန်အတိုင်းတွေးတာထက် ပိုပြီးတော့ Creative ဖြစ်မယ်လို့ ထင်တယ်။ များသောအားဖြင့် Repat တော်တော်များများက SME တွေ လုပ်နေကြတာတွေ့ရတယ်။ သူတို့က နိုင်ငံခြားကနေအမြင်တွေရှိပြီး ဒီကိုပြန်ရောက်လာတယ်။ နောက်ပြီး သူက Investment တစ်ခုကို ဘယ်လိုလုပ်ရမလဲ၊ Market အနေအထားကို ဘယ်လို Develop လုပ်ရမလဲဆိုတာကို ကြည့်လိုက်တာနဲ့ Access လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဒီတော့ နိုင်ငံခြားမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိခဲ့ရတယ်။ နိုင်ငံခြားမှာ ဘာတွေလုပ်နေကြသလဲ၊ သူတို့ ဘယ်လိုတွေးနေသလဲဆိုတာတွေကို သိခွင့်ရခဲ့တော့ ပြန်ပြီးတော့ Compare လုပ်ပြီး အသုံးချနိုင်တယ်။ နောက်ပြီး ဒါတွေကို နှိုင်းယှဉ်ပြီး လေ့လာခြင်းအားဖြင့် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်တယ်၊ ဘယ်လိုလုပ်ရင် ပိုပြီးတော့ကောင်းအောင်လုပ်နိုင်တယ်၊ Risk ကိုလည်း ဘယ်လိုယူရမလဲဆိုတာတွေကို Repat တွေက သိလာမယ်လို့ ကျွန်တော်ထင်ပါတယ်။
အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ နိုင်ငံခြားမှာ အကြာကြီးနေလာတဲ့ Repat တွေဆိုရင်တော့ မြန်မာနိုင်ငံရဲ့ Market ကို အဆက်ပြတ်သွားလို့ရှိရင် Market ရဲ့ Demand ကို မသိဘဲနေတတ်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ Culture နဲ့ Tradition က တအားကို Strong ဖြစ်တယ်။ ဒါတွေကို မသိတဲ့အခါကျရင် နိုင်ငံခြားမှာလုပ်ခဲ့တုန်းက အောင်မြင်ခဲ့တာကို ဒီမှာ Establish လုပ်ဖို့ ကြိုးစားတဲ့အခါ အံဝင်ခွင်ကျမဖြစ်ဘဲ Fail ဖြစ်နိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ အလုပ်လုပ်တဲ့အခါမှာဆိုရင်လည်း Strategy ဆွဲတဲ့အခါ ဟိုဘက်မှာတုန်းက ဖြစ်နိုင်တဲ့ Strategy ကို ယူလာတယ်။ ပြီးတော့ ဒီဘက်မှာပြန်ပြီးတော့ Transform မလုပ်ဘဲနဲ့ အဲဒီ Strategy ကို ဒီအတိုင်းပဲ သုံးလိုက်မယ်ဆိုလို့ရှိရင် Fail ဖြစ်နိုင်ခြေတွေ များသွားမယ်။
Repat တွေကို အကြံပေးချင်တာရှိရင် . . .
နိုင်ငံခြားကပြန်လာပြီး ဒီမှာအလုပ်လုပ်တော့မယ့် Repat တစ်ယောက်ဆိုရင် Market အနေအထားနဲ့ ပတ်သက်ပြီး ဘယ်လိုအနေအထားရှိသလဲဆိုတာကို Information လေးတွေ စုစေချင်တယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေနဲ့ အတွေ့အကြုံတွေကို ဒီမှာ ဘယ်လို Implement လုပ်သင့်သလဲ၊ ဒီနိုင်ငံမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်နေသလဲဆိုတာတွေကို သေသေချာချာ သိသင့်ပါတယ်။
ဒေါ်ယုယုဒင်
General Manager
Wave Digital
Repatriate တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုစိန်ခေါ်မှုတွေကို တွေ့ကြုံရပါသလဲ . . .
