ဖိစီးမှု (Stress) ဟာ ဘဝရဲ့အမှန်တရားတစ်ခုဖြစ်လို့ ရှောင်လွှဲလို့မရနိုင်ပါဘူး။ စိတ်အပန်းဖြေမှုနည်းလမ်းတွေကို လေ့လာသင်ယူခြင်းကသာ ဖိစီးမှုရဲ့အားယုတ်စေတဲ့ အကျိုးသက်ရောက်မှုတွေကနေ အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဖွင့်ဆိုချက်အရ ဖိစီးမှုဆိုတာဟာ 'လူတွေအဖို့ သူတို့အသိ၊ စွမ်းရည်နဲ့မညီတဲ့၊ သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို စိန်ခေါ်တဲ့တောင်းဆိုမှုတွေ၊ ဖိအားတွေကြုံတဲ့အခါ ဖြစ်ပေါ်လာနိုင်စရာရှိတဲ့ တုံ့ပြန်ချက်' လို့ ဆိုပါတယ်။
စိတ်အပန်းဖြေဖို့ နည်းလမ်းအသွယ်သွယ် . . .
ဖိစီးမှုဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပြီး အကြောင်းကိစ္စအလိုက် ခံစားရမှုအဆင့် ကွာခြားနိုင်ပါတယ်။ ဒီလိုပါပဲ။ အပန်းဖြေနိုင်မယ့်နည်းလမ်းတွေကလည်း နည်းလမ်းအလိုက် ပေးစွမ်းနိုင်တဲ့ အပန်းပြေနိုင်မှုအဆင့် ကွာခြားပါတယ်။
မိတ်ဆွေတစ်ယောက်နှစ်ယောက်နဲ့အတူ လက်ဖက်ရည်ပြင်ဆင်ဖျော်စပ်သောက်ကြည့်ပါ။ လက်ဖက်ရည်ထဲမှာ ကတုန်ကယင်ဖြစ်စေတဲ့ ကဖိန်းဓာတ်ပါဝင်ပေမယ့် သင့်ပူပန်မှုသောကတွေကို ဆွပေးမယ့်အစား တည်ငြိမ်စေမှာ သေချာပါတယ်။ ဖိစီးမှုခံစားရစဉ်အချိန်တွေမှာ လက်ဖက်ရည်ပြင်ဆင်သောက်သုံးတဲ့ဓလေ့ဟာ ကျင့်သားရဓလေ့ဖြစ်လာပါပြီ။ တည်ငြိမ်စေတဲ့ အကျိုးသက်ရောက်မှုဟာ လက်ဖက်ရဲ့ ဓာတုဗေဒကြောင့် မဟုတ်ဘဲ ဆိုရှယ်ရှုထောင့်တွေ ပါဝင်နေတဲ့ မိတ်ဆွေတွေနဲ့အတူ လက်ဖက်ရည် ပြင်ဆင်သောက်သုံးပြီး စကားစမြည် ပြောဆိုတာကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော် တက္ကသိုလ်က သုတေသနပညာရှင်တွေက ယုံကြည်ကြတယ်။
Essen University ကပြုလုပ်တဲ့ သုတေသနအရ သဘာဝအတိုင်း အပြင်ထွက်ပြီး ကျန်းမာရေး လေ့ကျင့်ခန်းလုပ်တာက စိတ်ကြည်လင်စေပြီး မိမိကိုယ်မိမိ ကျေနပ်မှုရစေတဲ့ အကျိုးကျေးဇူးရှိတယ်လို့ ဆိုပါတယ်။ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ လှေစီး၊ မြင်းစီး၊ ဥယျာဉ်ပြုစုပျိုးထောင်တာနဲ့ ပင်လယ်၊ ရေကန်၊ မြစ်တွေထဲမှာ ရေကူးတာတွေဟာ စိတ်ဓာတ်အင်အားတက်ကြွစေတဲ့ လေ့ကျင့်ခန်းတွေထဲက ရွေးချယ်သင့်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ရဲ့ဖိစီးမှုကို တွန်းလှန်တိုက်ဖျက်ပေးရုံမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။
စိတ်အပန်းဖြေနေစဉ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုများ . . .
- ဦးနှောက်တည်ငြိမ်သွားရင် ဦးနှောက်လှိုင်းပုံစံတွေ ပြောင်းလဲသွားပါတယ်။ အပြုသဘော ကိုယ်စိတ်ချမ်းသာမှု ဖြစ်ပေါ်စေပါတယ်။
- ဖိနှိပ်ထားတဲ့အစာခြေစနစ်ကို နှိုးဆွပေးပြီး တံတွေးထုတ်လုပ်မှုကို တိုးလာစေပါတယ်။
- နှလုံးခုန်နှုန်း ကျသွားပြီး သွေးဖိအားလည်း ကျဆင်းသွားပါတယ်။
- အစာအိမ်ရဲ့ အစာခြေစနစ်ကနေ အဝေးကိုရောက်သွားတဲ့သွေးတွေ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
- သွေးစီးဆင်းမှု ပုံမှန်ပြန်ဖြစ်ရာကနေတစ်ဆင့် ကြွက်သားတင်းအား ပျော့ဆင်းကာ အရေပြားအပူချိန် တက်လာပါတယ်။
ဖိစီးမှုရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာများ . . .
ဖိစီးမှုဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မအီမသာဖြစ်မှုအမျိုးမျိုးရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ပြင်းထန်တဲ့ဖိစီးမှု၊ နာတာရှည်ဖိစီးမှုတို့နဲ့ သက်ဆိုင်တဲ့ဝေဒနာလက္ခဏာတွေကတော့ . . . . .
- ခေါင်းကိုက်ခြင်း
- သွားကြိတ်ခြင်း
- အံကြိတ်ခြင်း
- ပခုံး၊ လည်ပင်းနဲ့ ကျောကိုက်ခြင်း
- ခံတွင်းခြောက်ခြင်း၊ မျိုချရန်အခက်အခဲရှိခြင်း
- အစာမကြေခြင်း
- ပျို့ချင်အန်ချင်ခြင်း
- ဝမ်းလျှောခြင်း၊ ဒါမှမဟုတ် ဝမ်းချုပ်ခြင်း
- အိပ်မပျော်ခြင်း
- အသက်ရှူမဝဖြစ်ခြင်း
- နှလုံးတုန်ခြင်း၊ သွေးခုန်ချက်မြန်ခြင်း
- လက်နဲ့ခြေအေးစက်၊ ဒါမှမဟုတ် ချွေးပြန်ခြင်း
- အရေပြားပြဿနာများ (ဝက်ခြံ၊ နှင်းခူနာ၊ ဆာရိုင် ယာဆစ်အရေပြားရောဂါ)
စိတ်ပူစရာကို အစားထိုး . . .
- အလုပ်၊ ဒါမှမဟုတ် မိသားစုပြဿနာတွေကို စိုးရိမ်ပူပန်နေမယ့်အစား ရေကူး၊ စက်ဘီးစီး၊ ဒါမှမဟုတ် သွက်သွက်လက်လက် လမ်းလျှောက်တာတို့နဲ့ အစားထိုးပါ။
- တစ်နေ့တာပင်ပန်းခဲ့လို့ ညစာကို ကြီးကြီးကျယ်ကျယ် ချက်နေမယ့်အစား ဆိုင်ကနေ ကြက်ကင်နဲ့အသုပ်တို့လို လွယ်လွယ်ကူကူ စားနိုင်တာတွေ ဝယ်ယူသုံးဆောင်ပါ။
- နေ့စဉ်ဘဝပြဿနာတွေကို သောကရောက်နေမယ့်အစား အသက်ပြင်းပြင်းရှူပြီး လေ့ကျင့်ခန်းလုပ်ပါ။
- သင်အကြိုက်တွေ့တဲ့သီချင်းကို နားဆင်ပြီး ငွေရေးကြေးရေးသောကတွေကနေ အနားပေးပါ။
တစ်ကမ္ဘာလုံးမှ ဖိစီးမှုတိုက်ဖျက်ရေးနည်းလမ်းများ . . .
