အာဆီယံနိုင်ငံတွေမှာ အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအနေအထားကို သုံးသပ်ပေးစေချင်ပါတယ်။
ခြုံငုံပြီးပြောရရင်တော့ အာဆီယံဒေသမှာ အာမခံလုပ်ငန်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့တိုးတက်ကြီးထွားမှုအလားအလာ ရှိနေပါတယ်။ အာဆီယံဒေသကစီးပွားရေးအရ အတော်ကလေး သက်တမ်းနုသေးတဲ့ဒေသဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် ၂၀ ကာလတစ်လျှောက်မှာ ဒီဒေသအနေနဲ့အတော်ကောင်းမွန်တဲ့ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒါအပြင် အာဆီယံနိုင်ငံအားလုံးမှာ လူလတ်တန်းစားကဏ္ဍတိုးတက်မှုနှုန်း မြန်ဆန်လာနေပါတယ်။ နောက်တစ်ချက်ကတော့ အာဆီယံနိုင်ငံတွေမှာ အာမခံဝယ်ယူမှုနှုန်း (Insurance Penetration) က ဥရောပနဲ့အမေရိကန်တို့လို ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အင်မတန်နည်းနေပါသေးတယ်။ ဒါကြောင့် GDP တိုးတက်လာမှု၊ လူလတ်တန်းစားတိုးပွားလာမှုနဲ့ အာမခံဝယ်ယူမှုနှုန်းနည်းနေသေးမှု (Low Penetration) ဆိုတဲ့ အချက်သုံးချက်ကြောင့် အာမခံလုပ်ငန်းကဏ္ဍအတွက် ကြီးမားတဲ့အခွင့်အလမ်း ရှိနေပါတယ်။အသက်အာမခံက ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်သလဲဆိုတာကို သိချင်ပါတယ်။
အသက်အာမခံ (Life Insurance) က ရေရှည်ဘဏ္ဍာရေးစီမံကိန်းချမှတ်ရာမှာ အင်မတန်အရေးပါပါတယ်။ တကယ်တော့ အသက်အာမခံက လူတစ်ဦးချင်းစီကိုရောမိသားစုတွေကိုပါ သက်ရှိထင်ရှားရှိစဉ်ကာလမှာ ရရှိမယ့်အကျိုးကျေးဇူး (Living Benefits)နဲ့ သေဆုံးတဲ့အခါရရှိမယ့်အကျိုးကျေးဇူး (Death Benefits) ဆိုပြီး ထောက်ပံ့ပေးပါတယ်။ Living Benefits ဆိုတာက ကိုယ်အသက်ရှင်နေတုန်းမှာရရှိနိုင်မယ့် အကျိုးကျေးဇူးတွေဖြစ်ပြီး တကယ်လို့ အာမခံကိုဝယ်ယူထားတယ်ဆိုရင် နေမကောင်းဖြစ်လို့ ဆေးရုံတက်တဲ့အခါမျိုး၊ ဆေးကုရတဲ့အခါမျိုးမှာ ဆေးကုသစရိတ်ကို ကိုယ့်ရဲ့ကျန်းမာရေးအာမခံ အစီအစဉ်မှာပါဝင်တဲ့အတိုင်း အာမခံကြေးကို Claim လို့ရပါတယ်။ လိုအပ်တဲ့အချိန်ကာလမှာ ကာကွယ်မှုပေးသလိုပဲ ရေရှည်ငွေကြေးစုဆောင်းမှုဆိုင်ရာ အာမခံအမျိုးအစားတွေလည်းရှိပါတယ်။ အသက်အာမခံဆိုတာကတော့ အာမခံပေါ်လစီဝယ်ယူထားသူဟာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုရောက်ရင် အာမခံကြေးကိုတစ်လုံးတစ်ခဲတည်းရရှိနိုင်ပါတယ်။ Death Benefits ဆိုတာက လူတစ်ယောက်က မတော်တဆသေဆုံးသွားတဲ့အခါမျိုးမှာ အသက်ရှင်ကျန်ရစ်တဲ့ မိသားစုတွေက အာမခံကြေးရရှိတာမျိုးဖြစ်တယ်။ ဒါကြောင့်အသက်အာမခံဟာ ဘဝအခြေအနေအမျိုးမျိုးမှာ ရေရှည်ကာကွယ်ထောက်ပံ့မှုကိုပေးပြီး Living Benefits နဲ့ Death Benefits ဆိုပြီး အဓိကအပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။Prudential အနေနဲ့ နှစ်ပေါင်း ၁၆၇ နှစ်တိုင် အောင်မြင်စွာရပ်တည်နိုင်တာ ဘာကြောင့်ပါလဲ။