Wave Digital မှာ အလုပ်လုပ်တာက ကျွန်မအတွက် မြန်မာပြည်မှာ ပထမဦးဆုံးအလုပ်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတည်းက နိုင်ငံခြားမှာပဲ ကြီးပြင်းခဲ့တာဆိုတော့ မြန်မာနိုင်ငံနဲ့ ဝေးကွာနေတာ အနှစ်နှစ်ဆယ်လောက် ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အလုပ်လုပ်တဲ့အခါ လုပ်ငန်းခွင်ထဲက လူငယ်အများစုက အလုပ်နဲ့ပတ်သက်လို့ အတွေ့အကြုံ မရှိကြဘူး။ မရှိတဲ့အခါကျတော့ ရုံးမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို မသိကြဘူး။ ကျွန်မ ဒီကိုမလာခင်တုန်းကတော့ မြန်မာနိုင်ငံက ဝန်ထမ်းတွေက Training တော့ လိုမယ်လို့ Board of Directors တွေက ပြောတယ်။ ကျွန်မထင်လိုက်တာက Digital Marketing ပိုင်းနဲ့ပတ်သက်တဲ့ Training ပဲလိုအပ်မယ်လို့ ထင်ခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ Internet Marketing နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာက သိပ်မရှိသေးပါဘူး။ Mango က Internet Marketing ကို ပထမဦးဆုံး စလုပ်ခဲ့တာဆိုတော့ Technical ပိုင်းကတော့ လိုအပ်မှာပဲဆိုပြီး ထင်မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အခြေခံကအစ အသေးစိတ်လိုအပ်တာ တွေ့ရပါတယ်။ Email ဘယ်လိုပြန်ရလဲ။ ဖုန်းလက်ခံစကားပြောရင် ဘယ်လိုပြောရလဲ။ ပုံမှန်ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အလုပ်တွေကအစ လိုအပ်တာတွေ မြင်ရပါတယ်။ အစတုန်းက လူတစ်ယောက်ကို အလုပ်ခန့်လိုက်ရင် သတ်မှတ်ထားတာတွေကို သူတို့ လုပ်တတ်မယ်လို့ ထင်မိတယ်။ ဒါပေမဲ့ သူတို့ မလုပ်တတ်တာတွေ ရှိတယ်။ တချို့သူတွေဆိုရင် Power Point တို့ ၊ Excel တို့လို ရိုးရိုး Basic Office Suite တွေကိုတောင် မသုံးတတ်ပါဘူး။ အဲဒီအခါကျတော့ ပြန်ပြီးသင်ပေးရပါတယ်။
ဒုတိယတစ်ခုကကျတော့ ကျွန်မက နိုင်ငံခြားမှာနေတာကြာတော့ ကိုယ်ပြောတဲ့စကားကို တစ်ဖက်က နားမလည်တာမျိုး ရှိပါတယ်။ ပထမခြောက်လလောက်က အဲဒီ Challenge ကို တော်တော်လေးခံစားမိတယ်။ ကျွန်မက မြန်မြန်လည်း အလုပ်လုပ်တတ်တယ်ဆိုတော့ စကားလည်း မြန်မြန်ပြောတတ်တယ်။ အဲဒီအခါ ကျွန်မပြောတာကို တခြားသူတွေ နားမလည်ဘူးဆိုတာ သိသိလာတယ်။ မြန်မာလို ပြောပေမယ့်လည်း ကိုယ်ပြောချင်တာကို တစ်ဖက်က နားမလည်တာမျိုး ဖြစ်ပါတယ်။ အဲဒီ အင်္ဂလိပ်လို အရင်ပြော၊ ပြီးမှ မြန်မာလို ပြောပြီးတော့ နားလည်လားလို့ ပြန်မေးရပါတယ်။ အချိန်တော့ နည်းနည်းကြာပါတယ်။ ကိုယ်ပြောတဲ့စကားကို နားမလည်တဲ့အခါကျတော့ ပိုဆိုးပါတယ်။
