လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအနေအထားမှာ နှေးကွေးနေပြီး ၂၀၁၇ ခုနှစ်ကုန်ထိ တိုးတက်ဖွယ်ရာအားနည်းကြောင်း စီးပွားရေးအလွှာလွှာ၊ နယ်ပယ်အသီးသီးမှ သုံးသပ်ကြလေသည်။ လယ်ယာထွက်ကုန်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများ အဓိကဝယ်ယူသည့် အိမ်နီးနားချင်းနိုင်ငံများကလည်း အခါအားလျော်စွာ မိမိနိုင်ငံဈေးကွက်ထိန်းချုပ်ကာကွယ်ခြင်း၊ ကုန်သည်များက ဈေးကစားခြင်းကို ကြုံတွေ့နေရသဖြင့် မြန်မာကုန်သည်နှင့် စီးပွားရေးသမားတို့ အခက်အခဲတွေ့ရတတ်ပါသည်။ တစ်ဖက်တွင်လည်း အရည်အသွေးနှင့် ထုပ်ပိုးမှုစံများအားနည်းခြင်းကြောင့် ဈေးကောင်းကောင်းပေးသော ဥရောပနှင့် ဂျပန်ကဲ့သို့သောနိုင်ငံများလည်း အခက်အခဲတွေ့နေရပါသည်။
စီးပွားရေးကျဆင်းခြင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိတတ်သောသဘောရှိရာ နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းကြီးများအတွက် ဈေးကွက်ကြိုတင်နေရာယူထားခြင်းနှင့် ပြင်ဆင်ခြင်းကို မနားမနေလုပ်ဆောင်ကြရသည်ကို သတိပြုမိပါသည်။
ဥပမာအားဖြင့် ရန်ကုန်မြို့လယ်တစ်ဝိုက် ဆယ်မိနစ်နှင့် မိနစ်နှစ်ဆယ်လမ်းလျှောက်နိုင်သည့် အကွာအဝေးတွင်ပင် Sule Shangi-La ၊ Pullman ၊ The Strand ၊ Kempinski ၊ Pan Pacific ၊ Park Royal ၊ Marriot by Courtyard စသည့် နာမည်ကြီးဟိုတယ်ကြီးများရှိရာ ဈေးကွက်များရရှိရန် တစ်ဦးချင်း၏ ယှဉ်ပြိုင်နိုင်စွမ်းအားနှင့် အများသတ်မှတ်ထားသည့် အားသာချက်များနှင့် ပြိုင်ဆိုင်ရမည်ဖြစ်ပါသည်။
အလားတူအခြေအနေမျိုးတွင် Hello ၊ Oway Ride နှင့် နိုင်ငံတကာ Taxi ကုမ္ပဏီကြီးများဖြစ်သည့် Uber နှင့် Grab တို့မှာလည်း လုံခြုံစိတ်ချရမှု၊ ဝန်ဆောင်မှု၊ ကားအရည်အသွေးတို့ ပြိုင်ဆိုင်ကြရမည်ဖြစ်ပြီး နည်းပညာ၊ အတွေ့အကြုံနှင့် ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုသည် ရေရှည်တွင် အဆုံးအဖြတ်ပေးသွားမည် ဖြစ်ပါသည်။
ထိုနည်းတူစွာ ယခုနှစ် အချိုရည်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများတွင် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ရေတိုအကျိုးအမြတ်ရရှိရေးထက် ပထမအဆင့်တွင် လူသိစေရန် ဒုတိယအဆင့်တွင် ဈေးကွက်ရရှိရန်နှင့် ရေရှည်တွင် စီးပွားအမြတ်အစွန်းရရှိရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြပါသည်။ သတိပြုရန်အချက်မှာ ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ဈေးကွက်အကြောင်း ဂဃနဏ သိရန် သင်ယူနေကြသည့်ကာလလည်း ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှာ အတွေ့အကြုံဗဟုသုတ၊ နည်းပညာ၊ ငွေကြေးအင်အား အားနည်းခြင်းကြောင့် ပေါင်၊ ရောင်း၊ ဂျောင်းဟုဆိုကြရာ လက်ရှိကာလအချိန်ထိ မိမိ၏ အမြော်အမြင်၊ ပြင်ဆင်မှုနှင့် ယှဉ်ပြိုင်နိုင်သေးပါကြောင်း။
မောင်သာ