Prudential ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၁၆၇ နှစ်အတွင်းမှာ ကောင်းမွန်တဲ့စွမ်းဆောင်မှုဆိုင်ရာ ခိုင်မာတဲ့မှတ်တမ်းရှိထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့ရဲ့အာမခံလုပ်ငန်းမှာ တစ်သတမတ်တည်းဖြစ်တဲ့နည်းဗျူဟာ၊ လုပ်ငန်းဆောင်ရွက်မှုအပေါ်မှာ လေးနက်တဲ့အာရုံစူးစိုက်မှုနဲ့ စည်းစနစ်ပြည့်ဝတဲ့ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) စတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက် (Vision) ကတော့ ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဈေးကွက်တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ဖောက်သည်တွေကိုဘဏ္ဍာရေးဆိုင်ရာကာကွယ်ထောက်ပံ့မှုပေးဖို့နဲ့ လုံခြုံတဲ့အနာဂတ် တစ်ခုအတွက် စီမံကိန်းချရမှာ အကူအညီပေးဖို့ဖြစ်ပါတယ်။ ဈေးကွက်သစ်တွေချဲ့ထွင်ရင်းနဲ့ အာမခံလုပ်ငန်းနယ်ပယ်နဲ့ ပိုမိုကျယ်ပြန့်တဲ့ လူထုအသိုင်းအဝိုင်းရဲ့အကျိုးကျေးဇူးအတွက် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို အကောင်းဆုံးအသုံးချသွားမှာပါ။ ကျွန်တော်တို့ကုမ္ပဏီအောင်မြင်မှုရဲ့ အဓိကသော့ချက်ကို Prudential ဆိုတဲ့ ကုမ္ပဏီနာမည်က ထင်ဟပ်ဖော်ပြနေပါတယ်။ အနာဂတ်အတွက် အလေးထားဂရုစိုက်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယုံကြည်အားထားရလောက်တဲ့ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှု (Risk Management) ကိုလည်း အလေးထားဆောင်ရွက်ပါတယ်။ Prudential အနေနဲ့ နှစ်ပေါင်း ၁၆၇ နှစ်အတွင်းမှာ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ဘဏ္ဍာရေးအကျပ်အတည်းပေါင်းများစွာကို ကျော်လွှားရှင်သန်နိုင်ခဲ့တဲ့ အကြောင်းအရင်းကတော့လူထုအသိုင်းအဝိုင်းအတွက် အသက်အာမခံလုပ်ငန်းနဲ့ ကျန်းမာရေး အာမခံလုပ်ငန်းရဲ့ ပင်ကိုတန်ဖိုးအပေါ်မှာ ခိုင်မာတဲ့ယုံကြည်မှုရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Risk Management ကို ကောင်းမွန်တဲ့ကုမ္ပဏီစီမံအုပ်ချုပ်မှုနဲ့ (Good Corporate Governance) စည်းစနစ်ပြည့်ဝတဲ့လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပံ့ပိုးထားပါတယ်။အင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့လို ထွန်းသစ်စဈေးကွက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း ကြီးထွားလာနိုင်မယ့်အလားအလာကို သုံးသပ်ပေးစေချင်ပါတယ်။
မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့တိုးတက်မှုအခွင့်အလမ်းတွေရှိနေပါတယ်။ ဗီယက်နမ်နဲ့အင်ဒိုနီးရှားတို့ရဲ့ အခြေအနေတွေကလည်း ပြီးခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်တုန်းက မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပုံစံအတူတူပါပဲ။ အဲဒီနိုင်ငံတွေဟာ ကောင်းမွန်တဲ့မူဝါဒစည်းမျဉ်းတွေကြောင့်နဲ့ စဉ်ဆက်မပြတ်စားသုံးသူအသိပညာပေးဆိုင်ရာ အစီအစဉ်တွေကနေတစ်ဆင့် အာမခံဝယ်ယူမှုကနေရရှိမယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီး ပိုမိုနားလည်သိရှိလာတဲ့အတွက်ကြောင့် ဒီကနေ့အခြေအနေထိတိုးတက်လာခဲ့တာဖြစ်တယ်။ Prudential ဟာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့မှာ ဈေးကွက်ဦးဆောင်အာမခံကုမ္ပဏီဖြစ်ပြီး အဲဒီကရတဲ့အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုကိုအသုံးချပြီး မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်းကဏ္ဍမှာလည်း