နောက်ပြီး တခြားနိုင်ငံက Office Environment နဲ့ ဒီက Office Environment နဲ့ မတူပါဘူး။ တခြားနိုင်ငံတွေမှာဆိုရင် ရုံးရောက်တာနဲ့ အလုပ်တန်းလုပ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မောင်နှမတွေလိုနေတာမျိုး မရှိဘူး။ အဲဒီအခါကျတော့ Culture ကို ပြန်ပြီးတော့ ကြည့်ရတယ်။ Culture Shock ရတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ နေ့လယ်စာ စားနေတုန်း လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အလုပ်ကိစ္စနဲ့ ပတ်သက်လို့ တစ်ခုခုမေးလာခဲ့ရင် ဝန်ထမ်းဘက်က သဘောမကျတာမျိုး ရှိတတ်တယ်။ လူငယ်တွေက သူတို့ နေ့လယ်စာစားနေတုန်း အလုပ်စကားပြောတာ မကြိုက်ကြဘူး။ နောက်ထပ်သတိပြုမိတာက ရုံးရောက်တာနဲ့ သူတို့က မနက်စာစားလေ့ရှိကြတယ်။ အဲဒီလို Culture လေးတွေရှိတဲ့အခါကျတော့ Team နဲ့ တစ်ပတ်မှာ တစ်ခါလောက် မနက်စာ၊ ဒါမှမဟုတ် နေ့လယ်စာ အတူတူစားဖြစ်တယ်။ ဝန်ထမ်းတွေနဲ့ ပိုပြီးတော့ခင်မင်ရင်းနှီးလာတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး Culture ရှိတယ်ဆိုတာ မသိတာမဟုတ်ပါဘူး။ မြန်မာ Culture နဲ့ဝေးတာ နည်းနည်းကြာသွားတော့ မေ့သွားတာမျိုးပါ။ ဒီလိုနဲ့ပြန်ပြီး စည်းစည်းလုံးလုံးနေဖို့ ကြိုးစားရပါတယ်။
အဲဒီလိုကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းခဲ့သလဲ . . .
ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါမှာ များသောအားဖြင့် အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ရတယ်။ အလုပ်တစ်ခုပေးလိုက်ရင် ပေးလိုက်တာကို ဘာဖြစ်လို့မလုပ်နိုင်တာလဲ။ ဒါက များသောအားဖြင့် ရပါတယ်ဆိုတဲ့ Culture ကြောင့်ပါ။ တစ်ခုခုပြောလိုက်ရင် များသောအားဖြင့် လူငယ်တွေက ရှက်တာနဲ့ ကြောက်တာရယ်ကြောင့် “ရပါတယ်” ဆိုပြီး ပြောတတ်ကြတယ်။ မြန်မာပြည်မှာက “ဟင့်အင်း” ဆိုပြီး ငြင်းလိုက်ဖို့ ဝန်လေးတတ်ကြတယ်။ အကုန်လုံး ရပါတယ်၊ လုပ်နိုင်တယ်ဆိုပြီး တကယ်တမ်း လုပ်လာတော့လည်း တလွဲတွေ ဖြစ်နေတတ်တယ်။ အဲဒီအခါ အလုပ်က ဘာလို့မပြီးတာလဲ၊ ဘာလို့ပုံစံမကျတာလဲ သူတို့ကိုပြန်ပြီးတော့ မေးရတယ်။ Trainin ပြန်ပေးရတယ်။ ဥပမာ- Email အသုံးပြုတာနဲ့ ပတ်သက်ပြီး Workshop တွေ လုပ်ပေးတယ်။ ကျွန်မက မြန်မာပြည် ပြန်လာပြီး လုပ်ငန်းကို အစကနေ ပြန်စလုပ်ရတာဆိုတော့ စာရွက်စီတာ၊ ဖိုင်စီတာကအစ အကုန်လုံး အသေးစိတ်ကအစ သင်ပြပေးရတယ်။ နောက်ပြီးတော့ Procedure တွေချပြီး အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ Training ပေးတယ်။ Training ပေးတဲ့နေရာမှာလည်း တစ်ခေါက်တည်း ပေးရုံနဲ့ မရပါဘူး။ နှစ်လတစ်ခါ၊ သုံးလတစ်ခါလောက် မကြာခဏပြန်ပြီး ပေးရတယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေဆီမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ ကိုယ်က လူကြီးတစ်ယောက်အနေနဲ့ စုံစမ်းရတယ်။ နောက်တစ်ခုက Presentation ဘယ်လိုလုပ်ရသလဲဆိုတာကို ပထမအဆင့်အနေနဲ့ သူတို့ရှေ့မှာ ကိုယ်တိုင်လုပ်ပြတယ်။ ဒုတိယအဆင့်မှာ ကိုယ်နဲ့ သူတို့နဲ့ အတူတူလုပ်တယ်။ တတိယအဆင့်မှာတော့ သူတို့ဘာသာ လုပ်ခိုင်းတယ်။ အဲဒီအခါကျ ဘယ်လိုလုပ်ရင် Professional ကျကျ ပုံစံဝင်တယ်ဆိုတာကို သိလာကြတယ်။ နောက်ပြီး လုပ်ငန်းသဘောလည်း ပိုပြီးသိလာတယ်။ Learning က ပိုပြီးတော့ မြန်လာပါတယ်။
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတဲ့အပိုင်း . . .