ဖိစီးမှုဆိုတာ လူတိုင်းနဲ့သက်ဆိုင်လို့ နိုင်ငံအသီးသီး၊ ယဉ်ကျေးမှုအသီးသီးမှာ ဖိစီးမှုဖြေဆေးအသီးသီး ရှိကြပါတယ်။ နည်းလမ်းတချို့ဟာ စိတ်တည်ငြိမ်မှုပေးတဲ့၊ ကာလရှည်ကြာလှပြီဖြစ်တဲ့ ရိုးရာအစဉ်အလာတွေ ဖြစ်ပြီး တချို့နည်းလမ်းတွေကတော့ ပျော်ရွှင်လှုပ်ရှားတက်ကြွစရာ နည်းလမ်းသစ်တွေဖြစ်ကြပါတယ်။ နည်းလမ်းအားလုံးကတော့ ဖိစီးမှုဖြေလျှော့၊ အားအင်ပြန်လည်ပြည့်ဖြိုးကာ ကိုယ်အားစိတ်အား ချုံးချုံးကျတာကို နှိမ်နင်းဖို့ ရည်ရွယ်ပါတယ်။
ရှေးရိုးနည်းလမ်းတွေကို ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံက ဇင်ကျောက်ပုံဥယျာဉ် (Zen Gardens) တွေဟာ စိတ်တည်ငြိမ်အေးချမ်းမှုပေးတဲ့နေရာတွေဖြစ်ကြပြီး အာရုံပြုဆင်ခြင်တာကို အားပေးဖို့ဖန်တီးထားတယ်။ အိန္ဒိယက Kirtan ကတော့ ဘာသာရေးဆိုင်ရာ အတုံ့အလှည့်ရွတ်ဆိုမှုပါပဲ။ ဒါတွေနဲ့ခြားနားတဲ့ နယူးဇီလန်နိုင်ငံက တီထွင်တဲ့ Zorbing က ထွင်းဖောက်မြင်နိုင်တဲ့ ဘောလုံးအတွင်း သင်ဝင်နေပြီး ဟိုလှိမ့်ဒီလှိမ့်စွန့်စား လှုပ်ရှားကစားရတာဖြစ်ပါတယ်။
[caption id="attachment_27036" align="alignnone" width="432"]ဂျပန်မှ Zen Gardens[/caption]
[caption id="attachment_27040" align="alignnone" width="432"]အိန္ဒိယမှ Kirtan[/caption]
[caption id="attachment_27038" align="alignnone" width="432"]နယူးဇီလန်မှ Zorbing[/caption]
သတိရှိမှု လေ့ကျင့်ပါ . . .
တဒင်္ဂမှာ နေထိုင်ခြင်းဆိုတာ လက်ရှိအခိုက်အတန့်ကို သိသိမှတ်မှတ်ရှိပြီး ဘဝကိုနေထိုင်ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို သောကအများဆုံးဖြစ်စေတာက အတိတ်အကြောင်း တသသဖြစ်နေတဲ့အတွေးတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သင်ကအတိတ်ကို မပြောင်းလဲနိုင်သလို အနာဂတ်အပေါ် ချက်ချင်း အကျိုးသက်ရောက်မယ့် လုပ်စရာတွေလည်း မရှိလောက်ပါဘူး။ ဒီအတွေးပုံစံကို စွန့်လွှတ်မှသာ စိုးရိမ်သောကတွေက ကင်းဝေးနိုင်ပါတယ်။ နည်းလမ်းကတော့ လွယ်လည်းလွယ်၊ အပြင်သင်တန်း၊ ဒါမှမဟုတ် အွန်လိုင်းမှာ သင်တန်းတက်လို့ ရပါတယ်။ လိုအပ်တာက စိတ်ကိုဖွင့်ထားဖို့နဲ့ လတ်တလောသင့်ဝန်းကျင်မှာ ဖြစ်ပျက်နေတာအားလုံးကို လေးလေးနက်နက်သိရှိနိုင်အောင် သင်ယူရပါမယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ မိနစ် ၃၀ ခန့် သတိရှိမှု တရားဆင်ခြင်ခြင်း(Mindfulness Meditation)ကို မှန်မှန်လေ့ကျင့်မယ်ဆိုရင် ဖိစီးမှုအဆင့်တွေ ကျဆင်းနိုင်ကြောင်း လေ့လာတွေ့ရှိထားပြီးဖြစ်ပါတယ်။
[caption id="attachment_27041" align="alignnone" width="432"]တရုတ်မှ ထိုက်ချိလေ့ကျင့်ခန်း[/caption]
ဖိစီးမှုသက်သာရေးနည်းလမ်းများ . . .
သင် ဖိစီးမှုခံစားနေရခြင်းမရှိဘူးဆိုရင်တောင် အနည်းဆုံး အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေထဲက တစ်ခုကို နေ့စဉ်ပြုလုပ်ပါ။
- သင့်လက်တွဲဖော်ကို ပွေ့ဖက်ပါ။
- သဘာဝတရားနဲ့ အနီးစပ်ဆုံးနေပြီး အချိန်ကုန်ဆုံးပါ။
- တစ်နာရီကြာ နှိပ်နယ်ခံပါ။
- ဂီတနားဆင်ပါ။
- ဆေးရောင်ခြယ်ပါ။
- ဥယျာဉ်ကို ပြုစုစိုက်ပျိုးပါ။
- မိတ်ဆွေကောင်းတစ်ဦးနဲ့ စကားပြောပါ။
- အချစ်တော်တိရစ္ဆာန်နဲ့ကစားပါ။
- ရယ်မောရတဲ့ရုပ်ရှင်တစ်ကားကြည့်ပါ။
- တရားထိုင်ပါ။
ခင်အောင် (အင်္ဂလိပ်စာ)