အလားတူလုပ်ဆောင်နိုင်မယ်လို့ မျော်လင့်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အင်ဒိုနီးရှားမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစတင်ခဲ့ပြီး Prudential ရဲ့အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေကိုပါ ယူဆောင်လာခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ကုမ္ပဏီနဲ့အတူ အာမခံလုပ်ငန်းနယ်ပယ်ရော Customer တွေပါ ကြီး ထွားတိုးတက်မှုရလဒ်ကို ခံစားလာရပါတယ်။ထွန်းသစ်စဈေးကွက်နိုင်ငံတွေမှာ အာမခံလုပ်ငန်းကြီးထွားလာဖို့ဆောင်ရွက်ရာမှာ အဓိကစိန်ခေါ်မှုကဘာပါလဲ။
ထွန်းသစ်စနိုင်ငံတွေမှာ အာမခံလုပ်ငန်းကြီးထွားလာဖို့ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ အသက်အာမခံနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို အသိပညာမြှင့်တင်ပေးတာနဲ့ ကောင်းကောင်းနားလည် သဘောပေါက်အောင် ဆောင်ရွက်ရတဲ့အပိုင်းဖြစ်တယ်။ လူတွေရဲ့စိတ်ထဲမှာ အဓိကအလေးထားတာက အာမခံမဟုတ်ဘဲ အစားအစာကိုအဓိကထားကြတယ်။ တကယ်လို့ဒီလူတွေက ပိုပြီးကြွယ်ဝလာတဲ့အခါကျရင် ငွေကြေးစုဆောင်းလာကြမှာဖြစ်ပြီး အာမခံအပါအဝင်ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို လိုအပ်လာမှာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကျတော့ အာမခံလုပ်ငန်းက စတင်ခါစပဲရှိသေးတဲ့အတွက် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အာမခံနဲ့ပတ်သက်တဲ့ အသိပညာပိုင်းမှာ အားနည်းနေသေးတယ်။ အာမခံနဲ့ပတ်သက်ပြီး ပြည်သူတွေပဲသိသင့်တာမဟုတ်ဘဲ အစိုးရအဖွဲ့အစည်းတွေနဲ့ လူထုအဖွဲ့ အစည်းတွေကပါ အာမခံရဲ့တန်ဖိုးကို အပြည့်အဝနားလည်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ ဘဏ်လုပ်ငန်းကဏ္ဍကို အဓိကအာရုံစိုက်လုပ်ကိုင်ခဲ့ပြီး Stock Exchange အကောင်အထည်ဖော်မှုကလည်း ပိုပြီးအာရုံစိုက်ခံလာရပြီဖြစ်တယ်။ နောက်ပြီး အလယ်အလတ်ကာလကနေရေရှည်အထိ စီးပွားရေးဆိုင်ရာအာရုံစိုက်အလေးထားမှုကြောင့် အာမခံလုပ်ငန်းဟာဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ရဲ့ အရေးပါ တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အာမခံလုပ်ငန်းက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန်အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ အကြောင်းကတော့ ပြည်တွင်းမှာငွေကြေးစုဆောင်းမှုတွေကို အမြောက်အမြားဖြစ်စေ၊ အနည်း ငယ်ဖြစ်စေလည်ပတ်စီးဆင်းမှုဖြစ်ပေါ်စေပြီး နိုင်ငံရဲ့အရင်းအနှီးဈေးကွက်နဲ့ ဆေးရုံတွေ၊ လမ်းတွေ၊ လျပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်တာမျိုးလို အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအနေနဲ့ စုပေါင်းဖြစ်ပေါ် စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကအပြန်အလှန်အနေနဲ့ လူတွေရဲ့ဘဝကိုတိုးတက်စေပါတယ်။ လူတစ်ဦးချင်းစီနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ကောင်းကျိုးအတွက် ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရကဏ္ဍပူးပေါင်းပြီး လူထုကိုအာမခံရဲ့တန်ဖိုးနဲ့ ပတ်သက်ပြီး