ပြင်ဆင်တယ်ဆိုတာထက် မြန်မာပြည်ရဲ့အခြေအနေကို သိထားတာတော့ ပိုကောင်းပါတယ်။ ဥပမာဆိုရင် ကျွန်မတို့ဆီမှာ Template တွေ၊ Formula ရှိတယ်။ ဘယ်လိုအခက်အခဲတွေ တွေ့ရင် Client ကို ဘယ်လိုပြန်ပြောမလဲဆိုတာမျိုး ရှိပါတယ်။ Presentation လုပ်မယ်ဆိုရင် ဘယ်လို Format နဲ့ သွားတယ်ဆိုတာ ပြထားတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ Situation က မတူဘူး။ Case by Case သွားတဲ့အခါ တစ်ခုခုဖြစ်လာခဲ့ရင် သူတို့အနေနဲ့ ပြန်ပြီးတော့ မဖြေရှင်းတတ်တော့ဘူး။ အဲဒီလို မကိုင်တွယ်တတ်တော့တဲ့အခါ တစ်သမတ်တည်းသွားနေလို့တော့ မရဘူးဆိုတာ သိလာတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ကျောင်းစနစ်က ဒါကျက်ပြီး ဒါဖြေလာခဲ့တာဖြစ်တဲ့အတွက် Creativity ဆိုတာ မရှိနိုင်ခဲ့ဘူး။ အဲဒီတော့ Formula နဲ့ သွားလို့မကိုက်ဘူးဆိုရင် ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို သင်ပေးပါတယ်။ တကယ်လို့ အခက်အခဲ တအားကြီးမားလာပြီဆိုရင် “ရပါတယ်”ဆိုပြီး မလုပ်ဖို့ လေ့ကျင့်ပေးရပါတယ်။ ဝန်ထမ်းတွေနဲ့ ဖြည်းဖြည်းချင်း စကားပြောပြီးတော့ ညှိနှိုင်းရတယ်။ အဲဒီလိုနဲ့ ကိုယ့် Team လည်း ပိုပြီးတောင့်တင်းလာအောင်၊ Skill လည်း ပိုရှိအောင် ပြုလုပ်ပေးရပါတယ်။
ဒေါ်သီရိသန့်မွန်
Managing Director
Sandanila
Repatriate တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုစိန်ခေါ်မှုတွေကို တွေ့ကြုံရပါသလဲ . . .
Repatriate တစ်ယောက်အနေနဲ့ စစချင်း ပြန်ရောက်ခါစကတော့ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ခါမှ အလုပ်မလုပ်ဖူးဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်တုန်းကတော့ ကုမ္ပဏီကလည်း ကြီးတယ်။ ပြီးတော့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း Training တွေ အပြည့်အစုံ ရှိခဲ့တဲ့သူတွေဆိုတော့ အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်အပိုင်းကို ကိုယ်လုပ်သွားရုံပါပဲ။ ဒီမှာကကျတော့ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက အဲဒီလိုမျိုး Exposure မရှိခဲ့တဲ့အတွက်ကြောင့် တစ်ခါတလေကျရင် ပုံမှန်အဆင်ပြေသွားရမယ့် ကိစ္စသေးသေးလေးတွေတောင်မှ အခက်အခဲတွေအများကြီး ကြုံရတယ်။ အဲဒီလိုမျိုး မကြုံခဲ့ဖူးတော့ စစချင်းမှာ ဒါကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဘာကြောင့် ဒီလောက်လွယ်တဲ့အလုပ်တွေက အဆင်ပြေပြေ မဖြစ်သွားတာလဲဆိုပြီး တွေးမိတယ်။ နောက်ပိုင်းကျတော့ ဘာလို့ အဲဒီလို အခက်အခဲတွေရှိရတာလဲဆိုတာကို လုပ်ရင်းလုပ်ရင်းနဲ့ သဘောပေါက်လာခဲ့တယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့က အရင်က မတွေ့ကြုံဖူးတဲ့အရာတွေဆိုတော့ ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲ ရှိပါတယ်။ ဥပမာပြောရရင် Project တစ်ခု ဖြစ်မြောက်သွားအောင် ကဏ္ဍအစုံ လုပ်ရမယ်ဆိုတာ သူတို့မှာ အတွေ့အကြုံ မရှိခဲ့တဲ့အတွက် မမြင်နိုင်ဘူး။ မြန်မာနိုင်ငံက ကုမ္ပဏီတွေမှာလည်း အဲဒီလိုမျိုးအတွေ့အကြုံ မရှိခဲ့ဘူး။ မလုပ်ဖူးတဲ့အရာကို လုပ်ရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ အခက်အခဲရှိနေတာဆိုတာကို နားလည်လာတယ်။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ မချင့်မရဲဖြစ်တာတွေ၊ အဆင်မပြေတာတွေ မဖြစ်တော့ဘဲ နားလည်မှုရှိလာတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Adjust လုပ်ပါတယ်။ အဲဒီအခက်အခဲက အကြီးမားဆုံးပါပဲ။
မြန်မာပြည်ပြန်ရောက်လာလာချင်းတုန်းက Yoma Strategic မှာ အလုပ်လုပ်ဖြစ်ခဲ့တယ်။ နိုင်ငံခြားအဆင့်မီ ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် ကိုယ်နဲ့အတူတူ လုပ်ဖော်ကိုင်ဖက်တွေက နိုင်ငံခြားအတွေ့အကြုံ မရှိခဲ့တဲ့သူတွေ အများကြီးပါပဲ။ အဲဒီတော့ ကိုယ်က ခေါင်းဆောင်နေရာက လုပ်ပေမယ့် တစ်နေရာတည်းမှာ နေနေလို့ မရဘူး။ အောက်ခြေကအစ ဝင်ပါရတာတွေ ရှိပါတယ်။ ဥပမာ-Email တစ်စောင်ပို့တော့မယ်ဆိုရင် စာလုံးပေါင်းမှန်လား၊ မမှန်လားကအစ ကိုယ်ကဝင်ပြီးတော့ စစ်ပေးရတယ်။ နိုင်ငံခြားမှာအလုပ်လုပ်တဲ့ အချိန်တုန်းကကျတော့ တကယ်လို့ ကုမ္ပဏီကောင်းတွေမှာ လုပ်တယ်ဆိုရင် ဒါက ကိုယ့်အလုပ်မဟုတ်ဘူး။ ကိုယ့်ရဲ့ Secretary ဒါမှမဟုတ်၊ ဂျူနီယာက လုပ်သွားလိမ့်မယ်။ သူတို့ဘာသာ သူတို့အပိုင်းကို ကောင်းမွန်မှန်ကန်အောင် လုပ်သွားပါတယ်။ ဒီမှာကကျတော့ လက်လွှတ်လို့ မရဘူး။ အပေါ်ဆုံးကနေထိုင်ပြီး ကိုယ်က Strategy ဆွဲတာ၊ ခေါင်းဆောင်အနေနဲ့ လုပ်ရတဲ့အလုပ်တွေအပြင် အလယ်မှာလည်း ကိုယ်ဝင်ပါရတယ်။ အောက်ခြေသိမ်းလည်း ကိုယ်ဝင်ပါရတာတွေ ရှိပါတယ်။
နောက်တစ်ခုက Repatriate တစ်ယောက်အနေနဲ့ Reverse Culture Shock ရတယ်။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှု မရှိတော့တဲ့နေရာတစ်ခုကို ပြန်ရောက်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် Adjust ပြန်လုပ်ရတယ်။ အသက် ၁၇ နှစ်လောက်တည်းက မြန်မာနိုင်ငံက ထွက်သွားတာဆိုတော့ နိုင်ငံခြားမှာလည်း ကိုယ်က အံဝင်ခွင်ကျဖြစ်နေပါပြီ။ မြန်မာတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်နိုင်ငံကိုယ်ပြန်လာတဲ့အခါမှာ မရင်းနှီးတော့ဘဲ သူစိမ်းတစ်ယောက်လို ဖြစ်သွားတယ်။ တစ်ခါတလေကျတော့ Reverse Culture Shock က ပိုပြီးတော့ခက်တယ်။ နောက်ပြီး ယဉ်ကျေးမှုပိုင်းမှာလည်း ကိုယ်နဲ့မတူတော့တာတွေ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး အခေါ်အဝေါ်ကအစ မတူဘူး။ နိုင်ငံခြားမှာက ကိုယ့်ရဲ့ဘော့စ်ဆိုလည်း Mr တပ်မခေါ်ဘဲ နာမည်ပဲခေါ်ကြတယ်။ ဒီမှာကကျ ဦးတို့ ၊ ဒေါ်တို့မှ တပ်မခေါ်ရင် အဆင်မပြေပါဘူး။
Organization ၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုတည်းမှာ Expatriate တွေနဲ့စာရင် Repatriate တွေ အနေနဲ့က ပိုပြီးခက်ခဲပါတယ်။ မြန်မာပြည်က အခုတော့ နည်းနည်းပြောင်းလဲလာပြီး တိုင်းပြည်ကလည်း ပွင့်လာပြီဆိုတော့ အခွင့်အရေးတွေ ပိုများလာတော့ တွက်ကပ်မှုလေးတွေ နည်းနည်းလျော့လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ Society မှာက တစ်ယောက်နဲ့တစ်ယောက် ဝန်တိုမှုလေးတွေ ရှိတတ်ပါတယ်။ Expatriate တစ်ယောက်ကိုကျတော့ ကိုယ်နဲ့ သူနဲ့ မတူဘူးဆိုပြီး ဝန်တိုမှု မဖြစ်ကြပေမယ့် မြန်မာအချင်းချင်းကျတော့ Repatriate တစ်ယောက်ကို ဘာလို့ သူဟာ နိုင်ငံခြားမှာ နေဖူးတာနဲ့ ရာထူးကြီးကြီးတွေ ရသွားတာလဲဆိုပြီး တွေးတတ်ကြပါတယ်။ အဲဒါက Repatriate တော်တော်များများ ကြုံတွေ့ရပါတယ်။
အဲဒီလိုကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းခဲ့သလဲ . . .