အသိပညာပေးတာမျိုးဆောင်ရွက်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအနေအထားအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကိုတွေ့ရပါတယ်။ ဒီထက်မက လုပ်ဆောင်နိုင်တဲ့ကိစ္စတွေလည်း အများကြီးရှိနေပါတယ်။ Prudential အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအတတ်ပညာ (Financial Literacy) နဲ့ စွမ်းရည်မြှင့်တင်မှု (Capacity Building) ကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတွေ (Regulators) ၊ အစိုးရအရာရှိတွေအပါအဝင် ပြည်တွင်းအာမခံလုပ်ငန်းကဏ္ဍနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေအားဖြင့် ဒီကဏ္ဍတွေကို အလေးထားဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေအတွက်ရော၊ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ရော အစိုးရအတွက်ပါရေရှည်တည်တံ့တဲ့ အကျိုးကျေးဇူးတွေဖြစ်ထွန်းလာမှာပါ။ Prudence Foundation က ကလေးသူငယ်၊ ပညာရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်ပြင်ဆင်မှုနဲ့ ပြန်လည်ထူထောင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးခုအပေါ်မှာ အလေးထားဆောင်ရွက်တယ်လို့သိရပါတယ်။ Prudence Foundation အနေနဲ့ မြန်မာနိုင်ငံမှာဘယ်လိုအစီအစဉ်တွေ ဆောင်ရွက်သွားဖို့ရှိပါသလဲ။ ကလေးတွေဟာ နိုင်ငံတိုင်းရဲ့အနာဂတ်ခေါင်းဆောင်တွေဆိုတာကို ကျွန်တော်တို့အနေနဲ့ ယုံကြည်ထားတာကြောင့် ကလေးတွေအနေနဲ့ တကယ်လိုအပ်တဲ့ ဘဝကျွမ်းကျင်မှုအရည်အသွေးတွေကို ငယ်စဉ်အချိန်ကတည်းကသင်ယူနိုင်ဖို့က ကျွန်တော်တို့အတွက်အရေးပါပါတယ်။ ဆုရရှိထားတဲ့ဘဏ္ဍာရေးဆိုင်ရာ ပညာပေးရုပ်သံအစီအစဉ် Cha-Ching ကို ပြည်တွင်းရုပ်သံလိုင်းတွေမှာ ပြသနေပြီဖြစ်တယ်။ ကလေးတွေအနေနဲ့ 'ရှာဖွေ၊ စုဆောင်း၊ သုံးစွဲ၊ လှူဒါန်း' ဆိုတဲ့ ငွေကြေးဆိုင်ရာ အခြေခံသဘောတရားတွေကို ကာတွန်းဇာတ်ကောင်တွေပါဝင်တဲ့ ဂီတဗီဒီယိုတွေကိုကြည့်ပြီး ပျော်ပျော်ရွှင်ရွှင် လွယ်လွယ်ကူကူနဲ့ သင်ယူလေ့လာနိုင်ပါတယ်။ Cha-Ching ဟာ Prudence Foundation ရဲ့ အဓိကလှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး အာရှဈေးကွက်ရှစ်ခုမှာထုတ်လွှင့်နေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း MRTV-4 နဲ့ Channel-7 ရုပ်သံလိုင်းတွေမှာ ဒီအစီအစဉ်ကို စတင်ထုတ်လွှင့်နေပါပြီ။Prudential ရဲ့ မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ အနာဂတ်အစီအစဉ်တွေကို သိချင်ပါတယ်။
မြန်မာနိုင်ငံရဲ့အသက်အာမခံလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးမှာ ပါဝင်ကူညီနိုင်ဖို့အတွက် ဈေးကွက်ဦးဆောင် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Prudential အနေနဲ့ပြင်ဆင်ထားပြီးပါပြီ။ ဒီမှာရှိတဲ့ Regulators တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်ကျော်နဲ့ ၁၉၆၀ မှာ Prudential က မြန်မာနိုင်ငံကိုဝင်လာခဲ့ဖူးပါတယ်။ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းကဏ္ဍရဲ့ ရေရှည်ကြီးထွားနိုင်တဲ့အလားအလာအပေါ်မှာ ယုံကြည်မှုအများကြီးရှိပါတယ်။နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အာမခံလုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှု ဘယ်လိုဆက်စပ်ပတ်သက်ပါသလဲ။
အာမခံလုပ်ငန်းကဏ္ဍဟာ နိုင်ငံတိုင်းမှာအင်မတန်အရေးပါတဲ့ စီးပွားရေးမဏ္ဍိုင်တစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ထွန်းသစ်စနိုင်ငံတွေမှာ အဓိကလုပ်ငန်းကဏ္ဍ (Core Industries) တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်ပေးတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ဥပမာအနေနဲ့ အဲဒီလုပ်ငန်းကဏ္ဍတွေထဲမှာ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေ ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းကဏ္ဍတွေသာ ကောင်းကောင်းစွမ်းဆောင်နိုင်မယ်ဆိုရင် ဒီကဏ္ဍတွေကိုအမှီပြုပြီး အကျိုးဖြစ်ထွန်းလာနိုင်တဲ့ တခြားလုပ်ငန်းကဏ္ဍတွေအပေါ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက် မှုရှိလာနိုင်ပါတယ်။ ဥပမာ - ကောင်းမွန်တဲ့ဘဏ်လုပ်ငန်းစနစ်နဲ့ အာမခံလုပ်ငန်း၊ ကောင်းမွန်တဲ့အခြေခံအဆောက်အအုံနဲ့ ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်တွေ မရှိတဲ့နိုင်ငံမှာနိုင်ငံခြား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့မလွယ်ကူပါဘူး။ Prudential အနေနဲ့ အစိုးရရဲ့အားထုတ်ဆောင်ရွက်မှုတွေကို ပံ့ပိုးသွားမှာဖြစ်ပြီး နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီသွားမှာပါ။ အထူးသဖြင့် အာမခံလုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီးပြောရရင် မြန်မာနိုင်ငံကိုဝင်လာတဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပထမဆုံးမေးနိုင်တဲ့ မေးခွန်းကတော့ အလုပ်ရှင်ရောဝန်ထမ်းတွေပါ စိတ်ချမ်းသာဖို့အတွက် အဓိကလိုအပ်တဲ့ဝန်ထမ်းတွေအတွက် အသက်အာမခံဘယ်လိုရနိုင်မလဲဆိုတဲ့ မေးခွန်းပဲဖြစ်တယ်။ လက်ရှိအချိန်မှာတော့ ဒီမေးခွန်းကိုဖြေဖို့ စိန်ခေါ်မှုရှိနေဆဲပါပဲ။ နောက်ဥပမာတစ်ခုကတော့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ဒီမှာစက်ရုံဆောက်ချင်တယ်ဆိုရင် အဲဒီစက်ရုံကိုအာမခံဘယ်လိုထားလို့ ရနိုင်မလဲဆိုတာကို စဉ်းစားမှာပဲဖြစ်တယ်။ နောက်ထပ်စိန်ခေါ်မှုကတော့ အာမခံထားလို့ရနိုင်ပေမဲ့ ဈေးကကြီးနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာပဲဖြစ်တယ်။ ဒါကြောင့်နောက်ထပ်ရင်းနှီးမြှုပ်နှံသူတွေဝင်မလာခင်မှာ ဒါတွေကို ဖြေရှင်းဆောင်ရွက်ဖို့လိုပါတယ်။ဖြည့်စွက်ပြောချင်တာရှိရင်...
အာရှမှာ ကျွန်တော်တို့ရဲ့ကြာရှည်ခဲ့ပြီဖြစ်တဲ့ လုပ်ငန်းလုပ်ကိုင်မှုသမိုင်းကြောင်းနဲ့အတူ မြန်မာနိုင်ငံသားတွေအတွက် ဘဏ္ဍာရေးကာကွယ်မှုနဲ့ ရေရှည်စုဆောင်းမှုတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းပြင်ဆင်ထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးသွားမှာဖြစ်ပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ ဘဏ္ဍာရေးအနာဂတ်ကိုတည်ဆောက်နိုင်ဖို့ အကူအညီပေးသွားမှာပါ။ ဒါဟာ ကျွန်တော်တို့ကုမ္ပဏီအတွက်ရော မြန်မာနိုင်ငံအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် Win-Win Situation လို့ ပြောနိုင်ပါတယ်။
ငြိမ်းသော်ထူး