အဓိကက နားလည်မှုပါ။ ကိုယ်ကပြောင်းလဲတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ Mindset ပြောင်းလိုက်တဲ့အခါကျ အဆင်ပြေသွားတယ်။ Local မှာရှိတဲ့ ကုမ္ပဏီတွေက အသေးအမွှားလေးကအစ အလုပ်လုပ်ရတာ ဘာလို့ခက်ခဲတာလဲဆိုတာကို နားလည်ပေးရတယ်။ အဲဒီလိုနားလည်ပေးလိုက်တဲ့အခါကျတော့ အများကြီး ပိုပြီးအဆင်ပြေသွားတယ်။ နောက်တစ်ခုကကျတော့ ဒီမှာက တစ်ခါတလေကျရင် တစ်ရက်နဲ့ပြီးရမယ့်ကိစ္စက တစ်လကြာရင် ကြာသွားတယ်။ အဲဒါကို အေးအေးဆေးဆေး စဉ်းစားရတယ်။ ဒီမှာက ပိုမြန်တဲ့ကိစ္စတွေလည်း အများကြီးရှိတယ်။ အကူအညီလိုအပ်လို့ တောင်းတဲ့အခါ ဝိုင်းကူညီပေးလို့ ပြီးသွားတဲ့ကိစ္စတွေလည်း အများကြီးရှိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နည်းဟန်မတူတာတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံမှာလည်း သူ့နည်း သူ့ဟန်နဲ့ သွားရမယ်လို့ နားလည်ပေးလိုက်တယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကို Training တွေ ပေးတယ်။ သူတို့နဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ပေါင်းတယ်။
ပြီးတော့ စကားပြောဆိုတဲ့နေရာမှာလည်း ကိုယ်က သူများနဲ့ မတူဘဲကွာနေတာမျိုးတွေ ရှိတတ်တယ်။ Local ကုမ္ပဏီက သူတွေအနေနဲ့လည်း တစ်ခါတလေကျတော့ ကိုယ့်ကိုသူစိမ်းလို ဖြစ်နေတာမျိုး ရှိတယ်။ သူတို့အနေနဲ့လည်း ကိုယ့်ကို Adjust လုပ်ရတယ်။ ကိုယ်ကလည်း သူတို့ကို Adjust လုပ်ရတယ်။ နှစ်ဦးနှစ်ဖက် Adjust လုပ်ရပါတယ်။ နောက်ပြီး မြန်မာပြည်က ပွင့်လင်းမှုရှိလာပြီဆိုတော့ စိတ်ဝင်စားစရာ တအားကောင်းလာတယ်။ အဲဒီတော့ ပုံမှန်အတွေးမတွေးဘဲနဲ့ ကိုယ်ဘယ်လိုလုပ်ပေးလိုက်ရင် ဘာပိုအဆင်ပြေသွားမလဲ၊ ဘာတွေပိုကောင်းသွားမလဲလို့တွေးပြီး လုပ်ခဲ့ပါတယ်။ နောက်ပြီး ကိုယ့်အနေနဲ့ တီထွင်လို့လည်းရတယ်။ မြန်မာပြည်မှာရှိတဲ့ အနေအထားနဲ့၊ ကိုယ်သိတဲ့ပညာနဲ့ ပေါင်းပြီးတော့ တခြားနိုင်ငံတွေမှာ မလုပ်တဲ့နည်းကို ဒီမှာစမ်းပြီးတော့ လုပ်ကြည့်တယ်။ အဲဒီအခါကျတော့ ကိုယ့်ကိုယ်ကိုယ်လည်း Challenge ရတယ်။ ပျော်လည်း ပျော်ရတယ်။
နောက်တစ်ခုကတော့ အသိုင်းအဝိုင်းပါ။ ကိုယ်နဲ့အတူတူ ဒီလိုမျိုးစိန်ခေါ်မှုတွေကို ခံစားနေရတဲ့ Repatriate တွေ၊ Expatriate တွေနဲ့တွေ့ဆုံပြီး စကားပြောကြတယ်။ အဲဒီလိုတွေ့ဆုံဖြစ်တဲ့အခါကျတော့ ပြောရင်းဆိုရင်း ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးဆိုတဲ့ နားလည်မှုကလည်း ကျွန်မအတွက် အများကြီးအထောက်အကူပြုပါတယ်။ တစ်ခါတလေကျတော့ ကိုယ့်နိုင်ငံကို ပြန်လာတယ်ဆိုတော့ စိတ်ထဲမှာ ပိုပြီးလွယ်မယ်ဆိုတဲ့ အတွေးအခေါ်နဲ့လာပြီး ဒီကိုရောက်တဲ့အခါမှာ ပိုပြီးခက်ခဲတာတွေ အများကြီးရှိတယ်။ အဲဒါလေးတွေကို တဖြည်းဖြည်း ဖြေရှင်းရင်းနဲ့ အဆင်ပြေလာပါတယ်။
အယ်ဒီတာအဖွဲ့